- AA နှင့် ဒေသခံများ ကြိုးပမ်းနေသည့် တောင်ကုတ်မြို့ ပြန်လည်ထူထောင်ရေး
- ရေကြည်တွင် AA ပူးပေါင်းတပ်များ အမတ ၃၄၄ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေ
- ကျောက်ဖြူမြို့အနီး တိုက်ပွဲကပ်လာ၍ မြို့ပေါ်လုံခြုံရေး စစ်ကောင်စီ ပိုတင်းကျပ်
- ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားကောင်းရန် လိုအပ်နေ
- ကျောင်းမတက်ဖြစ်သူများ ကင်းမဲ့ဇုန် အလိုရှိသည်
ကျောက်ဖြူ၊ ရဲတပ်ရင်း မကျရေး စစ်ကောင်စီက စစ်ကြောင်းသုံးကြောင်းဖြန့်ပြီး ကူတိုက်နေ
ရန်ကုန်-ကျောက်ဖြူ အဝေးပြေးလမ်းကနေ စစ်ကြောင်းတစ်ကြောင်း၊ အုန်းတောနှင့် မလကျွန်းရွာကြားက တစ်ကြောင်းနှင့် ဓညဝတီရေတပ်ဌာနချုပ်ကနေ စစ်ကြောင်းတစ်စီ ခွဲပြီး ချီတက်ကာ ဝိုင်းကူတိုက်ခိုက်နေခြင်းဖြစ်သည်။
10 Jun 2025

DMG ၊ ဇွန် ၁၀
အာရက္ခတပ်တော်သည် ကျောက်ဖြူမြို့ဝင်တပ် အမှတ် ၃၂ ရဲတပ်ရင်းကို ဇွန်လ ပထမအပတ်က စ၍ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယင်းတပ်ရင်း မကျရှုံးစေရေးအတွက် လက်ရှိတွင် စစ်ကောင်စီသည် စစ်ကြောင်း ၃ ကြောင်းဖြန့်ကာ စစ်ကူချီတက်တိုက်ခိုက်နေကြောင်း သိရသည်။
ရန်ကုန်-ကျောက်ဖြူ အဝေးပြေးလမ်းကနေ စစ်ကြောင်းတစ်ကြောင်း၊ အုန်းတောနှင့် မလကျွန်းရွာကြားက တစ်ကြောင်းနှင့် ဓညဝတီရေတပ်ဌာနချုပ်ကနေ စစ်ကြောင်းတစ်စီ ခွဲပြီး ချီတက်ကာ ဝိုင်းကူတိုက်ခိုက်နေခြင်းဖြစ်သည်။
" တရုတ်စီမံကိန်းရှိတဲ့ ဂတ်စ်စက်ရုံအနီးဖြစ်တဲ့ မလကျွန်းရွာအနီးကနေ စစ်ကြာင်းတစ်ကြောင်းထိုးပြီး တိုက်ခိုက်နေတယ်။ နောက်တစ်ခုက မင်းတပ်တောင်ပေါ့နော် ၃၂ ရဲတပ်ရင်းကနေပြီးတော့ မင်းတပ်တောင်ဘက်ကို ထိုးစစ်ဆင်နေတာရှိတယ်။ နောက်တစ်ခုက ဓညဝတီရေတပ်ဌာနချုပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိထားတယ် " ဟု မြေပြင်အခြေအနေသိသူတစ်ဦးက DMG ကို ပြောသည်။
သို့သော်လည်း စစ်ကောင်စီက စစ်ကြောင်းများသည် အာရက္ခတပ်တော်၏ ကြားဖြတ်တိုက်ခိုက်ခြင်းကို ခံနေရသဖြင့် ရှေ့မတိုးနိုင်ဖြစ်နေကြောင်း ဆိုသည်။
