အမ်းမြို့နယ်တွင် မြန်မာစစ်တပ်နှင့် AAတို့ တိုက်ပွဲနှစ်နေရာဖြစ်ပွားခဲ့

မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့သည် ယမန်နေ့(နိုဝင်ဘာလ ၈ ရက်နေ့)က အမ်းမြို့နယ်အတွင်းတွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သောကြောင့် ဒေသခံရာနှင့်ချီထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

By Admin 09 Nov 2022

အမ်းမြို့နယ်တွင် မြန်မာစစ်တပ်နှင့် AAတို့ တိုက်ပွဲနှစ်နေရာဖြစ်ပွားခဲ့

DMG | နိုဝင်ဘာ၊ ၉

မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့သည် ယမန်နေ့(နိုဝင်ဘာလ ၈ ရက်နေ့)က အမ်းမြို့နယ်အတွင်းတွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သောကြောင့် ဒေသခံရာနှင့်ချီထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

ရှောက်ခြုံကျေးရွာ အနီးတွင် မွန်းလွဲ( ၁၂) နာရီကပင်တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ယင်းအနီးရှိ အုန်းတည်ချောင်းရွာ၊ ဖရုံချောင်းရွာ စသည့် ကျေးရွာ (၃)ရွာ မှ ဒေသခံများမှာ ကမ်းထောင့်ကြီးမြို့ သို ထွက်ပြေး ခိုလုံနေကြရကြောင်း ထွက်ပြေးခိုလှုံနေရသူတစ်ဦးက ဆိုသည်။

"ဖြစ်တာက  ၁၂ နာရီလောက်မှာ ဖြစ်တာ။ ၂ နာရီကြာကြာလောက် ဖြစ်ခဲ့တယ်။ အပြန်အလှန်ပစ်ခတ်ကြတာပေါ့ ။ အဲဒါ နဲ့ ကျနော်တို့လည်း မနေရဲလို့ ကမ်းထောင့်ကြီးကို ထွက်ပြေးလာကြတယ်။ပြည်သူတွေ ထိခိုက်တာတော့ မရှိဘူး"ဟု သူကဆိုသည်။

ထို့ပြင် ဟင်းရွက်ကျေးရွာနှင့် တစ်မိုင်ကျော်ခန့်ဝေးကွာသည့် နေရာတွင် မြန်မာစစ်တပ်၏ယာဥ်တန်းကို ဖြတ်တိုက်ရာမှ ညနေ ၃ နာရီမှ ညနေ ၆ နာရီအထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

"မြန်မာစစ်တပ်ဖက်က တက်တဲ့ကားကို ဖြတ်တိုက်တာလို့တော့ သိရတယ်။ ထိခိုက် သေဆုံးမှု အခြေအနေ ကို မသိဘူး။ အခု ကျနော်တို့ ရွာသားတွေ ကြောက်ပြီး ဘုန်းကြီး ကျောင်းမှာ စုနေကြတယ်"ဟုသူကဆိုသည်။

ဟင်းရွက်ကျေးရွာတွင် အိမ်ခြေ (၉၀)ကျော်ရှိပြီး တစ်ချို့ ဒေသခံများ မှာ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့်  နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်ဟု  နောက်ထပ်ဒေသခံ တစ်ဦးကဆိုသည်။

"အခုတော့ အေးအေးဆေးဆေးဖြစ်နေတယ်။ ဒါပေမဲ့ စိတ်ချလို့တော့ မရဘူးပေါ့။ အကြောက်တရားတွေ နဲ့ နေနေရတယ်။ မနေ့က ဖြစ်တော့ တစ်ချို့ဆို ရွာမှာ မနေတော့ဘူး၊ ထွက်သွားကြတယ်။တစ်ချို့ လူငယ်တွေဆိုလည်း ရှောင်တိမ်း နေကြရတယ်"ဟုသူကဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် မြန်မာစစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်း နှင့် ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဆက်သွယ်နေဆဲဖြစ်ပြီး လက်ရှိအချိန်ထိ ပြန် လည်ဖြေကြားခြင်းမရှိသေးပါ။

အဆိုပါ ဟင်းရွက်ကျေးရွာမှ အမျိုးသမီးတစ်ဦးကို ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက်နေ့ကလည်း  ရက္ခိုင့် တပ်တော် (AA) နှင့် ဆက်စပ်သည်ဟုဆိုကာ မြန်မာစစ်တပ်က ဖမ်းဆီးထားသည်။

မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့သည် သြဂုတ်လမှစတင်ကာ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာပြီး လက်ရှိတွင် ပလက်ဝ၊ကျောက်တော်၊ပုဏ္ဏားကျွန်း၊မင်းပြား၊ရသေ့တောင်၊မောင်တော၊ဘူးသီးတောင်စသည့် မြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

ပြီးခဲ့သည့် သြဂုတ်လကပင် စတင်ဖြစ်ပွားခဲ့သော တကျော့ပြန်တိုက်ပွဲကြောင့် ရခိုင်ပြည်တွင် အရပ်သား ၂၁ ဦး သေဆုံးကာ ဒဏ်ရာရရှိသူ ၇၀ ဦးအထိရှိကြောင်း DMG ကပြုစုထားသည့်စာရင်းအရ သိရသည်။

ဗီဒီယိုများ