မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း ပြန်ဖွင့်ရန် ညီနောင်(၃)ဖွဲ့ ပြင်ဆင်လာ

ဇူလိုင် ၁ ရက်နေ့မတိုင်မှီ အခွန်အကောင့်ဖွင့်ခြင်း၊ ယာဉ်အဝင်/အထွက် ကြိုတင်မှတ်ပုံတင်ခြင်းနှင့် ကတ်ပြား ပြုလုပ်ခြင်းတို့ကို ကြိုတင်ဆောင်ရွက်ထားရမည်ဟု ညီနောင်မဟာမိတ် (၃)ဖွဲ့၏ အကောက်ခွန်ဌာနက ထုတ်ပြန်ထားသည်။

By Admin 18 Jun 2025

မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းတွင် လုံခြုံရေးယူနေသည့် ညီနောင်မဟာမိတ် (၃) ဖွဲ့၏ တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - CJ
မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းတွင် လုံခြုံရေးယူနေသည့် ညီနောင်မဟာမိတ် (၃) ဖွဲ့၏ တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - CJ

DMG ၊ ဇွန် ၁၈

ရှမ်းပြည်နယ်၊ မြောက်ပိုင်း မူဆယ်မြို့အနီးက ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းကို ပြန်လည်ဖွင့်လှစ်နိုင်ရန် ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ်(TNLA)နှင့် အာရက္ခတပ်တော်(AA)တို့က ပြင်ဆင်နေကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။

ကုန်သွယ်မှုပြုလုပ်မည့် ကုမ္ပဏီများ၊ ကုန်သည်များနှင့် ကုန်တင်ကားများအတွက် ဂျူတီအခွန်ကို အွန်လိုင်းမှ တစ်ဆင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၁ ရက်နေ့မတိုင်မှီ အခွန်အကောင့်ဖွင့်ခြင်း၊ ယာဉ်အဝင်/အထွက် ကြိုတင်မှတ်ပုံတင်ခြင်းနှင့် ကတ်ပြား ပြုလုပ်ခြင်းတို့ကို ကြိုတင်ဆောင်ရွက်ထားရမည်ဟု ညီနောင်မဟာမိတ် (၃)ဖွဲ့၏ အကောက်ခွန်ဌာနက ထုတ်ပြန်ထားသည်။

မူဆယ်ကုန်သွယ်ရေးစခန်းမှာ ရှမ်းမြောက်တွင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက ရပ်ဆိုင်းနေခြင်းဖြစ်သည်။

လက်ရှိမှာလည်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းကို ပိတ်ထားဆဲဖြစ်သည်ဟု မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

"ကုန်သွယ်စခန်းက မဖွင့်သေးဘူး။ ညီနောင် ၃ ဖွဲ့က ကုန်သွယ်ရေးပြန်ဖွင့်နိုင်ဖို့အတွက် ကြိုးပမ်းနေတာကြောင့် အခွန်စနစ်တွေကို လုပ်နေကြတာ ဖြစ်နိုင်တယ်။ ဒီကုန်သွယ်ရေးစခန်း ဖွင့်နိုင်ဖို့က တရုတ်၊ စစ်ကောင်စီနဲ့ ညီနောင် ၃ ဖွဲ့ အားလုံးသဘောတူမှ ဖြစ်လာနိုင်တယ်" ဟု ပြောသည်။

ကုန်သွယ်ရေးစခန်း ပြန်လည်ဖွင့်လှစ်မည်ဆိုပါက လက်ရှိမိုးတွင်းကာလ ဖြစ်နေသဖြင့် စက်တင်ဘာလတွင်သာ ဖြစ်နိုင်ခြေရှိကြောင်း ၎င်းက ဆက်ပြောသည်။

အွန်လိုင်းမှ အခွန်ကောက်ခံရန်လုပ်ဆောင်ခြင်းမှာ ကုန်သည်များ လုပ်ငန်းအခွန်ဆောင်ရွက်ချိန် နှောက်နှေးခြင်း မရှိစေရန်အတွက် လုပ်ငန်းမှတ်တမ်းများ၊ အထောက်အထားများကို ပြင်ဆင်ထားခြင်းဟုလည်း ညီနောင်မဟာမိတ် (၃)ဖွဲ့၏ အကောက်ခွန်ဌာနက ဆိုသည်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအသွင်း၊ အထုတ် ဂျူတီဆောင်နှုန်းများကို ကျင်တာကုန်စည်ပို့ဆောင်ရေးဌာနမှ စီမံခန့်ခွဲမည်ဖြစ်ကြောင်း ဆိုထားသည်။

မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းကို ညီနောင်မဟာမိတ် (၃)ဖွဲ့က ၂၀၂၃ ခုနှစ် ဒီဇင်ဘာတွင် သိမ်းပိုက်ခဲ့ပြီး မူဆယ်မြို့ကို စစ်ကောင်စီနှင့် ပြည်သူ့စစ်များက ထိန်းချုပ်ထားသည်။

မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်း၏ နေ့စဉ်ပျမ်းမှုကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၂၀ သန်းအထိရှိသည်။ နှစ်စဉ်ကုန်သွယ်မှုတန်ဖိုးမှာ အနည်းဆုံး ဒေါ်လာသန်း ၂၀၇၂ ဒသမ ၅၇၅ သန်းမှ အမြင့်ဆုံး ၄၀၇၅ ဒသမ ၀၆၇ အထိရှိကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းအရ သိရသည်။

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် နိုင်ငံတစ်ဝန်းရှိ နယ်စပ်ကုန်သွယ်စခန်းပေါင်း ၁၇ ခုအနက်မှ ၇ ခုကို တိုင်းရင်းသားလက်နက်ကိုင်များနှင့် တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူး (ISP-Myanmar)က ထုတ်ပြန်ထားသည်။