- အပစ်ရပ်သက်တမ်းတိုးမြှင့်ခြင်းကို စစ်ကောင်စီ အခွင့်ကောင်းယူနေဟု TNLA ပြော
- ကျောက်ဖြူမြို့ရှိ ခလရ (၃၄) တပ်ရင်းထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲ
- စစ်တပ်အကြံ အောင်ပွဲခံမည်လား
- တော်လှန်ရေးတပ်များ လှုပ်ရှားစိုးမိုးမှုအောက်က မြန်မာအရှေ့တောင်ပိုင်းဒေသ
- ၃၄၄ အမြောက်တပ် တိုက်ခိုက်ခံရပြီးနောက် ရေကြည်တွင် စစ်ကောင်စီ အထိုင်ချခံစစ်ပြင်ထား
အပစ်ရပ်သက်တမ်းတိုးမြှင့်ခြင်းကို စစ်ကောင်စီ အခွင့်ကောင်းယူနေဟု TNLA ပြော
တိုက်ပွဲအတွင်းလည်း စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းအပြင် နိုင်ငံတကာမှ တားမြစ်ထားသည့် အဆိပ်ငွေ့ဗုံးများကိုပါ အသုံးပြုတိုက်ခိုက်နေကြောင်း TNLA ထုတ်ပြန်ချက်က ဖော်ပြသည်။
16 Jun 2025

DMG ၊ ဇွန် ၁၆
ညီနောင်သုံးဖွဲ့က ငလျင်အပစ်ရပ်သက်တမ်းတိုးမြှင့်ထားခြင်းကို စစ်ကောင်စီက အခွင့်ကောင်းယူပြီး အဆက်မပြတ် ထိုးစစ်ဆင်နေသဖြင့် နောင်ချိုမြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေကြောင်း တအာင်းတပ် (TNLA) က ထုတ်ပြန်သည်။
တိုက်ပွဲအတွင်းလည်း စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းအပြင် နိုင်ငံတကာမှ တားမြစ်ထားသည့် အဆိပ်ငွေ့ဗုံးများကိုပါ အသုံးပြုတိုက်ခိုက်နေကြောင်း ယမန်နေ့ TNLA ထုတ်ပြန်ချက်က ဖော်ပြသည်။
ဇွန်လ ၁၅ ရက်က နောင်ချိုမြိုနယ်၊ အုမ္မတီး၊ ရေမောင်းတန်းနှင့် လက်ပန်ကုန်းကျေးရွာတိုက်ပွဲတို့တွင် စစ်ကောင်စီက လက်နက်ကြီး ၃ လုံး၊ ဒရုန်းဖြင့် အဆိပ်ငွေ့ ဗုံး (၃၇) လုံး၊ ဗုံး (၃၅) လုံးတို့ ကြဲချတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
တစ်ဆက်တည်းတွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများကိုပါ ဗုံးကြဲနေပြီး ယမန်နေ့က ရွှေညောင်ပင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ်သည်ဟု TNLA က ဆိုသည်။
ဇွန်လ ၁၄ ရက်ကလည်း နောင်ချိုမြို့နယ်၊ ရွှေသွန်း၊ ပိန္နဲကုန်း၊ သရက်ကုန်းနှင့် လက်ပန်ကုန်းတိုက်ပွဲတွင် စစ်ကောင်စီက လက်နက်ကြီး အလုံး ၈၀ နှင့် ဒရုန်းဖြင့် ဗုံး ၂၆ လုံးပစ်ကူခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
