- "စာနာမှုစင်္ကြံ" သည် လုပ်ကြံသတင်းသာဖြစ်ဟု ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် ပြော
- တရုတ်ဖိအားနှင့် AA ၏ ကျောက်ဖြူတိုက်ပွဲ
- ရခိုင်တွင် အခြေခံစားကုန်များ နှစ်ဆကျော် ဈေးတက်၊ လက်လုပ်လက်စားများ အခက်တွေ့
- ထိုင်းနယ်စပ်တကြောကို တောက်လျှောက်သိမ်းလာသည့် KNU ၏ တကျော့ပြန်တိုက်ပွဲ
- တာဝါကုန်းစခန်း AA သိမ်းပြီးနောက် နတ်ရေကန်တိုက်ပွဲ ပြင်းထန်လာ
ရခိုင်တွင် အခြေခံစားကုန်များ နှစ်ဆကျော် ဈေးတက်၊ လက်လုပ်လက်စားများ အခက်တွေ့
မိုးသည်းထန်စွာရွာသွန်းမှု၊ တောင်ပြိုကျခြင်း၊ ရေစီးကြမ်းတမ်းခြင်းစသည့် ရာသီဉတု အခြေအနေကြောင့် ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်နေပြီး ရခိုင်ပြည်တွင်း စားသောက်ကုန်အချို့မှာ ဈေးနှုန်း ၂ ဆကျော် မြင့်တက်သွားသည်။
07 Jun 2025

DMG ၊ ဇွန် ၇
မိုးသည်းထန်စွာရွာသွန်းမှု၊ တောင်ပြိုကျခြင်း၊ ရေစီးကြမ်းတမ်းခြင်းစသည့် ရာသီဉတု အခြေအနေကြောင့် ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်နေပြီး ရခိုင်ပြည်တွင်း စားသောက်ကုန်အချို့မှာ ဈေးနှုန်း ၂ ဆကျော် မြင့်တက်သွားသည်ဟု DMG က ကောက်ယူထားသည့် စာရင်းများအရ သိရသည်။
ဇွန်လ ၆ ရက်နေ့ စာရင်းအရ နေ့စဉ်စားကုန်များဖြစ်သော ကြက်သွန်၊ ငရုတ်သီး၊ ဆေးပေါ့လိပ်၊ စက်သုံးဆီ၊ ကွမ်းရွက်တို့မှာ သိသိသာသာမြင့် တက်သွားပြီး အခြားစားသောက်ကုန်စည်များမှာလည်း ဈေးနှုန်း ၅,၀၀၀ ကျပ်အထိ မြင့်တက်နေသည်။
မိုးတွင်းရာသီတွင် ကုန်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ဒေသခံ လက်လုပ်လက်စားများမှာ စားဝတ်နေရေး ပိုမိုကျပ်တည်းလာနေကြောင်း ပြောဆိုကြသည်။
“ အရင်တုန်းကဆိုရင် ကျပန်း နေ့စားလုပ်ပြီး မိသားစု ကျပ်ကျပ်တည်းတည်း စားသောက်လို့ရတယ်။ အခုအချိန်မှာတော့ မစားရတော့ဘူး။ လိုအပ်နေတဲ့ ငရုပ်သီး၊ ကြက်သွန်တို့ ဈေးနှုန်းထိုးတက်နေတော့ အခက်အခဲဖြစ်တယ်။ အလုပ်ကလည်း မရှိဘူး။ မိုးရာသီဆိုတော့ အလုပ်ရှားလာတယ် ” ဟု မြောက်ဦးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မေလ နောက်ဆုံးအပတ်က ကြက်သွန်နီ တစ်ပိဿာကို ငွေကျပ် ၉,၀၀၀ ရှိရာက ယခုအခါ ငွေကျပ် ၂၀,၀၀၀၊ ငရုတ်သီးစိမ်း တစ်ပိဿာကို ငွေကျပ် ၂၈,၀၀၀ မှ ၅၀,၀၀၀ ကျပ်နှင့် ကွမ်းရွက် တစ်ပိဿာကို ငွေကျပ် ၄,၀၀၀ မှ ၁၅,၀၀၀ ကျပ်အထိ မြင့်တက်သွားပြီး အခြားစားသုံးဆီအပါဝင် ကုန်စည်အချို့မှာလည်း ယခင်ကထက် ငွေကျပ် ၅,၀၀၀ ထိမြင့်တက်နေသည်။
ထိုသို့အခြေအနေများကြောင့် နိုင်ငံတကာနှင့် ဒေသတွင်း လူမှုကူညီရေးအသင်းအဖွဲ့များက အကူညီရရှိမှု နည်းပါးနေသည့် စစ်ဘေးရှောင်များမှာ စားဝတ်နေရေး ကျပ်တည်းမှုကို ပို၍ ကြုံတွေ့နေရကြောင်း ပြောဆိုကြသည်။
ရခိုင်ပြည်အတွက် အဓိကလိုအပ်သည့် စားသောက်ကုန်စည်၊ ဆေးဝါးနှင့် စက်သုံးဆီတို့ကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်က ပလက်ဝလမ်းကြောင်းနှင့် မကွေးတိုင်း၊ ဆောမြို့ကနေ မင်းတပ်-မတူပီ- ဆမီးတို့ဘက်က ကုန်သွယ်နေသည့် လမ်းကြောင်းမှာလည်း တောင်ပေါ်လမ်း မြေပြိုကျမှုများကြောင့် ကုန်သည်များမှာ လနှင့်ချီကြာ ပိတ်ဆို့နေကြသည်ဟု ကုန်သည်များထံက သိရသည်။
အိန္ဒိယရောက် ရခိုင်ကုန်သည် တစ်ဦးက “ အဓိကတော့ အိန္ဒိယဘက်က ကုန်စည်တွေ စီးဆင်းမှုမရှိတာကြောင့် ပစ္စည်းတွေ ပြတ်တောက်သွားပြီးတော့ ဈေးနှုန်းတွေက မြင့်တက်သွားတာဖြစ်တယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က မိုး အဆက်မပြတ်ရွာလို့ တောင်ပြိုကျတာတွေ၊ ရေစီးသန်တာတွေကြောင့် ကုန်စည်တွေက သယ်မရဘဲ သောင်တင်နေခဲ့ကြတယ်။ အခု မိုးရွာသွန်းမှု ရပ်တန့်သွားတော့ ကုန်စည်တွေ သယ်ယူမှု ပြုလုပ်နေကြပြီ” ဟု ပြောသည်။
ရခိုင်တွင် မြို့သိမ်းတိုက်ပွဲများစတင်ချိန်၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ ရခိုင်သို့ ကုန်စည် စီးဆင်းနေသည့် လမ်းများကို စစ်ကောင်စီက ပိတ်ဆို့ထားခြင်းဖြစ်သည်။
ယင်းကြောင့် ရခိုင်ပြည်သို့ ကုန်သွယ်ရေးလမ်းကြောင်းများ အမြန်ဆုံးအဆင်ပြေစေရေးနှင့် အခြေခံစားသောက်ကုန်များကို သင့်တော်သည့် ဈေးနှုန်းဖြင့် ပုံမှန် ဝယ်ယူရရှိရေး ဆောင်ရွက်ပေးရန် အာဏာပိုင်များကို ဒေသခံများက တောင်းဆိုနေကြသည်။