စစ်တွေဒေသခံများကို စစ်ကောင်စီ အစုလိုက်အပြုံလိုက် ပစ်သတ်၊ ၄၀ ကျော်သေဆုံး

စစ်ကောင်စီနှင့် ALP တပ်ဖွဲ့ဝင်များသည် မေလ ၂၉ ရက်က ဗျိုင်းဖြူရွာသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာပြီး အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် နို့စို့အရွယ်ကလေးများပါမကျန် ဖမ်းဆီးခဲ့သည်။ 

By Admin 01 Jun 2024

စစ်ကောင်စီနှင်ထုတ်မှုကြောင့် ဝင်္ကဘာကွင်းရောက် ဗျိုင်းဖြူရွာဒေသခံများအား အွင်လိုင်းပေါ်ပျံ့နှံလာသည့် ဗွီဒီယိုတွင်တွေ့ရစဉ်။
စစ်ကောင်စီနှင်ထုတ်မှုကြောင့် ဝင်္ကဘာကွင်းရောက် ဗျိုင်းဖြူရွာဒေသခံများအား အွင်လိုင်းပေါ်ပျံ့နှံလာသည့် ဗွီဒီယိုတွင်တွေ့ရစဉ်။

DMG ၊ ဇွန် ၁ 

ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက် ဗျိုင်းဖြူရွာမှ ဒေသခံ ၄၁ ဦးကို စစ်ကောင်စီနှင့် ALP တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း မျက်မြင်ဒေသခံ DMG သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စောမြရာဇာလင်းဦးဆောင်သော ALP တပ်ဖွဲ့ဝင်များသည် မေလ ၂၉ ရက်က ဗျိုင်းဖြူရွာသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာပြီး တစ်အိမ်ဝင်တစ်အိမ်ထွက် စစ်ဆေးကာ အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် နို့စို့အရွယ်ကလေးများပါမကျန် ဖမ်းဆီးခဲ့သည်။ 

ယင်းသို့ ဖမ်းဆီးခံပြီးနောက် ကျေးရွာစာသင်ကျောင်း၊ ရွာသင်္ချိုင်းနှင့် ရွာဝင်လမ်းမတို့တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်ဟု မျက်မြင်များက ပြောသည်။ 

“အမျိုးသမီးတွေက အပြစ်မရှိပါဘူး။ လွှတ်ပေးလိုက်ပါလို့ပြောတဲ့ သူတွေကိုလည်း သေနတ်နဲ့ ပစ်သတ်လိုက်တယ်။ Arakan လို့ တက်တူးထိုးထားသူတွေကိုလည်း သတ်လိုက်တယ်။ တခြား မေးမြန်းစစ်ဆေးလို့ မရဘူးဆိုရင်လည်း ပစ်သတ်လိုက်တယ်။ လမ်းမထက်မှာ ဘယ်သူဘယ်ဝါမှန်း မသိဘဲ သေနေတဲ့သူတွေလည်း အများကြီး ရှိပါတယ်” ဟု မျက်မြင်တစ်ဦးက ပြောသည်။   

လတ်တလော DMG စုံစမ်းချက်အရ သေဆုံးသွားသူများတွင် အသက် ၁၅ နှစ်မှ အသက် ၇၀ ကြားအရွယ် အမျိုးသား ၃၈ ဦးနှင့် အမျိုးသမီး ၃ ဦး ပါဝင်သည်။