"စစ်ကောင်စီက မြေပြင်မှာ အရေးနိမ့်တိုင်း လေကြောင်းတိုက်ခိုက်မှုလုပ်တာ၊ ဓာတုအဆိပ်ဗုံးတွေ သုံးလာတာက အလေ့အထ တစ်ခုလို ဖြစ်နေပြီ။ နောင်ချိုဒေသက ရှမ်းမြောက်နဲ့ ရှမ်းတောင်ဒေသအတွက် တံခါးပေါက်တစ်ခုလို ဖြစ်နေတယ်။ စစ်ကောင်စီအတွက် နောင်ချိုကိုသာ ရမယ်ဆိုရင် ပြင်ဦးလွင်ကိုလည်း ထိန်းချုပ်ထားနိုင်သလို မိုးကုတ်တို့ဖက်ကိုလည်း စစ်ကြောင်းထိုး တိုက်ခိုက်လို့ရတဲ့ အနေအထားရှိတယ်" ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
တစ်ဖက်တွင် နောင်ချိုသည် TNLA အတွက်လည်း စစ်ရေးဗျူဟာအရ လွန်စွာအရေးသည်။ လက်ရှိ TNLA က ခံစစ်အဖြစ်သာ ခုခံနေသော်လည်း နောင်ချိုဒေသကို လက်လွှတ်ရန် အခြေအနေမရှိသဖြင့် တိုက်ပွဲပြင်းထန်မည်ဟု လေ့လာသူများက သုံးသပ်နေကြသည်။
လက်ရှိ တိုက်ပွဲများကြောင့် နောင်ချိုမြို့ခံအပါအဝင် တိုက်ပွဲဖြစ်ပွားရာ နေရာရှိ ကျေးရွာများမှ ဒေသခံ သောင်းနှင့်ချီမှာ ဘေးလွတ်ရာသို့ စစ်ဘေးတိမ်းရှောင်နေကြရသည်။
တရုတ်ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် TNLA တပ်တို့ကြား တွေ့ဆုံဆွေးနွေးမှုများရှိသော်လည်း ရလဒ်မထွက်ဘဲ ပြီးဆုံးခဲ့သည်။ တစ်ဖက်မှာ TNLA အနေဖြင့် တရုတ်၏ ဖိအားများကြောင့် ထိုးစစ်များကို ရပ်တန့်ထားရသည်။
စစ်ကောင်စီသည် ထိုအခြေအနေများကို အခွင့်ကောင်းရယူပြီး TNLA ထိန်းချုပ်ရာနောင်ချိုဒေသသို့ ဦးတည်ကာ မြေပြင် စစ်အင်အားအလုံးအရင်းအပြင် လေကြောင်းပစ်ကူများဖြင့် အကြီးအကျယ်ထိုးစစ်ဆင်ကာ နောင်ချိုကို ပြန်ရရေး ကြိုးပမ်းနေသည်။
"တရုတ်ဖိအားက TNLA အတွက် ကြီးမားတဲ့စိန်ခေါ်မှု ဖြစ်နေရတယ်။ ဒီအခြေအနေမှာ ရုန်းဖို့ ခက်တယ်။ ဒါက စစ်ကောင်စီအတွက် မဟာအခွင့်အရေးတစ်ရပ်ဖြစ်လာတယ်။ အခု TNLA က နယ်မြေတချို့ လက်လွှတ်နေရတယ်။ ဒါပေမဲ့ အလုံးစုံထိတော့ TNLA ကလည်း သည်းခံမှာ မဟုတ်ဘူး။ သူက အချိန်တစ်ခုကို စောင့်ဆိုင်းနေပုံရတယ်" ဟု စစ်ရေး၊ နိုင်ငံရေးလ့လာသုံးသပ်သူတစ်ဦးက ရှုမြင်သည်။
စစ်ကိုင်းငလျင်ကြောင့် TNLA အပါအဝင် ညီနောင်သုံးဖွဲ့က ယာယီအပစ်ရပ်ကာလ တိုးမြှင့်ထားသည်မှာ သုံးကြိမ်အထိ ရှိခဲ့ပြီဖြစ်သည်။ ဒုတိယအကြိမ်အပစ်ရပ်ကာလ သက်တမ်းတိုးမှုကုန်ဆုံးလျှင် ထိုးစစ်စတင်မည်ဟု TNLA ထုတ်ဖော်ခဲ့သော်လည်း ဇွန်လ ကုန်ထိ ထပ်မံသက်တမ်းတိုးမြှင့်ခဲ့သည်။
ညီနောင်သုံးဖွဲ့အနေဖြင့် ယခုအပစ်ရပ်သက်တမ်းကုန်ဆုံးပါက ထပ်မံသက်တမ်းတိုးမြှင့်မည့် အခြေအနေ နည်းပါးပြီး ထိုသို့ အပစ်ရပ်သက်တမ်းမတိုးလျှင် TNLA ၏ ထိုးစစ်ဆင်များနှင့်အတူ တိုက်ပွဲအရှိန်မြင့်လာနိုင်ကြောင်း အကဲခတ်သူတို့က သုံးသပ်ထားကြသည်။