ဗုံးကြဲခံရ၍ အစုလိုက်အပြုံလိုက် ဒဏ်ရာရ ရခိုင်ဒေသခံများ အကူညီလိုအပ်နေ

" ဒဏ်ရာပြင်းထန်သူတွေ၊ ခွဲစိတ်ကုသရမယ့်သူတွေကျတော့ ရေရှည်ကုသဖို့အတွက် ငွေကြေးတွေ လိုအပ်တယ်။ သူတို့ စားသောက်ရေးအတွက်လည်း ငွေကြေး လိုအပ်ပါတယ် " ဟု ဒဏ်ရာရလူနာများကို ကူညီပေးနေသူတစ်ဦးက ပြောသည်။

By Admin 22 May 2025

၂၀၂၅ ခုနှစ်၊ မေလ ၁၃ ရက်က ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာကို လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့
၂၀၂၅ ခုနှစ်၊ မေလ ၁၃ ရက်က ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာကို လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

DMG ၊ မေ ၂၂

စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ရသေ့တောင်မြို့နယ်နှင့် ကျောက်တော်မြို့တို့တွင် အစုလိုက်အပြုံလိုက် ဒဏ်ရာရသွားသည့် ရခိုင်ဒေသခံများနှင့် နေအိမ်ပျက်စီးသွားသည့် မိသားစုဝင်များမှာ ငွေကြေးနှင့် အခြားအကူအညီများ လိုအပ်နေကြောင်း သတင်းရရှိသည်။

မေလ ၁၃ ရက်က စစ်ကောင်စီ ဗုံးကြဲခဲ့သည့် ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာ(ဟောင်း) ဖြစ်စဉ်တွင် ဒေသခံ အရပ်သား ၁၂ ဦး သေဆုံးခဲ့ပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၃၀ ကျော်ထိ ပျက်ဆီးခဲ့ရသည်။

လက်ရှိတွင် ဒဏ်ရာရလူနာများကို နီးစပ်ရာဆေးရုံ၊ ဆေးခန်းများ၌ ဆေးဝါးကုသမှုပေးနေသော်လည်း ပြင်းထန်ဒဏ်ရာရရှိသူများမှာ ရေရှည်ဆေးဝါးကုသရန် ငွေကြေးလိုအပ်နေခြင်း ဖြစ်သည်။

" ဒဏ်ရာပြင်းထန်သူတွေ၊ ခွဲစိတ်ကုသရမယ့်သူတွေကျတော့ ရေရှည်ကုသဖို့အတွက် ငွေကြေးတွေ လိုအပ်တယ်။ သူတို့ စားသောက်ရေးအတွက်လည်း ငွေကြေး လိုအပ်ပါတယ် " ဟု ဒဏ်ရာရလူနာများကို ကူညီပေးနေသူတစ်ဦးက ပြောသည်။

ယင်းဒဏ်ရာရလူနာများကို ရခိုင်အရပ်ဖက်အဖွဲ့အစည်းနှစ်ခုမှ ငွေကြေးအချို့ကူညီပေးခဲ့သော်လည်း ဆက်လက်လိုအပ်နေသေးကြောင်း ကူညီပေးနေသူက ဆိုသည်။

အလားတူ မေလ ၁၄ ရက်တွင် ကျောက်တော်မြို့ပေါ်ကို စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ဒေသခံ ၃ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရရှိသွားသလို မေလ ၁၅ ရက်တွင် ကျောက်တော်မြို့ကို ထပ်မံဗုံးကြဲမှုကြောင့် ဒေသခံ ၅ ဦးသေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။

ထိုသို့ ဒဏ်ရာရရှိသွားသူများမှာ ဆေးကုသမှုခံယူနေကြရသော်လည်း ငွေကြေးအကူအညီများ လိုအပ်နေကြောင်း သိရသည်။

ယင်းအပြင် ဗုံးကြဲမှုကြောင့် ထိခိုက်ပျက်စီးသွားသည့် မိသားစုဝင်များမှာလည်း နေအိမ်ပြန်လည်မပြုပြင် နိုင်သေးသည့်အတွက် နီးစပ်ရာ ကျေးရွာများနှင့် ဆွေမျိုးနေအိမ်များ၌ ယာယီခိုလှုံနေထိုင်နေရကြောင်း သိရသည်။

ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာသားတစ်ဦးက " မိသားစုဝင်တွေလည်း ထိခိုက်ဒဏ်ရာရ၊ နေအိမ်လည်းပျက်စီးသွားတဲ့ သူတွေက ပိုပြီးခက်ခဲတယ်။ ကောက်ကိုင်စရာ မရှိတော့ဘူး။ ဘဝပျက်သွားကြတဲ့ အခြေအနေပါ " ဟု ပြောသည်။

စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှု‌ကြောင်း အရပ်သားအစုလိုက်အပြုံလိုက် သေဆုံးခဲ့သဖြင့် ယင်းလုပ်ရပ်အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း အာရက္ခတပ်တော်က ထုတ်ပြန်ထားသည်။

လက်ရှိ အာရက္ခတပ်တော်သည် ဧပြီလမှ စ၍ မေလ ၃၁ ရက် အထိ ၂ လကြာ တစ်ဖက်သတ် အပစ်ခတ်ရပ်စဲ ထားပြီး ထိုးစစ်ဆင်မှုများကို ရပ်စဲထားချိန်တွင် စစ်ကောင်စီက ဆက်တိုက်ဆိုသလို လေကြောင်းက ဗုံးကြဲ တိုက်ခိုက်မှုများရှိနေခြင်း ဖြစ်သည်။