သေဆုံးသွားသူများမှာ (၁)ဦးကျော်ဆန်းဦး (၂)ဦးကျော်သိန်း (၃) ဦးကျော်ဝင်း (၄) ဦးကျော်လှ (၅) ဦးကုလားအောင် (၆)ဦးကုလားကြီး (၇)ဦးကုလားချေ (၈)ဦးဖိုးသိန်းစိန် (၉)ဦးမျိုးချေ (၁၀)ဦးချဘုကောင် (၁၁) ဦးဘောက်သာ(သား) (၁၂)ဦးကိုကိုမောင် (၁၃)ဦးခင်မောင်အေး (၁၄)ကိုမောင်သန်း (၁၅) ဦးကျော်နိုင် (၁၆)ဦးမောင်ချီး (၁၇)ကိုရဲကျော် (၁၈)ကိုအောင်နိုင်ဌေး (၁၉)ဦးဇော်မင်းထွန်း (၂၀)ဦးမောင်လှဦး (၂၁)ဦးသားချေ (၂၂)ဦးမြင့်ချေ (၂၃)ဦးမောင်ဆန်း (၂၄)ဦးမောင်လှယေ (၂၅)ကိုမောင်ထွီး (၂၆)ဦးမောင်လုံးချေ (၂၇)ဦးဦးကျော်နိုင် (၂၈)ဦးမောင်သိန်းထွန်း (၂၉)ဦးမောင်စံသား (၃၀)ဦးကျန်သာထွန်း (၃၁)မောင်ဘုမောင် (၃၂)ဦးသန်းဌေးမောင် (၃၃)ဦးဖားချေ (၃၄)ဦးကိုကိုအောင် (၃၅)ဦးအောင်သူချေ (၃၆)မောင်ဖြိုးဖြိုးနိုင် (၃၇)ဦးဇော်ထွန်းနိုင် (၃၈)ဦးမျိုးသိန်းထွန်း (၃၉)ဒေါ်ဦးခင်မြ (၄၀)မသန်းသန်းနု နှင့် တစ်ခြား အမည်စုံစမ်းဆဲအမျိုးသမီးတစ်ဦး တို့ဖြစ်ကြပြီး မြေပြင်တွင် ယင်းထက် ပိုများနိုင်သည်ဟု ပြောကြသည်။ 

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း အဆင်မပေခဲ့ပေ။ ယင်းအပြင် ALP ပြောခွင့်ရသူ ခိုင်သူရိန်ကို ဖုန်းဆက်မေးမြန်းရာ ပြန်မဖြေဘဲ ဖုန်းချသွားသည်။

သေဆုံးဒေသခံများ၏ ရုပ်အလောင်းတချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့ပြီး၊ တချို့ရုပ်အလောင်းများကို ကားဖြင့်သယ်သွားခဲ့သည်။ ယင်းအပြင် ဖမ်းဆီးထားသူတချို့ကိုလည်း ကားဖြင့်ခေါ်ဆောင်သွားသည်ဟု သိရသည်။ 

ဖမ်းဆီးခံထားရသူများထဲမှ အမျိုးသမီးများနှင့် အမျိုးသားတချို့ကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်သော်လည်း ကျေးရွာအတွင်းသို့ ဝင်ရောက်ခွင့်မရှိတော့ကြောင်းနှင့် ပြန်လည်ဖမ်းဆီးလာမည်ကို စိုးရိမ်နေကြကြောင်း လွတ်မြောက်လာသူတစ်ဦးက ပြောသည်။ 

“တေဘာကားနဲ့ ဝင်္ကပါဘာကွင်းအထိ ပို့ပေးတယ်။ ပြီးရင် ကိုယ့်အစီအစဉ်နဲ့ ကိုယ်အဆင်ပြေမယ့် နေရာကို သွားရတယ်။ ဆွေမျိုးမရှိတဲ့သူတွေကိုတော့ ဘုန်းကြီးကျောင်းကို ပို့ပေးထားတယ်” ဟု လွတ်မြောက်လာသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ဆတ်ရိုးကျ ဗျိုင်းဖြူရွာတွင် အိမ်ခြေတစ်ထောင်ကျော်ရှိပြီး ရွာလုံးကျွတ်အိုးအိမ်စွန့်ခွာနေရ၍ သက်ကြီးရွယ်အိုနှင့် ကလေးငယ် အများဆုံးပါဝင်ပြီး လက်ရှိတွင် စားသောက်နေထိုင်ရေးအတွက် အခက်အခဲဖြစ်နေကြသည်။ 

“ရွာလုံးကျွတ် ကျေးရွာထဲမှာ နေထိုင်လို့ မရတော့ဘူး။ မြို့ထဲမှာ စစ်ဘေးရှောင်အဖြစ် နေချင်ရင်နေ၊ မဟုတ်ဘဲ ဆွေမျိုးတွေအိမ်မှာ နေချင်ရင်နေလို့ ပြောပါတယ်။ ရွာထဲကို လုံးဝ ဝင်လို့မရတော့ပါဘူး” ဟု ကျေးရွာသားတစ်ဦးက ပြောသည်။ 

