သံတွဲတိုက်ပွဲ ပြင်းထန်နေဆဲ (ခလရ - ၅၅ ကို AA အရှိန်မြှင့်ထိုးစစ်ဆင်) 

သံတွဲမြို့နယ်တွင် စစ်ကောင်စီ၏ ခမရ - ၅၆၆ နှင့် ခလရ - ၅၅ တို့ အခြေစိုက်ထားပြီး အဆိုပါတပ်ရင်းများကို AA က သိမ်းပိုက်နိုင်လျှင် မောင်ရွှေလေးရေတပ်တစ်ခုသာ ကျန်ရှိတော့မည် ဖြစ်သည်။ 

By Admin 04 Jul 2024

စစ်ရေးလေ့ကျင့်နေသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - The New Humanitarian)
စစ်ရေးလေ့ကျင့်နေသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - The New Humanitarian)

DMG ၊ ဇူလိုင် ၄

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့အနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ကြား တိုက်ပွဲများမှာ ယနေ့ ဇူလိုင် ၄ ရက်နေ့အထိ ဆက်လက်ပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။ 

ငပလီမြို့အနီးရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ - ၅၆၆) နှင့် ခြေလျင်တပ်ရင်း (ခလရ - ၅၅) တို့ကို AA က ဇွန် ၂၀ ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံနေသည်။ 

“သံတွဲမှာ တိုက်ပွဲက နေ့တိုင်းကိုပြင်းထန်နေတာ။ ခမရ - ၅၆၆ ကတော့ ဇွန်လနောက်ဆုံးအပတ်ကတည်းက ခလရ - ၅၅ မှာ တပ်ပေါင်းပြီး ခုခံနေကြတာ။ အခု ခလရ - ၅၅ ကိုလည်း AA က အပြင်းအထန်ထိုးစစ်ဆင်နေလို့ မောင်ရွှေလေးရေတပ်ဖက်ကိုဆုတ်ဖို့ ကြိုးစားနေကြတယ်လို့ သိရတယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သံတွဲမြို့နယ်တွင် စစ်ကောင်စီ၏ ခမရ - ၅၆၆ နှင့် ခလရ - ၅၅ တို့ အခြေစိုက်ထားပြီး အဆိုပါတပ်ရင်းများကို AA က သိမ်းပိုက်နိုင်လျှင် မောင်ရွှေလေးရေတပ်တစ်ခုသာ ကျန်ရှိတော့မည် ဖြစ်သည်။ 

ငပလီမြို့အနီးတွင် ဇွန် ၂ ရက်မှစ၍ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ ငပလီလေဆိပ်ကို AA က သိမ်းပိုက်လိုက်သည့် ဇွန် ၂၃ ရက်နောက်ပိုင်းတွင် တိုက်ပွဲများပိုမိုပြင်းထန်လာ၍ မြို့ခံအားလုံးနီးပါးမှာ တိမ်းရှောင်နေကြရသည်။ 

သံတွဲမြို့နယ်တွင် တိုက်ပွဲကာလအတွင်း စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ အရပ်သားထိခိုက်သေဆုံးမှုများ မြင့်တက်လာသည်ဟု ဒေသခံများက ပြောသည်။
 
“ပြည်သူတွေအနေနဲ့ စစ်ပွဲဧရိယာတွေမှာ အရဲစွန့်ပြီး မနေကြဖို့ သတိပေးချင်တယ်။ စစ်ကောင်စီက အရပ်ဖက်၊ စစ်ဖက် ခွဲခြားတာမဟုတ်ဘူး။ အသက်ထက်အရေးကြီးတာ မရှိတဲ့အတွက် ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာကို ကြိုတင်ရှောင်ထားကြဖို့ အရေးကြီးတယ်” ဟု သံတွဲမြို့နယ်မှ လူမှုရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။ 

ဇူလိုင်လ ၂ ရက်က စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သံတွဲမြို့နယ်၊ မြုံပြင်ကျေးရွာမှ အမျိုးသမီး ၅ ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်။ သံတွဲမြို့နယ်တွင် တိုက်ပွဲကာလ နှစ်လကျော်အတွင်း စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးသူ ၁၃၀ ခန့်အထိရှိလာသည်။