- မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း ပြန်ဖွင့်ရန် ညီနောင်(၃)ဖွဲ့ ပြင်ဆင်လာ
- ၄ နှစ်ကျော်အတွင်း စစ်ကောင်စီကျူးလွန်ခဲ့သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ၉၀၀ ကျော်ရှိ
- ကျောက်ဖြူတိုက်ပွဲတွင် စစ်တပ်အသာရနေကြောင်း စစ်ကောင်စီလော်ဘီများ ဝါဒဖြန့်
- လူမှုအကူအညီ အားနည်းလာသည့် စစ်တွေတွင် ပြည်သူများ အရေးပေါ်ကျန်းမာရေးအတွက် စိန်ခေါ်မှုရှိလာ
- လေးမျက်နှာမြို့နယ်ရှိ သဲနုကုန်းနယ်မြေရဲစခန်းကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
ကျောက်ဖြူတိုက်ပွဲတွင် စစ်တပ်အသာရနေကြောင်း စစ်ကောင်စီလော်ဘီများ ဝါဒဖြန့်
အာရက္ခတပ်တော် (AA) ထိုးစစ်ဆင်နေသည့် ကျောက်ဖြူတိုက်ပွဲတွင် စစ်တပ်က စစ်ရေးအသာရနေကြောင်းကို စစ်ကောင်စီလော်ဘီများက နေ့ညမပြတ် ဝါဒဖြန့်မှုများ လုပ်ဆောင်လာနေကြသည်။
18 Jun 2025

DMG ၊ ဇွန် ၁၈
အာရက္ခတပ်တော် (AA) ထိုးစစ်ဆင်နေသည့် ကျောက်ဖြူတိုက်ပွဲတွင် စစ်တပ်က စစ်ရေးအသာရနေကြောင်းကို စစ်ကောင်စီလော်ဘီများက နေ့ညမပြတ် ဝါဒဖြန့်မှုများ လုပ်ဆောင်လာနေကြသည်။
ကျောက်ဖြူတိုက်ပွဲအတွင်း စစ်တပ်၏ ဒရုန်းတိုက်ခိုက်မှုများမှာ ထိရောက်ကြောင်းကို စစ်ကောင်စီ ထောက်ခံသူများနှင့် စစ်တပ်အသိုင်းအဝိုင်းတို့က ဆိုရှယ်မီဒီယာများမှတစ်ဆင့် ဝါဒဖြန့်နေကြသည်။
စစ်ကောင်စီ ဝါဒဖြန့် "တိုက်ပွဲသတင်းစုံ" တယ်လီဂရမ်ချန်နယ်တွင် AA တပ်ဖွဲ့ဝင်များကို ဒရုန်းဖြင့် တိုက်ခိုက်သည့် ရုပ်သံဖိုင်ကို ယခုလအတွင်း ၄ ကြိမ်ထက်မနည်း ဖော်ပြခဲ့သည်။
စစ်တပ်လော်ဘီ ချန်နယ်များဖြစ်ကြသည့် Ko Thet ၊ Kyaw Zwar ၊ Min Chit Oo စသည့် ချန်နယ်တို့မှလည်း "ရန်သူ့အလောင်းနဲ့ လက်နက်အများဆုံး ရရှိတာကတော့ ရခိုင်ဒေသဖြစ်ပြီး၊ လက်ရှိ ကျောက်ဖြူမြို့နယ် အနီးဝန်းကျင်ရွာတွေကို စစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းနေပြီ၊ ဒရုန်း၊ လက်နက်ကြီးပစ်ကူယူ စစ်ကြောင်းထိုး ချေမှုန်းနေတာကြောင့် AA တွေ တဖြည်းဖြည်း ဆုတ်ခွာနေတယ်" ဟု ယနေ့ (ဇွန်လ ၁၈ ရက်)တွင် ရေးသားဖော်ပြကြသည်။
ကျောက်ဖြူတိုက်ပွဲ မြေပြင်အခြေအနေတွင် အေအေက စစ်ကောင်စီ၏ ခမရ ၅၄၂ နှင့် ခမရ ၅၄၃ တပ်ရင်းတို့ကို လက်နက်ကြီးများနှင့် ပစ်ခတ်နေသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိနေသည်။ ကျောက်ဖြူအခြေစိုက် အမှတ် ၃၂ ရဲတပ်ရင်းကိုလည်း အေအေက ထိုးစစ်ဆင်နေသည့်အပြင် ဓညဝတီရေတပ်ဌာနချုပ် အနီးသို့လည်း ထိုးစစ်တဖြည်းဖြည်း နီးကပ်လာနေသည်။
"တကယ်တမ်းတော့ ကျောက်ဖြူတိုက်ပွဲဟာ AA အတွက် အားသာချက်တွေ အများကြီးရှိတယ်။ နောက်ကျောလုံတယ်။ နေရာစုံကို ဝိုင်းထားပြီးသား ဖြစ်တယ်။ ၃၂ ရဲတပ်ရင်းအပြင် ၅၄၂ ၊ ၅၄၃ တပ်ရင်းတွေနားကို တရွေ့ရွေ့တိုးနေတာ။ မြေပြင်မှာ AA က အသာစီးရနေတာကို မြင်ရတယ်" ဟု ကျောက်ဖြူဒေသခံ မြေပြင်အခြေနေသိသူ အမျိုးသားတစ်ဦးက ပြောသည်။
