- မြန်မာ့ပဋိပက္ခထဲမှာ လှေနံနှစ်ဘက်နင်းတဲ့ တရုတ်ကစားကွက် (၁)
- ရခိုင်ပြည်က ဟောင်းနွမ်းငွေစက္ကူ ပြဿနာ အထူးကြပ်မတ်ရန် လိုအပ်နေ
- ICC ရှေ့နေ ကယ်ရင်ခန် လိင်မတော်မတရားမှုဖြင့် စစ်ဆေးခံနေရ
- စစ်ကောင်စီ၏ အငြိုးအတေး ပစ်မှတ်အောက်က မြို့ကျောက်တော်
- ဧရာဝတီ၊ ကွင်းကောက်မြို့အနီးက ကပျိုစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ ထိုးစစ်ဆင်
မွန် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ ထောင်ဒဏ် ၂ နှစ် ထပ်မံချမှတ်ခံရ၊ စုစုပေါင်း ထောင်ဒဏ်၂၇ နှစ်အထိ ရှိလာ
မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ရွေးကောက်ပွဲ မလျော်သြဇာမှုဖြင့် ယမန်နေ့ (ဒီဇင်ဘာ ၆) က ကျိုက်မရော အကျဥ်းထောင် အထူးတရားရုံးတွင် ထောင်ဒဏ် (၂) နှစ် ထပ်မံချမှတ်လိုက်ကြောင်း သိရသည်။
07 Dec 2022

DMG | ဒီဇင်ဘာ ၇
မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ရွေးကောက်ပွဲ မလျော်သြဇာမှုဖြင့် ယမန်နေ့ (ဒီဇင်ဘာ ၆) က ကျိုက်မရော အကျဥ်းထောင် အထူးတရားရုံးတွင် ထောင်ဒဏ် (၂) နှစ် ထပ်မံချမှတ်လိုက်ကြောင်း သိရသည်။
ဒေါက်တာအေးဇံကို ၂၀၂၀ ရွေးကောက်ပွဲအတွင်း မလျော်သြဇာအသုံးပြုခဲ့သည်ဟုဆိုကာ စစ်ကောင်စီမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၇၁ (စ) ဖြင့် အမှု (၂) မှု စွဲဆိုကာ တစ်မှုလျှင် ထောင်ဒဏ် (၁) နှစ်စီ စုစုပေါင်း ထောင်ဒဏ် ၂နှစ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အထူးတရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ ဒေါက်တာအေးဇံကို ပုဒ်မ ၁၇၁(စ)နဲ့ အမိန့်ထပ်ချလိုက်တယ်။ အမှုတစ်ခုစီကို ထောင်ဒဏ်တစ်နှစ်နဲ့ နှစ်မှုဖြစ်လို့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရပါတယ်” ဟု ၄င်းကပြောသည်။
ယင်းသို့ အမိန့်ချမှတ်ခံရမှုအပေါ် ဒေါက်တာအေးဇံဘက်မှ အယူခံပြန်ဝင်ရန် ပြင်ဆင်နေကြောင်းလည်း ရှေ့နေအသိုင်းအဝိုင်းထံက သိရသည်။
ဝန်ကြီးချုပ်ဟောင်းနှင့် နီးစပ်သူတစ်ဉီးက “ ဒေါက်တာက ထောင်ထဲမှာ အနေကြာသွားလို့ နည်းနည်း ပိန်သွားတယ်။ ကျန်းမာရေး အခြေအနေကတော့ ကောင်းမွန်ပါတယ် ” ဟု ပြောဆိုသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံသည်ပြီးခဲ့သည့် ၂၀၂၁ခုနှစ် ဒီဇင်ဘာလအတွင်း ရာဇသတ်ကြီး ပုဒ်မ၅၀၅(ခ )ဖြင့် ထောင်ဒဏ်(၂) နှစ်၊ ယခုနှစ် မေလ ၁၆ ရက်တွင် အဂတိမှု (၉)မှုဖြင့် ထောင်ဒဏ် (၂၁)နှစ်နှင့် ပုဒ်မ ၁၃၀ (က)ဖြင့်ထောင်ဒဏ် (၂)နှစ်အပြင် ယခု ရာဇသတ်ကြီးပုဒ်မ ၁၇၁(စ)ဖြင့်ထောင်ဒဏ် (၂) နှစ် အပါအဝင် စုစုပေါင်း ထောင်ဒဏ် (၂၇) နှစ်အထိ စစ်ကောင်စီမှပြစ်ဒဏ် ချမှတ်ခြင်းခံထားရသည်။