လူမှုအကူအညီ အားနည်းလာသည့် စစ်တွေတွင် ပြည်သူများ အရေးပေါ်ကျန်းမာရေးအတွက် စိန်ခေါ်မှုရှိလာ

ပြည်နယ်စစ်ကောင်စီ အဖွဲ့ဝင်များ ရုံးထိုင်နေသည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် အသင်းအဖွဲ့များ၏ လူမှုကူညီရေးလုပ်ငန်းများ အားနည်းလာသဖြင့် ဒေသခံပြည်သူများ၏ အရေးပေါ်ကျန်းမာရေးအပေါ် သက်ရောက်မှုများ ရှိလာနေသည်။

By Admin 18 Jun 2025

၂၀၂၃ အောက်တိုဘာလက စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသွားသည့် ကလေးငယ်တစ်ဦးကို PDYO အသင်းက စစ်တွေဆေးရုံသို့ ပို့ဆောင်စဉ်။
၂၀၂၃ အောက်တိုဘာလက စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသွားသည့် ကလေးငယ်တစ်ဦးကို PDYO အသင်းက စစ်တွေဆေးရုံသို့ ပို့ဆောင်စဉ်။

DMG ၊ ဇွန် ၁၈

ပြည်နယ်စစ်ကောင်စီ အဖွဲ့ဝင်များ ရုံးထိုင်နေသည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် အသင်းအဖွဲ့များ၏ လူမှုကူညီရေးလုပ်ငန်းများ အားနည်းလာသဖြင့် ဒေသခံပြည်သူများ၏ အရေးပေါ်ကျန်းမာရေးအပေါ် သက်ရောက်မှုများ ရှိလာနေသည်။

အဓိကအားဖြင့် သာရေး၊ နာရေးကိစ္စရပ်များတွင် ငွေကြေးမတတ်နိုင်သည့် မိသားစုဝင်များနှင့် အရေးပေါ်လူနာများမှာ အခက်အခဲ ကြုံတွေ့နေကြရခြင်းဖြစ်သည်။

"အရင်တုန်းကလို မတော်တဆဖြစ်ရင် အရေးပေါ် ဆေးရုံလိုက်ပို့မယ့်သူတွေလည်း မရှိဘူး။ "သွေး" အရေးပေါ်လိုအပ်ရင်လည်း ကူရှာပေးမယ့်သူတွေလည်း မရှိတော့ တော်တော်လေး အခက်အခဲဖြစ်တယ်" ဟု စစ်တွေမြို့ အခြေအနေသိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခင်က စစ်တွေမြို့တွင် လူမှုကူညီရေးအသင်းအဖွဲ့ အများအပြား လည်ပတ်ခဲ့သော်လည်း စစ်ကောင်စီက တင်းကျပ်လာမှုကြောင့် လက်ရှိမှာ လူမှုကူညီရေးလုပ်ငန်းများ သိသိသာသာ ကျဆင်းသွားခဲ့ရသည်။

လည်ပတ်နေသေးသည့် လူမှုကူညီရေးအသင်းအဖွဲ့အချို့မှာလည်း အလှူငွေနည်းပါးခြင်း၊ စက်သုံးဆီဈေး မြင့်တက်မှုတို့ကြောင့် လုပ်ငန်းလည်ပတ်ရန် ခက်ခဲနေကြသည်။

"ဆီဈေးကြီးတာရယ်၊ အရင်လို အလှူငွေတွေလည်း မရတာကြောင့် အရေးပေါ်ကိစ္စတွေမှာ ကူညီတာတွေ အားနည်းနေပါတယ်။ တတ်နိုင်သလောက်တော့ လုပ်ဆောင်ပေးနေပါတယ်" ဟု စစ်တွေမြို့မှ လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူက ပြောသည်။

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲ စတင်ချိန်ကနေ စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ကာ ကုန်စည်စီးဆင်းမှုကို ဖြတ်တောက်ထားသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်သည်။

စစ်ကောင်စီထိန်းချုပ်ရာ စစ်တွေမြို့တွင်လည်း ရန်ကုန်မှ အကန့်အသတ်ဖြင့်လာသည့် ကုန်ပစ္စည်းများကိုသာ ပြည်သူများ မျှော်ကိုးနေကြရပြီး ဓာတ်ဆီတစ်လီတာလျှင် ငွေကျပ် ၁၂,၀၀၀ ဈေးနှုန်းရှိကြောင်း သိရသည်။

စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများကြောင့် မြို့ခံများမှာ ရန်ကုန်အပါအဝင် မြို့ကြီးများကို တိမ်းရှောင်နေကြပြီး အခြေခံလက်လုပ်လက်စားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများသာ မြို့အတွင်း ကျန်ရှိနေသည်။