ကျောက်တော်က စစ်ဘေးရှောင်တစ်ဦးနှင့် ဒေသခံတစ်ဦးအမှု ၅ လအကြာတွင် စတင်စစ်ဆေး

မြန်မာစစ်တပ်က ဖမ်းဆီးပြီးနောက် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်တော်မြို့မှ စစ်ဘေးရှောင်တစ်ဦးနှင့် ဒေသခံတစ်ဦးအမှုကို ၅ လ အကြာတွင် စတင်စစ်ဆေးကြောင်း ရှေ့နေထံမှ သိရသည်။ 

By Admin 06 Apr 2023

တရားရင်ဆိုင်နေရသူ ကဝိရတနာစစ်ဘေးရှောင်စခန်းမှ ဦးကျော်ဟိန်း
တရားရင်ဆိုင်နေရသူ ကဝိရတနာစစ်ဘေးရှောင်စခန်းမှ ဦးကျော်ဟိန်း

DMG ၊ ဧပြီ ၆

မြန်မာစစ်တပ်က ဖမ်းဆီးပြီးနောက် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်တော်မြို့မှ စစ်ဘေးရှောင်တစ်ဦးနှင့် ဒေသခံတစ်ဦးအမှုကို ၅ လ အကြာတွင် စတင်စစ်ဆေးကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှ သိရသည်။ 

၎င်းတို့နှစ်ဦးကို ဧပြီလ ၅ ရက်နေ့က ကျောက်တော်မြို့နယ်တရားရုံး၌ ရုံးထုတ်ရာတွင် တရားလိုကိုယ်စား ကျောက်တော်မြို့မရဲစခန်းမှ ဂါတ်စာရေးတစ်ဦးနှင့် ရှာဖွေသက်သေအဖြစ် အုပ်ချုပ်ရေးမှူးတစ်ဦးကို စစ်ဆေးခဲ့ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေက ပြောသည်။ 

“တရားလိုအစား ကျောက်တော်မြို့မရဲစခန်းက ဂါတ်စာရေးတစ်ယောက်ကို စစ်တယ်။ ပြီးရင် ရှာဖွေ သက်သေအဖြစ် သရက်တပင်က အုပ်ချုပ်ရေးမှူး တစ်ယောက်ကို စစ်တယ်” ဟု အဆိုပါရှေ့နေက ပြောသည်။ 

တရားစွဲဆိုခံထားရသူမှာ ကျောက်တော်မြို့၊ ကဝိရတနာစစ်ဘေးရှောင်စခန်းမှ အသက် (၄၀) အရွယ် ဦးကျော်ဟိန်းနှင့် သရက်တပင်ကျေးရွာမှ ဦးမောင်စောသာ (၅၃) နှစ် တို့ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲကာလက ဖမ်းဆီးခံရခြင်းဖြစ်ပြီး AA နှင့် ဆက်နွယ်သည်ဟုဆိုကာ တရားစွဲဆိုခံထားရခြင်းဖြစ်သည်။ ထိုအပေါ်မှာ မိသားစုဝင်များက ငြင်း ဆိုထားကြသည်။ 

ဦးကျော်ဟိန်းနှင့် ဦးမောင်စောသာတို့ တရားရင်ဆိုင်နေကြရသည့်အတွက် မိသားစုဝင်များမှာ ငွေကြေး၊ စားဝတ်နေရေး အခက်အခဲရှိနေပြီး ၎င်းတို့နှစ်ဦးကို အပြစ်ရှိပါက အရေးယူရန်နှင့် အပြစ်မရှိပါက ပြန်လွှတ်ပေးရန် တောင်းဆိုကြသည်။ 

“အမှုစဖွင့်ကတည်းကနေ တရားလိုဘက်က ရုံးချိန်းမရောက်တဲ့အတွက် ရုံးချိန်း ၁၆ ကြိမ် လောက်ထိ ရွေ့ဆိုင်းခဲ့ရတယ်။ အပြစ်မရှိဘူးဆိုရင် လွှတ်ပေးပါ။ ဒါမှမဟုတ် အပြစ်ရှိလို့ ထောင်ဒဏ်ချမယ်ဆိုရင်လည်း အရင်ချမှတ်ဖို့ ပြောချင်တယ်” ဟု ဦးကျော်ဟိန်း၏ဇနီး ဒေါ်အေးသန်းက ပြောသည်။

တရားရုံးက အမှုကို ဆက်လက်စစ်ဆေးရန်အတွက် ဧပြီလ ၂၃ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်သည်။  

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တကျော့ပြန်တိုက်ပွဲကာလအတွင်း AA သံသယဖြင့် ဖမ်းဆီးခံရသူ အများအပြားရှိခဲ့ပြီး တချို့မှာ ပြန်လည်လွတ်မြောက်လာသော်လည်း၊ တချို့မှာ ယနေ့အချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပေ။ 

DMG က ကောက်ယူထားသောစာရင်းအရ တိုက်ပွဲကာလအတွင်း သံသယဖြင့်ဖမ်းဆီးခံရပြီး မတရားအသင်းဆက်သွယ်မှုပုဒ်၊ နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မတို့ဖြင့် တရားရင်ဆိုင်နေရသူ ၅၀ ခန့်ရှိနေသည်။ 

#I001