ရခိုင်တွင် လယ်ထွန်စက်ပစ္စည်း ဈေးနှုန်းများ ယခင်နှစ်ထက် ၅ ဆမြင့်တက်

ယခင်နှစ်က ရခိုင်ပြည်တွင် လယ်ထွန်စက်တစ်စီးကို ငွေကျပ်သိန်း ၈၀ ရှိရာကနေ ယခုနှစ်တွင် သိန်း ၁၈၀ ကျော်အထိ ပေါက်ဈေးရှိနေသည်။

By Admin 10 Jun 2025

ရခိုင်တွင် လယ်ထွန်စက်ပစ္စည်း ဈေးနှုန်းများ ယခင်နှစ်ထက် ၅ ဆမြင့်တက်

DMG ၊ ဇွန် ၁၀

ယခုနှစ် မိုးရာသီကာလ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေများတွင် လယ်ထွန်စက်များနှင့် အပိုစက်ပစ္စည်းများ၊ ပြတ်လပ်နေမှုအပြင် ယခင်နှစ်ကထက် ဈေးနှုန်း ၅ ဆနီးပါးမြင့်တက်နေကြောင်း စက်ပစ္စည်းအရောင်းဆိုင်များနှင့် လယ်သမားများထံမှ သိရသည်။

ကုန်းလမ်း၊ ရေလမ်းအားလုံးကို ပိတ်ဆို့ထားသည့်အတွက် ရခိုင်ပြည်တွင် တစ်နှစ်ထက် တစ်နှစ် စက်ပစ္စည်းများမှာ ပိုမိုရှားပါးလာပြီး ယခုနှစ်တွင် ယခင်နှစ်ကထက် စက်ပစ္စည်းနှင့် အပိုပစ္စည်းများမှာ ဈေးတက်နေသဖြင့် လယ်သမားများမှာ အခက်ခဲများစွာ ဖြစ်နေကြရသည်။

" လယ်ထွန်စက်ပစ္စည်းတွေက ပြည်မဖက်က လုံးဝကို မှာယူလို့ မရဘူး။ အဓိက ပစ္စည်းတွေ ရှားပါးလာတာကြောင့် ဖြစ်တယ်။ ပြည်မဖက်က မှာယူလို့ရတဲ့ ပစ္စည်းတချို့ကလည်း လမ်းစရိတ်တွေ အဆမတန် မြင့်တက်နေပြီးတော့ ရခိုင်က ရောက်ရင် ဈေးနှုန်းက အရင်နှစ်ကထက် ၅ နီးပါးမြင့်တက်သွားပြီ " ဟု ကျောက်တော်မြို့နယ်မှ စက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ယခင်နှစ်က ရခိုင်ပြည်တွင် လယ်ထွန်စက်တစ်စီးကို ငွေကျပ်သိန်း ၈၀ ရှိရာကနေ ယခုနှစ်တွင် သိန်း ၁၈၀ ကျော်အထိ ပေါက်ဈေးရှိနေသည်။

ထို့အတူ စက်အပိုပစ္စည်း ရိမ်းတစ်ဆက်ကို ယခင်နှစ်က ငွေကျပ် ၆,၀၀၀ ကနေ လက်ရှိတွင် ငွေကျပ် ၃၀,၀၀၀၊ ဆလိတစ်ခုကို ယခင်နှစ် ငွေကျပ် ၆၀,၀၀၀ လက်ရှိတွင် ငွေကျပ် ၃၀၀,၀၀၀ (သုံးသိန်း)၊ နိုဇယ်ပလန်ချာတစ်ခုကို ငွေကျပ် ၁၅,၀၀၀ ကနေ လက်ရှိတွင် ၅၅,၀၀၀ ကျပ်၊ အင်ဂျင်ဝိုင်တစ်လုံးကို ငွေကျပ် ၇၀,၀၀၀ ကနေ ငွေကျပ် ၂၀၀,၀၀၀ အထိ ပေါက်ဈေးရှိနေသည်။

