မြောက်ပိုင်း EAO ၇ ဖွဲ့နှင့် တရုတ်ကိုယ်စားလှယ် တွေ့ဆုံမှုမှာ ရွေးကောက်ပွဲသဘောထားများကို မေးမြန်းခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေးအကဲခတ်သူများ ပြော

မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်သစ် မစ္စတာ တိန့်ရှီကျွန်း (Deng Xijun)နှင့် မြောက်ပိုင်း EAOs ၇ ဖွဲ့တို့သည် ပြီးခဲ့သည့် ရက်ပိုင်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

By Admin 29 Dec 2022

မြောက်ပိုင်း EAO ၇ ဖွဲ့နှင့် တရုတ်ကိုယ်စားလှယ် တွေ့ဆုံမှုမှာ ရွေးကောက်ပွဲသဘောထားများကို မေးမြန်းခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေးအကဲခတ်သူများ ပြော

ပြီးခဲ့သည့် စက်တင်ဘာလက မြောက်ပိုင်း EAOs အဖွဲ့များ “ဝ” ပြည်နယ်တွင် တွေ့ဆုံခဲ့စဉ်။ Photo- facebook

DMG | ဒီဇင်ဘာ ၂၉

မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်သစ် မစ္စတာ တိန့်ရှီကျွန်း (Deng Xijun)နှင့် မြောက်ပိုင်း EAOs ၇ ဖွဲ့တို့သည် ပြီးခဲ့သည့် ရက်ပိုင်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် မြောက်ပိုင်း မဟာမိတ် EAOs များဖြစ်သည့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ရက္ခိုင့်တပ်တော် (AA)၊ တအာင်း ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA) ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

UWSA ၏ လားရှိုးမြို့ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်း က “ မိတ်ဆက်ပွဲအနေနဲ့ တွေ့ကြတာ မှန်ပါတယ်။ တခြား ထူးထူးခြားခြား ဆွေးနွေးမှုတွေတော့ မရှိပါဘူး” DMG ကို ပြောဆိုသည်။

သို့သော်လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်တွင် စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲ အခြေအနေများကို ပိုပြီး နားလည်သ ဘောပေါက်မှုရရှိဖို့အတွက် အဆိုပါ အဖွဲ့အစည်းတို့ထံမှ သဘောထားတွေကို လာရောက်မေးမြန်းစုံစမ်းခြင်းဖြစ်နိုင်ကြောင်း မြန်မာ့နိုင်ငံအရေးလေ့လာသုံးသပ်သူများက ပြောဆိုသည်။

မြန်မာ့နိုင်ငံအရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က“ NCA လက်မှတ်မထိုးထားတဲ့ EAO ၇ ဖွဲ့နဲ့တွေ့တာကတော့ တရုတ်ပြည်က ဗမာပြည်မှာဖြစ်နေတဲ့ အခြေအနေတွေနဲ့ သူတို့ရဲ့နိုင်ငံရေးသဘောထားတွေ၊ စစ်ကောင်စီကလုပ်မယ့် လုပ်ငန်းတွေ အစီစဉ်တွေအပေါ်မှာ တရုတ်ပြည်အနေနဲ့ ပိုမိုပြည့်စုံစွာ နားလည်ဖို့လိုအပ်နေတဲ့အချိန် ဖြစ်တဲ့အတွက် ဒီလိုတွေ့ဆုံမှုဖြစ်နိုင်တယ်” ဟု ဆိုသည်။

စစ်ကောင်စီသည် လာမည့် ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် PR စနစ်ဖြင့် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေသည်ကို တွေ့ရသည်။

ထို့အပြင် အဆိုပါ EAO ၇ ဖွဲ့ထဲက AA၊ TNLAနှင့် MNDAA ညီနောင် မဟာမိတ် (၃) ဖွဲ့ကို တရုတ်က တိုက်ရိုက် မဟုတ်သော်လည်း သွယ်ဝိုက်သော နည်းလမ်းအားဖြင့် နိုင်ငံရေးအရ ကြားခံပေးမှုများ ရှိကြောင်းလည်း ဉီးသန်းစိုးနိုင်က ဆိုသည်။

သို့သော် ထိုတွေ့ဆုံပွဲတွင် မည့်သည်အချက်အလက်များကို ဆွေးနွေးခဲ့သည့်ကို သိရှိရန် ရက္ခိုင့်တပ်တော်(AA) မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကိုလည်း DMG က ဆက်သွယ်နေဆဲဖြစ်သည်။

တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွန်းသည် ၂၀၂၀ ခုနှစ်မှ ယခုနှစ် နိုဝင်ဘာလအထိ အာဆီယံဆိုင်ရာ အထူးသံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန် (Sun Guoxiang) ၏နေရာကို ဆက်ခံသူဖြစ်ကြောင်း သိရသည်။

အဆိုပါ မြောက်ပိုင်း (၇) ဖွဲ့ကို ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)ဟုလည်း ခေါ်ဆိုကြပြီး တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် လက်မှတ် ရေးထိုးထားခြင်းမရှိဘဲ NCA မဟုတ်သော အခြားနိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးရန် မူဝါဒချမှတ်ထားသည်။

ဗီဒီယိုများ