ယခုဖြစ်စဉ်မှာ မြို့တွင်းကျန်ရှိနေသည့် စစ်တွေမြို့ခံများကို အကြောက်တရား ရိုက်သွင်းခြင်းဖြစ်ပြီး တစ်ဖက်မှာလည်း စစ်တွေမြို့ကို AA ဝင်တိုက်လာမည်ကို စိုးရိမ်သည့်အတွက် မြို့ဝင်ပေါက်များကို ကြိုတင်ဖြိုခွင်းထားခြင်း ဖြစ်သည်ဟု စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။ 

“စစ်တွေကို စစ်အနိဌာရုံဖြစ်အောင် စစ်ရေးအတွေ့အကြုံအရသာကို ခံစားရအောင် စစ်ကောင်စီက ပြနေတာ။ အရင်တုန်းက ကျောက်တန်း၊ တင်းမကိစ္စတွေလို လုပ်ဝံ့ပါတယ်ဆိုပြီး စစ်တွေမြို့က ပြည်သူပြည်သားတွေ သိအောင်လာပြတာ။ နောက်တစ်ပိုင်းက စစ်တွေမြို့ကို AA ဝင်တိုက်မယ်ဆိုရင် ဒီကျေးရွာတွေ လုံးဝရှိလို့ မဖြစ်ဘူး။ အဲဒါကြောင့် ဒီကျေးရွာတွေကို ပထမဆုံး ဖြိုခွင်းလိုက်တာ ဖြစ်တယ်။ အဲဒီအနီးအနားက ကျေးရွာတွေကိုလည်း ဆက်ပြီးတော့ ဖြိုခွင်းလာဦးမယ်လို့ သုံးသပ်မိတယ်”  ဟု ရခိုင်စစ်ရေး အကဲခတ်တစ်ဦးက ပြောသည်။ 

စစ်တွေမြို့ဝင်ပေါက် အဝေးပြေးလမ်းမကို စစ်ကောင်စီက ပိတ်ဆို့ထားပြီး အခြားဝင်လမ်းများဖြစ်သော ဆတ်ရိုးကျ၊ ကျေးတော၊ ရွှေမင်းဂံ၊ သံဘော်လီ စသည့် ကျေးရွာများကိုလည်း ဗျိုင်းဖြူရွာကဲ့သို့ ဆက်တိုက် လုပ်လာနိုင်ကြောင်း ပြောဆိုကြသည်။

လက်ရှိ စစ်တွေမြို့တွင် စစ်ကောင်စီကားများ လှည့်လည်သွားလာနေပြီး ဆတ်ရိုးကျ(ဗျိုင်းဖြူရွာ)ကျေးရွာအား အဝင်အထွက် လုံးဝပိတ်ပင်ထားသည်။ 

ရခိုင်ပြည်တွင် ၂၀၁၉ စစ်ရေးကာလအတွင်း ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာသား ၂၇၅ ဦးကို စစ်ကောင်စီက ကျေးရွာစာသင်ကျောင်းတွင် ခေါ်ယူစစ်ဆေးစဉ် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ၆ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရှိသူထဲမှတစ်ဦးမှာ ဆေးကုသမှုခံယူနေစဉ်အတွင်း သေဆုံးသွားသည့် ဖြစ်စဉ် ရှိခဲ့သည်။ 

ရခိုင်စစ်ပွဲ ၆ လအတွင်း စစ်ကောင်စီတပ်က ဒေသခံ ၄၂၅ ဦးကို မတရားဖမ်းဆီးခဲ့သည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) က မေ ၂၈ ရက်တွင် ထုတ်ပြန်သည်။  ထိုကာလအတွင်း လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား၂၆၈ ဦး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်တွင် အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်သိမ်းပိုက်ထားသည့် မြို့အရေအတွက် များပြားလာချိန်တွင် ပြည်နယ်မြို့တော် စစ်တွေမြို့ကို စစ်ကောင်စီက လမ်းခရီးပတ်ဆို့ပြီး မြို့ပတ်လည်တွင် မိုင်းထောင်ထားမှုကြောင့် ဒေသခံများမှာ မြို့မှထွက်ခွာမရနိုင်ဘဲ ရှိနေကြသည်။ 

ဗီဒီယိုများ