ရခိုင်ပြည်က မြို့နယ်များတွင် ယခင် တိုက်ပွဲမဖြစ်ခင်ကတည်းက ဝယ်ယူထားကြသည့် အပိုပစ္စည်းများနှင့် အိန္ဒိယနိုင်ငံဖက်က တင်သွင်းသည့် စက်သုံးပစ္စည်းအချို့ကိုသာ ရောင်းချနေကြရသည်ဟု အရောင်းဆိုင်များမှ သိရသည်။

ယခုနှစ်တွင် လယ်ထွန်စက်များမှာ အသစ်ဝယ်ယူ၍ လုံးဝမရဖြစ်နေကြပြီး အပိုပစ္စည်းများမှာလည်း ပြတ်လပ်မှုများနှင့် ဈေးနှုန်းအဆမတန်မြင့်တက်မှု ဒဏ်ကိုကြုံနေရသည်ဟု ပြောဆိုကြသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ လယ်သမား ဦးကျော်ထွန်းစိန်က " လယ်ထွန်စက် အသစ်တွေက ဒီနှစ် ရခိုင်မှာ လုံးဝ ဝယ်လို့ မရဘူး။ စက်ပစ္စည်းရောင်းတဲ့ ဆိုင်တွေမှာလည်း မရှိဘူး။ ဝယ်ချင်ရင် အော်ဒါသီးသန့် မှာရတယ်။ စက်တန်ဖိုး သိန်း ၁၈၀ ဆိုရင် သယ်ခလည်း ကျပ်သိန်း ၁၀၀ လောက် ပေးရတယ်။ တစ်ယောက်မှ မဝယ်နိုင်ကြဘူး။ အပိုပစ္စည်းတွေကလည်း မနှစ်ကထက် ၅ ဆလောက် ဈေးတက်သွားတယ်။ စက်တစ်ခုခု ပျက်မှာတောင် ကြောက်နေကြရတယ် " ဟု ပြောသည်။

ယင်းအပြင် ယခုနှစ်တွင် ရခိုင်ပြည်အတွင်းရှိ နယူဟော်လန် ထွန်စက်ကြီးများအတွက် အပိုပစ္စည်းများမှာလည်း လုံးဝနီးပါး ပြတ်လပ်မှုနှင့် ရင်ဆိုင်နေကြရသည်ဟု စက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်များက ပြောသည်။

ထွန်စက်များကို လျှော့ချပြီး ကျွဲနွားများဖြင့် လယ်ထွန်မည်ဆိုပါကလည်း စားကျက်မြေရှားပါးလာမှုနှင့် စစ်ဘေးရှောင်တိမ်းရခြင်းအပါဝင် အခြားအကြောင်းအမျိုးမျိုးကြောင့် တောင်သူများမှာ နွားများကို ပြီးခဲ့သည့် နှစ်များက အများစုရောင်းချလိုက်သဖြင့် ပိုပြီးအခက်ကြုံနေရကြောင်း ဆိုသည်။

ရခိုင်ပြည်တွင် ယခုနှစ် စိုက်ပျိုးရာသီအတွင်း စက်ပစ္စည်း၊ ဓာတ်မြေဩဇာနှင့် စက်သုံးဆီဈေးနှုန်းများ အဆမတန် မြင့်တက်နေသည့်အတွက် ရခိုင်တောင်သူများမှာ လယ်ဧကထက်ဝက်ခန့် လျော့ချစိုက်ပျိုးရမည်ဟု တောင်သူများက ပြောဆိုထားကြသည်။

ရခိုင်တောင်သူများမှာ ၂၀၂၃ စိုက်ပျိုးရာသီကလည်း အရှုံးနှင့် ရင်ဆိုင်ခဲ့ရပြီး စပါး ဈေးကွက်လည်း မရှိဘဲ စိုက်ပျိုးရာသီ ၂ ခုဆက်တိုက် အရှုံးနှင့်ရင်ဆိုင်နေကြရသည်။