- မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း ပြန်ဖွင့်ရန် ညီနောင်(၃)ဖွဲ့ ပြင်ဆင်လာ
- ၄ နှစ်ကျော်အတွင်း စစ်ကောင်စီကျူးလွန်ခဲ့သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ၉၀၀ ကျော်ရှိ
- ကျောက်ဖြူတိုက်ပွဲတွင် စစ်တပ်အသာရနေကြောင်း စစ်ကောင်စီလော်ဘီများ ဝါဒဖြန့်
- လူမှုအကူအညီ အားနည်းလာသည့် စစ်တွေတွင် ပြည်သူများ အရေးပေါ်ကျန်းမာရေးအတွက် စိန်ခေါ်မှုရှိလာ
- လေးမျက်နှာမြို့နယ်ရှိ သဲနုကုန်းနယ်မြေရဲစခန်းကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
ကျောက်ဖြူ စစ်ကောင်စီ တပ်ရင်းများကို AA က လက်နက်ကြီးများဖြင့် တိုက်ခိုက်နေ
ကျောက်ဖြူမြို့နှင့် ၃ မိုင်ခန့်အကွာ ဂုံးချွိန်ကျေးရွာရှိ ခမရ ၅၄၂ နှင့် ခမရ ၅၄၃ တပ်ရင်း နှစ်ခုကို ပြီးခဲ့သည့် ဇွန်လ ဒုတိယ အပတ်ကစ၍ လက်နက်ကြီးများ ပစ်ခတ်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရမှုရှိကြောင်း သိရသည်။
17 Jun 2025

DMG ၊ ဇွန် ၁၇
ကျောက်ဖြူတွင် တိုက်ပွဲများ ပြင်းထန်နေပြီး မြို့အနီးရှိ စစ်ကောင်စီ တပ်ရင်းများကို အာရက္ခတပ်တော် (AA)က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။
ကျောက်ဖြူမြို့နှင့် ၃ မိုင်ခန့်အကွာ ဂုံးချွိန်ကျေးရွာရှိ ခမရ ၅၄၂ နှင့် ခမရ ၅၄၃ တပ်ရင်း နှစ်ခုကို ပြီးခဲ့သည့် ဇွန်လ ဒုတိယ အပတ်ကစ၍ လက်နက်ကြီးများ ပစ်ခတ်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရမှုရှိကြောင်း သိရသည်။
" တပ်ရင်းနှစ်ခလုံးကို လက်နက်ကြီးတွေ ကျတယ်။ ဒီထဲက ၅၄၃ စစ်တပ်ရင်းကတော့ ပိုအထိနာတာကြောင့် ဒဏ်ရာရတဲ့ စစ်သားတွေများတယ်လို့ သိရတယ်။ ဒဏ်ရာရသူတွေကိုတော့ ကျောက်ဖြူဆေးရုံမှာ ကုသပေးနေတယ်။ ဒီရက်ပိုင်းမှာဆိုရင် နေ့တိုင်းလိုလို AA က လက်နက်ကြီးတွေ ပစ်နေတာ " ဟု မြေပြင်စစ်ရေးအခြေအနေသိသူတစ်ဦးက ပြောသည်။
ခမရ ၅၄၂ နှင့် ခမရ ၅၄၃ တပ်ရင်းတို့မှာ ကျောက်ဖြူ- ရန်ကုန် အဝေးပြေးကားလမ်းနံဘေးတွင် ရှိပြီး တပ်ရင်းနှစ်ခုမှာ ၅ ဖာလုံခန့်သာကွာဝေးကြောင်း သိရသည်။
ထို့အတူ ကျောက်ဖြူမြို့ပေါ်ရှိ ခလရ ၃၄ တပ်ရင်းနှင့် အနီးဝန်းကျင်နေရာများကိုလည်း ဇွန် ၁၅ ရက် ည ၇ နာရီကျော်အချိန်ခန့်က လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
