- ကျောက်ဖြူမြို့အနီး တိုက်ပွဲကပ်လာ၍ မြို့ပေါ်လုံခြုံရေး စစ်ကောင်စီ ပိုတင်းကျပ်
- ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားကောင်းရန် လိုအပ်နေ
- ကျောင်းမတက်ဖြစ်သူများ ကင်းမဲ့ဇုန် အလိုရှိသည်
- မိုးတွင်းကာလ လမ်းခရီးကြမ်း၍ အိန္ဒိယ-ရခိုင်ကုန်သွယ်ရေးတွင် ဆုံးရှုံးမှုများ ရှိလာ
- မွတ်ဆလင် ဒုက္ခသည်အရေး AA နှင့် ဆွေးနွေးရန် အမေရိကန် တိုက်တွန်း
စစ်ကောင်စီ ပစ်ခတ်မှုကြောင့် ကျောက်ဖြူတွင် အမျိုးသမီးတစ်ဦး သေဆုံး
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာတွင် စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။
09 Jun 2025

DMG ၊ ဇွန် ၉
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာတွင် စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။
ယမန်နေ့ (ဇွန် ၈ ) ညနေ ၉ နာရီတွင် ဂုံးချွိန်ကျေးရွာအနီးတွင် အခြေစိုက်ထားသည့် ခမရ ၅၄၃ တပ်ရင်းကနေ ကျေးရွာအတွင်းသို့ လက်နက်ငယ်၊ လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး ယင်းအမျိုးသမီးမှာ ကျည်ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။
" မနေ့ညက ၅၄၃ တပ်ရင်းက လက်နက်ကြီးတွေရော လက်နက်ငယ်တွေရော ရမ်းသန်းပြီး ပစ်ခဲ့တာရှိပါတယ်။ လက်နက်ငယ်ကျလို့ ရွာထဲက အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။ သူ့ရဲ့ နာမည်နဲ့ အသက်ကိုတော့ အတိအကျ သိရအောင် ကျနော်တို့လည်း စုံစမ်းနေပါတယ် " ဟု ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ အမျိုးသမီးရုပ်အလောင်းကို ညတွင်းချင်း သဂြိုလ်လိုက်ကြောင်း သိရပြီး အသေးစိတ်သိနိုင်ရန် မိသားစုဝင်များကို DMG က ဆက်သွယ်နေဆဲဖြစ်သည်။
ဂုံးချွိန်ကျေးရွာတွင် ခမရ ၅၄၃၊ ခမရ ၅၄၂ တပ်ရင်းများရှိသည်။ လက်ရှိတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့သည် အမှတ် ၃၂ ရဲတပ်ရင်းနှင့် မလကျွန်းကျေးရွာအနီးတို့တွင် တိုက်ပွဲများဖြစ်နေပြီး ဂုံးချွိန်ကျေးရွာသည် ယင်းတိုက်ပွဲဖြစ်ရာနေရာနှင့် ၂ မိုင် ကျော်ခန့် အကွာတွင် ရှိကြောင်း ဒေသခံများက ဆိုသည်။
" အခု တိုက်ပွဲဖြစ်နေတဲ့ နေရာတွေကို အဲဒီ ၅၄၃ နဲ့ ၅၄၂ တပ်ရင်းတွေကနေ လက်နက်ကြီးတွေ စစ်ကူပေးတာတွေ ရှိတယ်။ မနေ့ကတော့ လက်နက်ငယ်ပါ ပစ်တယ်။ ဒီရွာကလူတွေကို စစ်ကောင်စီက စစ်ဘေးရှောင်ခွင့်လည်း မပေးတော့ တိုက်ပွဲကြားမှာ ညှပ်မယ့်အနေအထားရှိတယ်" ဟု နောက်ထပ် ကျောက်ဖြူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲများရှိနေပြီး မြို့တွင်းနှင့် စစ်ကောင်စီ ထိန်းချုပ်ထားရာ ကျေးရွာများမှ ဒေသခံများမှာ လုံခြုံရေးစိုးရိမ်ချက်ဖြင့် စစ်ဘေးရှာင်ရန် ကြိုးစားနေကြောင်း သိရသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအဝင် သတ်ဖြတ်ခံရမှုတို့ကြောင့် မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်မေလအတွင်း အမျိုးသမီး စုစုပေါင်း ၉၂ ဦး သေဆုံးခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်ထားသည်။