စစ်ကောင်စီ ထိုးစစ်ကြောင့် နောင်ချိုက ထိန်းချုပ်နယ်မြေအချို့ TNLA လက်လွှတ်နေရ

စစ်ကောင်စီက လေကြောင်းအပြင် မြေပြင်စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေ၍ နောင်ချိုမြို့နယ်က TNLA ထိန်းချုပ်နယ်မြေအချို့ လက်လွှတ်ခံနေရသည်။

By Admin 29 May 2025

၁၀၂၇ ဒုတိယလှိုင်းအတွင်း ရှေ့တန်းနယ်မြေ၌ တွေ့ရသည့် TNLA တပ်သားများ။ ဓာတ်ပုံ - TNLA
၁၀၂၇ ဒုတိယလှိုင်းအတွင်း ရှေ့တန်းနယ်မြေ၌ တွေ့ရသည့် TNLA တပ်သားများ။ ဓာတ်ပုံ - TNLA

DMG ၊ မေ ၂၉

စစ်ကောင်စီက လေကြောင်းအပြင် မြေပြင်စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေ၍ နောင်ချိုမြို့နယ်က TNLA ထိန်းချုပ်နယ်မြေအချို့ လက်လွှတ်ခံနေရကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ယမန်နေ့ မေလ ၂၈ ရက်ကလည်း စစ်ကောင်စီက အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့၍ နောင်ချိုမြို့နယ်၊ ရွှေမုဌောရွာကို လက်လွှတ်ခဲ့ရကြောင်း TNLA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

"အင်အားအများအပြားနဲ့ ဒရုန်းတွေ အဆမတန် သုံးပြီး ပြန်လာတိုက်တာကြောင့် လက်လွှတ်လိုက်ရတယ်လို့ သိရတယ်။ မနေ့က ရွှေမုဌောရွာကိုတော့ စစ်ကောင်စီဘက်က ပြန်ရသွားတဲ့ အခြေအနေပေါ့" ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

မေလ ၂၀ ရက်ကလည်း နောင်ချိုမြို့နှင့် ၁၇ မိုင်အကွာရှိ စစ်ရေးအရအရေးပါသည့် သရက်ချိုရွာကို စစ်ကောင်စီက လေကြောင်း၊ မြေပြင်ကနေ အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင်ကာ သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

လက်ရှိ စစ်ကောင်စီက အင်းဖိုး၊ ယာပြင်၊ မက်မန်းတော၊ တောင်ခမ်း ကျေးရွာတို့ကို ဆက်လက် ထိုးစစ်ဆင်နေပြီး တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။

TNLA က BPLA၊ MDY PDF အပြင် နယ်မြေခံ PDF တပ်များနှင့် ပူးပေါင်းကာ ခုခံတိုက်ခိုက်လျက်ရှိသည်။

တအာင်းတပ် TNLA သည် တရုတ်ဖိအားကြောင့် ထိုးစစ်များကို ရပ်၍ ခုခံစစ်သာ ဆင်နွှဲမည်ဟု ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင် ကြေညာခဲ့သည်။

ယင်းအပြင် စစ်ကိုင်းငလျင် ပြန်လည်ထူထောင်ရေးလုပ်နိုင်ရန်အတွက်လည်း TNLA အပါအဝင် ညီနောင်သုံးဖွဲ့က အပစ်ရပ်ကာလကို မေလ ၃၁ ရက်ထိ သက်တမ်းတိုးမြှင့်ထားသည်။

စစ်ကောင်စီသည် TNLA ယာယီအပစ်ရပ်ခြင်းနှင့် တရုတ်ဖိအားကြောင့် ထိုးစစ်ရပ်ထားမှုကို အခွင့်ကောင်းယူကာ အင်အားအလွန်သုံးကာ TNLA ထိန်းချုပ်နယ်မြေထဲဝင်ပြီး ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

အပစ်ရပ်သက်တမ်းကုန်ဆုံးလျှင် ထိုးစစ်များ ပြန်လည်စတင်မည်ဟု TNLA ဘက်က ပထမဆုံးအကြိမ် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများကို ပြောကြားခဲ့သည်။

"TNLA ကတော့ တရုတ်ဖိအားကြောင့် စစ်ကောင်စီထိုးစစ်ကို အပစ်ရပ်ကာလအထိတော့ တောင့်ခံရအုံးမယ်။ အပစ်ရပ်ကာလပြီးသွားရင်တော့ မြန်မာနိုင်ငံအလယ်ပိုင်းကို ရှမ်းမြောက်ဖက်က စုံဆင်းလာမယ်ထင်တယ်။ မန္တလေး PDF တို့နဲ့ ခိုင်မာတဲ့ ဆက်ဆံရေးရှိတော့ မန္တလေးတိုင်းထဲမှာ စစ်ရေးဖော်ဆောင်ဖို့ များတယ်။ တကယ်လို့ တရုတ်ကြားဝင်လို့ အပစ်ရပ် သဘောမတူရင် တိုက်ပွဲတွေက ပိုပြင်းလာဖို့ရှိတယ်" ဟု စစ်ရေး၊ နိုင်ငံရေး လေ့လာသူတစ်ဦးက သုံးသပ်သည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကာလ ၂၀၂၄ ဇွန်လတွင် TNLA ပူးပေါင်းတပ်ဖွဲ့များက နောင်ချိုမြို့ကို အပြည့်အ၀ သိမ်းပိုက်ခဲ့ပြီး ဩဂုတ်လတွင် မြို့နှင့် မိုင် ၂၀ အကွာတွင်ရှိသည့် တောင်းခမ်းအခြေ စိုက် အမတ - ၄၀၆ အမတ ၂၀၆ တို့ကိုပါ သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။

လက်ရှိ TNLA သည် ရှမ်းပြည်နှင့် မန္တလေးတိုင်းမှ မြို့နယ် ၁၂ ခုအထိ သိမ်းပိုက်ထိန်းချုပ်ထားသည်။ တရုတ်၏ ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သော်လည်း ရလဒ်မထွက်ဘဲ ပြီးဆုံးသွားခဲ့သည်။ သို့သော် လာမည့် ဩဂုတ်လတွင် ထပ်မံတွေ့ဆုံဆွေးနွေးရန်ရှိနေသေးသည်။