" ဇွန် ၁၅ ရက်က ဆိုရင် မြို့ထဲက ၃၄ တပ်ရင်းနဲ့ အဲဒီအနီးဝန်းကျင်မှာပါ လက်နက်ကြီး ကျတယ်။ ပြီးတော့ ၅၄၃၊ ၅၄၂ တပ်ရင်းတွေဘက်မှာရော၊ ရေတပ်ဌာနချုပ်ဘက်မှာရော မြို့ပတ်ပတ်လည်မှာပါ တစ်ညလုံးနီးပါး ပေါက်ကွဲသံတွေ ပစ်ခတ်သံတွေ အကျယ်ကြီး ကြားရတယ် " ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိ တိုက်ပွဲများသည် အမှတ် ၃၂ ရဲတပ်ရင်းနှင့် ဓညဝတီရေတပ်ဌာချုပ်အနီးတို့တွင် ဖြစ်နေပြီး အခြားတပ်ရင်းများမှ စစ်ကူမလာစေရေးအတွက် အာရက္ခတပ်တော်က လက်နက်ကြီးများဖြင့် လှမ်းပစ်ခတ်နေခြင်းဖြစ်သည်။
လက်ရှိတွင် မြို့ပေါ်မှာပါ လက်နက်ကြီး ပေါက်ကွဲသံများကြားနေရသဖြင့် မြို့ခံများမှာ ကြောက်လန့်နေကြပြီး တိုက်ပွဲကြား ပိတ်မိသွားမည်ကို စိုးရိမ်မှုများ ရှိနေကြသည်။
မြို့ခံ အမျိုးသမီးတစ်ဦးက " မြို့ခံတွေကို ဘယ်သူမှ မြို့ပြင်ကို ထွက်ခွင့်မပေးဖို့ စစ်တပ် (စစ်ကောင်စီ)က တားမြစ်ထားတာ ကြာပြီ။ ပတ်ပတ်လည်မှာလည်း သူတို့က ဝိုင်းထားတယ်။ တိုက်ပွဲဖြစ်လာရင် ပုန်းလို့ရအောင်ဆိုပြီး ဗုံးခိုကျင်းတူး ပြန်တော့လည်း အတားခံရတယ်။ အခုတိုက်ပွဲက မြို့နဲ့ နီးသထက် နီးလာပြီ။ ပြေးစရာလွှားစရာနေ ရာလည်းမရှိဘူး " ဟု ပြောသည်။
တိုက်ပွဲမဖြစ်ခင် ကျောက်ဖြူမြို့ခံများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ငွေပေးကာ မြို့ပြင်သို့ စစ်ဘေးရှောင်ခွင့် ရရှိခဲ့ကြသော်လည်း မေလအစောပိုင်းကစ၍ မြို့ပြင်သို့ လုံးဝ ထွက်ခွင့်မရှိတော့ဘဲ ပိတ်လှောင်ထားကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၀ ရက်က စတင်ခဲ့သော ကျောက်ဖြူတိုက်ပွဲမှာ လက်ရှိတွင် ၄ လခန့် ကြာမြင့်လာပြီဖြစ်ပြီး AA ဘက်က နှမ်းဖဲတောင်၊ မင်းတပ်တောင်နှင့် မလကျွန်းရှိ စစ်ကောင်စီစခန်းများကို သိမ်းပိုက်ထားကာ လက်ရှိတွင် အမှတ် ၃၂ ရဲတပ်ရင်းကို ထိုးစစ်ဆင်လျက်ရှိသည်။
ကျောက်ဖြူတိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူးချုပ်အဆင့်ရှိသူ ၂ ဦးနှင့် တပ်ဖွဲ့ဝင် အများအပြားကျဆုံးပြီး နောက်ထပ် ဗိုလ်မှူးတစ်ဦးနှင့် အခြားအဆင့်ရှိသူများကိုလည်း AA က ဖမ်းဆီးရမိထားကြောင်း ဒေသခံသတင်းရင်းမြစ်ထံက သိရသည်။