ကျောက်ဖြူမြို့ရှိ ခလရ (၃၄) တပ်ရင်းထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်ရှိ စစ်ကောင်စီ၏ ခလရ (၃၄) တပ်ရင်းအထဲနှင့် တပ်ရင်းအနီးတွင် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ကြောင်း DMG ၏ သတင်းရင်းမြစ်များထံမှ သိရသည်။

By Admin 16 Jun 2025

ဓာတ်ပုံ - Google Earth
ဓာတ်ပုံ - Google Earth

DMG ၊ ဇွန် ၁၆

ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်ရှိ စစ်ကောင်စီ၏ ခလရ (၃၄) တပ်ရင်းအထဲနှင့် တပ်ရင်းအနီးတွင် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ကြောင်း DMG ၏ သတင်းရင်းမြစ်များထံမှ သိရသည်။

ယမန်နေ့ ( ဇွန်လ ၁၅ ရက်)၊ ညနေ ၇ နာရီခန့်တွင် ခလရ (၃၄) တပ်ရင်းအထဲနှင့် အဆိုပါတပ်ရင်း၏ အရှေ့ဘက်နှင့် မြောက်ဘက် ဝင်ပေါက်အနီးတို့တွင် လက်နက်ကြီး ၃ ကြိမ်ထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

" ချင်းကွက်သစ် ရက်ကွက်ဘက်မှာရှိတဲ့ အရှေ့ဝင်ပေါက်မှာ တစ်လုံး ကွဲတယ်။ ပြီးတော့ တောင်ဘက် ဝင်ပေါက်ဘက်က ဂေါက်ကွင်းအနီးမှာ တစ်လုံးကွဲတယ်။ တပ်ထဲမှာလည်း ကွဲသံကြားတယ်" ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုကို မသိရှိရသော်လည်း အရပ်သားထိခိုက်မှု မရှိကြောင်း ၎င်းက ဆိုသည်။

ကျောက်ဖြူမြို့ပေါ်တွင် တစ်ခုတည်းရှိသော ခလရ (၃၄) တပ်ရင်းသည် အရာရှိ၊ ချင်းကွက်သစ်နှင့် အစိုးရရပ်ကွက်ကြားတွင် ရှိပြီး ၆ ဖာလုံခန့် ပတ်လည်ကို အုတ်တံတိုင်းများအပြင် သံစူးကြိုးများဖြင့် ကာရံထားသည်။

ယင်းအထဲတွင် ခြေလျင်တပ်၊ တိုက်ခိုက်ရေးတပ်ခွဲအပြင် အင်ဂျင်နီယာတပ်ခွဲ၊ ဆက်သွယ်ရေး တပ်ခွဲ၊ ထောက်ပို့တပ်ခွဲများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

လက်ရှိတွင် ခလရ (၃၄) တပ်ရင်း၌ လက်နက်ကြီးကျရောက်မှုကြောင့် မြို့ခံများမှာ စိုးရိမ်မှု မြင့်တက်နေပြီး ဈေးဆိုင်များအချို့ ပိတ်ထားကာ မြို့ထဲလမ်းများတွင်လည်း လမ်းသွား၊ လမ်းလာမရှိဘဲ တိတ်ဆိတ်နေကြောင်း သိရသည်။

" တိုက်ပွဲသံတွေက မြို့ပြင်ဘက်မှာ ကြားနေရပေမယ့် အခုက မြို့ထဲမှာပါ ပေါက်ကွဲသံတွေ ကြားလာရတော့ မြို့ထဲမှာ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေကြတဲ့လူတွေ အများကြီးပဲ။ တချို့ဆို တစ်ခုခုအရေးပေါ်ဖြစ်ရင် ထွက်ပြေးလို့ရအောင်ဆိုပြီး အဝတ်အထည်တွေကိုပါ ထုတ်ပိုးထားကြတယ်" ဟု ကျောက်ဖြူ မြို့ခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ကျောက်ဖြူမြို့နှင့် အဖြာင့်မိုင် လေးမိုင်ခန့်အကွာရှိ အမှတ် (၃၂) ရဲတပ်ရင်းနှင့် ဓညဝတီ ရေတပ်ဌာနချုပ်တို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲများ ပြင်းထန်နေသည်။

တိုက်ပွဲများမှာ မြို့အနီးကပ်လာနေ၍ ကျောက်ဖြူမြို့ခံအချို့မှာ ရန်ကုန်နှင့် အခြားဒေသများသို့ ထွက်ခွာမှုရှိနေပြီး စစ်ကောင်စီကလည်း မြို့ပေါ်လုံခြုံရေးကို ပိုမိုတင်းကျပ်လာနေကြောင်း သိရသည်။