စစ်တွေမြို့လယ်ချောင်းတွင် ပီနံအိတ်ခွံဖြင့်ထုပ်ပိုးထားသည့် လူသေအလောင်းတွေ့ 

ရခိုင်ပြည်နယ်စစ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့ပေါ်တွင် ခိုးမှု၊ လုယက်မှုအပြင် ယခုကဲ့သို့ သတ်ဖြတ်မှုများထိ ရှိနေသဖြင့် ဒေသခံပြည်သူများမှာ လုံခြုံရေးအတွက် စိုးရိမ်မှုများ ရှိနေကြသည်။

By Admin 08 Aug 2023

ဓာတ်ပုံ - မေတ္တာရောင်ခြည် ဖောင်ဒေးရှင်း
ဓာတ်ပုံ - မေတ္တာရောင်ခြည် ဖောင်ဒေးရှင်း

DMG ၊ သြဂုတ် ၈

ရခိုင်ပြည်၊ စစ်တွေမြို့ ရူပမြောက်ရပ်ကွက်ရှိ မြို့လယ်ချောင်းတွင် ပီနံအိတ်ခွံဖြင့် ထုပ်ပိုးထားသည့် လူသေအလောင်းတစ်လောင်းကို ယနေ့ သြဂုတ်လ ၈ ရက်နေ့ ညနေ ၅ နာရီခန့်က တွေ့ရှိခဲ့ကြောင်း မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှ သိရသည်။

သေဆုံးနေသူမှာအမျိုးသားဖြစ်ပြီး မည်သူမည်ဝါဖြစ်သည်ကို မသိရသေးကြောင်း မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း ဥက္ကဌ ကိုလင်းလင်းက ပြောသည်။

“ကျနော်တို့ ခန့်မှန်းရသလောက် သေတာတာကတော့ ၄ ရက်လောက်ရှိပြီ။ တွေ့ရတာကတော့ သတ်ပြီးတော့ မြေဆီအိတ်နဲ့ထုတ်ပြီး ပစ်လိုက်တာထင်တယ်။ အဲဒီချောင်းမှာ အမှိုက်တွေနဲ့ ရောပြီးတော့ တွေ့တာ” ဟု ၄င်းက ပြောသည်။ လက်ရှိတွင် ရုပ်အလောင်းအား စစ်တွေဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သူကဆက်ပြောသည်။ 

ရခိုင်ပြည်နယ်စစ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့ပေါ်တွင် ခိုးမှု၊ လုယက်မှုအပြင် ယခုကဲ့သို့ သတ်ဖြတ်မှုများထိ ရှိနေသဖြင့် ဒေသခံပြည်သူများမှာ လုံခြုံရေးအတွက် စိုးရိမ်မှုများ ရှိနေကြသည်။

 “စစ်တွေမှာက လူသတ်မှုတွေ၊ လူအလောင်းတွေ့တာတွေ တစ်နေ့ထက်တစ်နေ့ ကြားလာရတယ်။ နောက်ပြီးတော့ ခိုးကြတယ်၊ လုယက်ကြတယ်။ အခုလည်း လူကိုသတ်ပြီး မြေဆီအိတ်နဲ့ထုပ်ပြီး ပစ်သွားတာဆိုတော့ ပိုပြီး ကြောက်ဖို့ကောင်းလာတယ်” ဟု စက်ရုံရပ်ကွက်မှ ဒေါ်အေးနုချေက ဆိုသည်။

စစ်တွေမြို့တွင် ခိုးမှု၊ လုယက်မှု၊ ဓားပြမှု၊ လူသတ်မှု စသည့် ဖြစ်စဉ်များ ခပ်စိပ်စိပ်ဖြစ်လာသည်ကို တွေ့နေရပြီး ယခုကဲ့သို့ မှုခင်းများထူပြောလာခြင်းမှာ တရားဥပဒေစိုးမိုးရေး အားနည်းချက်ကြောင့်ဟု ဒေသခံများနှင့် လူမှုအဖွဲ့အစည်းများက ထောက်ပြနေကြသည်။

လက်ရှိဖြစ်ပွားနေသည့် ရာဇဝတ်မှုများနှင့်ပတ်သက်၍ ထိရောက်စွာ အရေးယူဆောင်ရွက်ခြင်းများ မရှိပါက ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကြောင်း ပြောဆိုကြသည်။

#R007

ဗီဒီယိုများ