(၃၂) ရဲတပ်ရင်းသည် အဝေးပြေးကားလမ်းမအနီး ပေ ၂၀၀ ခန့် မြင့်သည့် ဒိုးတန်းတောင်ပေါ်တွင် တည်ရှိပြီး အရှေ့ဘက် ၇ မိုင်ခန့် အကွာမှာ ဓညဝတီရေတပ်ဌာနချုပ်နှင့် အနောက်ဘက် ၂ မိုင်ခန့်အကွာ၊ တရုတ်စီမံကိန်း မလကျွန်းရွာရှိနေသဖြင့် ကျောက်ဖြူဒေသတစ်ခုလုံးအတွက် မဟာဗျူဟာအရ အရေးပါကြောင်း သိရသည်။
ယင်းအပြင် ရဲတပ်ရင်းနှင့် ၄ မိုင်ခန့်အကွာတွင် ခမရ ၅၄၂ နှင့် ခမရ ၅၄၃ တပ်ရင်း ၂ ခုလည်း ရှိနေသဖြင့် ကျောက်ဖြူဒေသတွင် စစ်ရေးအရ အရေးပါဆုံး နေရာလည်းဖြစ်ကြောင်း ဒေသခံများက ပြောကြသည်။
နောက်ထပ် ကျောက်ဖြူဒေသခံတစ်ဦးက " ၃၂ ရဲတပ်ရင်းက ကျောက်ဖြူမြို့ထဲ ဝင်မယ့် လမ်းရဲ့ ကာကင်းပဲ။ ဆိုတော့ ၃၂ သာ ကျသွားရင် ဒီထဲမှာ ၅၄၃၊ ၅၄၂၊ မြို့ထဲမှာ ၃၄ ဆိုတာပဲ ကျန်တော့တာဆိုတော့ ၃၂ ကိုသာ AA က ရသွားမယ်ဆိုရင် ကျောက်ဖြူက မြို့သိမ်းတိုက်ပွဲသာ ကျန်တော့မယ်။ ဟိုဘက် ဓညဝတီရေတပ် ဆိုတာကလည်း ၃၂ သာ ကျသွားရင် အကုန်ဝိုင်းပြီးသား ဖြစ်သွားမှာ " ဟု ပြောသည်။
ကျောက်ဖြူတွင် ယနေ့အထိ တိုက်ပွဲများနေ့စဉ် ပြင်းထန်နေပြီး စစ်ကောင်စီသည် ဘင်္ဂလားပင်လယ်ပြင်နှင့် ဓညဝတီရေတပ်ဌာနချုပ် နေဗီများကနေ လက်နက်ကြီးများ ပစ်ခတ်နေပြီး၊ လေကြောင်းကနေ လေယာဉ်၊ ဒရုန်း၊ ပါရာမိုတာများဖြင့် ပစ်ကူပေးနေကြောင်း သိရသည်။
အာရက္ခတပ်တော်သည် ၃၂ ရဲတပ်ရင်း၏ ကာကင်းစခန်းများကို သိမ်းပိုက်ရရှိထားပြီး မလကျွန်းရွာအနီး သဘာဝဓာတ်ငွေ့သန့်စင် (OGT) စက်ရုံအနီးက စစ်ကောင်စီ ကာကင်းစခန်းအပြင် ဓညဝတီရေတပ်ဌာနချုပ်အထိ ဖြန့်ကျက်တိုက်ခိုက်နေကြောင်း သိရသည်။
ကျောက်ဖြူတွင် တရုတ်နိုင်ငံ၏ ပိုးလမ်းမအစိတ်အပိုင်းဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ) အပြင် ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြီးများရှိနေသဖြင့် ကျောက်ဖြူကို စစ်ကောင်စီ လက်လွှတ်ရလျင် နိုင်ငံရေး ဂုဏ်သိက္ခာ၊ စီးပွားရေး၊ သံတမန်ရေးတို့တွင် အထိနာမည်ဟုလည်း သုံးသပ်နေကြသည်။
အခြားတစ်ဖက် အာရက္ခတပ်တော်အတွက်လည်း နိုင်ငံတကာနှင့် သံတမန်ဆက်ဆံရေး တည်ဆောက်ရန် အခွင့်အလမ်းများရှိသောကြောင့် ကျောက်ဖြူမြို့ကို မဖြစ်မနေ သိမ်းပိုက်ရန် လိုအပ်ကြောင်း နိုင်ငံရေးအကဲခတ်များက ပြောသည်။