အာရက္ခတပ်တော်၏ စနိုက်ဘာ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်မှ ဗိုလ်မှူးချုပ်အဆင့်ရှိသူ ၂ ဦးနှင့် တပ်ဖွဲ့ဝင်အချို့ ကျဆုံးမှုရှိခဲ့သည်။ မေလ ၃၀ ရက်က ဖြစ်ပွားခဲ့သော မင်းတပ်တောင်ကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီ၏ တိုင်းစစ်ဦးစီးမှူး(ပထမတန်း) ဒုတိယဗိုလ်မှူးကြီး ကျော်လင်းကြိုင်နှင့် စစ်သုံ့ပန်းများကို အေအေက ဖမ်းဆီးရမိခဲ့သည်။
စစ်ကောင်စီတပ်က တပ်မ ၁၁ နှင့် တပ်မ ၉၉ အပြင် မြန်မာနိုင်ငံအနှံ့မှ တပ်ပေါင်းစုံတို့ကို ကျောက်ဖြူစစ်ပြေပြင်တွင် ချထားသည်။ စစ်ကောင်စီလော်ဘီများမှ ဝါဒဖြန့်နေခြင်းသည် အဆိုပါ တပ်သားများနှင့် အဆက်အသွယ်မရသည့် မိသားစုဝင်များကို နှစ်သိမ့်ပေးရုံသာဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ရှုမြင်သည်။
"လားရှိုးမြို့ကြီး ကျသွားတာတောင် စစ်လော်ဘီတွေက ဖင်ပိတ်ငြင်းတဲ့အမျိုး။ သူတို့လော်ဘီတွေက သူတို့ကို ပြန်ဆဲတာ ကြုံဖူးတယ်၊ ဒီဘက်ခေတ်မှ မဟုတ်ဘူး ကျနော်တို့ခေတ်တုန်းကလည်း ကျနော်တို့တောင် မတိုက်ရသေးဘူး စစ်လော်ဘီ ရဲမိုးက ရနေပြီဆိုလို့ ကျနော်တို့တောင် ဆဲခဲ့ဖူးတဲ့အနေအထားရှိပါတယ်" ဟု ပြောသည်။
အာဏာသိမ်းပြီးနောက်တွင် နိုင်ငံပိုင်သတင်းစာများ၊ စစ်ကောင်စီ ထောက်ခံအားပေးသည့် သတင်းဌာနများမှ တဆင့် ဝါဒဖြန့်မှုများကို စစ်ကောင်စီက ပြုလုပ်ခဲ့သည်။ ယင်းအပြင် အစုအဖွဲ့အလိုက်နှင့် တစ်ဦးတစ်ယောက်ချင်း တို့ကလည်း လူမှုကွန်ရက်များမှတဆင့် စစ်ကောင်စီ၏ ဝါဒဖြန့်မှုများကို ပိုမိုလုပ်ဆောင်လာကြကြောင်း စောင့်ကြည့်လေ့လာသူများကပြောသည်။
လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖုံးကွယ်ရန်၊ စစ်ရေးသိက္ခာများ ရယူလိုခြင်းအပြင် နိုင်ငံတကာမှ အရေးယူမှုများကို ကာကွယ်ရန်အတွက် စစ်ကောင်စီက ယင်းသို့ဝါဒဖြန့်နေခြင်းဟု မြန်မာအင်တာနက်ပရောဂျက် (MIP)မှ မီဒီယာတာဝန်ခံ ဦးဟန်က သုံးသပ်သည်။
"ရည်ရွယ်ချက်က အများပြည်သူ ဆင်ခြင်နိုင်စွမ်းနဲ့ သိနိုင်စွမ်းတွေကို ဝေဝါးသွားအောင်လုပ်ဖို့၊ ရန်သူလို့ သတ်မှတ်ထားတဲ့ တော်လှန်ရေးအင်အားစုတွေကို ဝေဝါးသွားအောင် လုပ်ဖို့အတွက်ဖြစ်တယ်။ တော်လှန်ရေးအင်အားစုနဲ့ ပြည်သူတွေကြားထဲမှာ သွေးကွဲအောင် လုပ်ဖို့အတွက်ဖြစ်တယ်။ ဒါကြောင့် သတိထားဖို့လိုပါမယ်" ဟု ၎င်းက ပြောသည်။
စစ်ကောင်စီအမာခံ လော်ဘီများသည် စစ်ကောင်စီ ရှင်သန်ရေးအတွက် ဝါဒဖြန့်သည့်လုပ်ရပ်များ လုပ်နေကြသော်လည်း အခြားတစ်ဖက်တွင် စစ်ကောင်စီထံ ဖမ်းဆီးခံရမှုများလည်းရှိနေသည်။ ဇွန် ၂ ရက်က ပြင်ဦးလွင်တွင် နေထိုင်သည့် စစ်လော်ဘီ ဇော်ဘုန်းဟိန်းကို စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ခဲ့သည်။
လက်ရှိကျောက်ဖြူတိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲများပြင်းထန်နေပြီး အေအေ၏ ထိုးစစ်များသည် တပ်ရင်းဌာနချုပ်များနှင့် မြို့အနီးသို့ တရွေ့ရွေ့ချဉ်းကပ်လာနေကြောင်း မြေပြင်အခြေအနေကိုသိရှိသူ အမျိုးသားတစ်ဦးက ပြောသည်။