ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ရခိုင်က ဖြေဆိုမည့်သူနည်းသည့်အတွက် စာစစ်ဌာနများကို မြို့ပေါ်၌သာ ဦးစားပေးချပေးသွားမည်

စနစ်‌ဟောင်းသင်ရိုးညွှန်းတမ်းဖြင့် စစ်ဆေးမည့် ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ရခိုင်က ဝင်ရောက်ဖြေဆိုမည့် ကျောင်းသူ/သား နည်းပါးသောကြောင့် စာစစ်ဌာနများအား မြို့ပေါ်၌သာ အဓိက ဦးစားပေးချထားပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ စုံစမ်းသိရှိရသည်။

By Admin 29 Dec 2022

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ရခိုင်က ဖြေဆိုမည့်သူနည်းသည့်အတွက် စာစစ်ဌာနများကို မြို့ပေါ်၌သာ ဦးစားပေးချပေးသွားမည်

DMG | ဒီဇင်ဘာ ၂၉

စနစ်‌ဟောင်းသင်ရိုးညွှန်းတမ်းဖြင့် စစ်ဆေးမည့် ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ရခိုင်က ဝင်ရောက်ဖြေဆိုမည့် ကျောင်းသူ/သား နည်းပါးသောကြောင့် စာစစ်ဌာနများအား မြို့ပေါ်၌သာ အဓိက ဦးစားပေးချထားပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ စုံစမ်းသိရှိရသည်။

စာမေးပွဲဝင်ရောက်ဖြေဆိုမည့်သူ နည်းပါးလာသည့်အတွက် စာစစ်ဌာနများကို ဝင်ဆံ့အနေအထားအရ မြို့ပေါ်၌သာ အဓိက ဦးစားပေးချပေးသွားမည့်အကြောင်းကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ်က မြို့နယ်ပညာရေးမှူးများ၊ ခရိုင်ပညာရေးမှူးများကို အစည်းအဝေးတွင် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူး ဦးဘထွီးစိန်က ပြောသည်။

" မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက သတ်မှတ်ပေးမယ့် ဝင်ဆံ့အနေအထားအရ စာစစ်ဌာနကတော့ မနှစ်ကထက် အများကြီးနည်းသွားမှာပေါ့။ အထူးသဖြင့်တော့ မြို့ပေါ်တွေမှာပေးမှာ။ စာစစ်ဌာတစ်ခုမှာ ကျောင်းသား ၁၀ယောက်လောက်နဲ့ မဖြစ်နိုင်ဘူး။ သွားလာဖို့ လမ်းပန်းဆက်သွယ်ရေးတွေ၊ သယ်ယူပို့ဆောင်ရေးတွေလည်း အခက်အခဲရှိလာနိုင်တယ်။ မနှစ်ကတော့ လုံခြုံရေးအခြေနေအရ မြို့ပေါ်စာစစ်ဌာနတွေကို ပြောင်းရွှေ့စစ်ဆေးရတယ်။ ဒီနှစ်တော့ ဝင်ဆံ့အနေအထားကြောင့် မြို့ပေါ်ကိုပြောင်းရွှေ့ရမှာပါ" ဟု ၎င်းကပြောသည်။

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ရခိုင်က ဝင်ရောက်ဖြေဆိုမည့် ကျောင်းသူ၊ ကျောင်းသား ၁၉၀၀၀ကျော်ရှိပြီး ကျောင်းတွင်းဖြေဆိုမည့်သူ ၄၀၈ ဦး၊ ပြင်ပမှ ဖြေဆိုမည့် ၁၈၇၅၇ ဦးရှိကြောင်းနှင့် ကျောင်းသူ/ကျောင်းသားများ၏ ဖြေဆိုရမည့် စာစစ်ဌာနများကို လာမည့် ဇန်နဝါရီလ နောက်ဆုံးသီတင်းပတ်ထဲတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် နှစ်က နယ်မြေဒေသမတည်ငြိမ်မှုတို့ကြောင့် မေးခွန်းလွှာများယူသည့် အပိုင်းနှင့် မေးခွန်းလွှာများကို စောင့်ရမည့်အပိုင်းတို့တွင် အခက်အခဲရှိသည်ဟုဆိုကာ နယ်မှ စာစစ်ဌာနများကို မြို့ပေါ်သို့ ပြောင်းရွှေ့စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းကြောင့် မြို့ပေါ်သို့ သွားရောက်စာမေးပွဲဖြေဆိုရန် ငွေကြေးမပြေလည်သည့် နယ်မှ ကျောင်းသူ/ ကျောင်းသားအချို့သည်လည်း စာမေးပွဲ မဖြေဆိုခဲ့ရမှုများရှိခဲ့ကြောင်း သိရသည်။ လာမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုလည်း မြို့ပေါ်သို့သွားရောက် ဖြေဆိုရမည်ဆိုပါက ငွေကြေးအခက်အခဲများ ဖြစ်လာမည်ကို ကျောင်းသားမိဘများက စိုးရိမ်နေကြခြင်း ဖြစ်သည်။

" မနှစ်ကလိုမျိုး တိုက်ပွဲတွေမရှိဘဲ အေးချမ်းခဲ့ရင်တော့ ကိုယ့်အလုပ်ကို ကိုယ်အေးဆေးလုပ်ပြီး ရတာလေးနဲ့ အဆင်ပြေအောင် သွားဖြေခိုင်းလို့ရတာပေါ့။ ဒီနှစ်တော့ တိုက်ပွဲတွေဖြစ်တယ်၊ ထွက်ပြေးခဲ့ရတယ်ဆိုတော့ စပါးတွေလည်း အချိန်မှီမရိတ်သိမ်းနိုင်ဘဲ ဆုံးရှုံးမှုတွေရှိတယ်။ ကုန်ဈေးနှုန်းကလည်း အရမ်းတက်နေတော့ မနှစ်ကထက် ငွေကုန်ကြေးကျလည်း ပိုများမယ်။ သားတစ်ယောက်စာမေးပွဲဖြေနိုင်ဖို့အတွက် အခုကတည်းက ပူပန်နေရတယ်။ အတတ်နိုင်ဆုံးတော့ ကိုယ့်ရပ်ရွာက စာစစ်ဌာနမှာ ကိုယ့်အိမ်စားစရိတ်လေးနဲ့ ဖြေစေချင်တာပေါ့" ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ ကျွဲထိုးရွာမှ ကျောင်းသားမိဘ ဦးကျော်အေးတင်က ပြောသည်။

မတ်လတွင်ကျင်းပရန် ကြေညာထားသော တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုမည့် ကျောင်းသူ/ကျောင်းသားများသည် ယခင်နှစ်က စာမေးပွဲ မအောင်မြင်လိုက်သောသူများဖြစ်ပြီး ၎င်းတို့သည် စနစ်ဟောင်းသင်ရိုးညွှန်းတန်းဖြင့် အဆိုပါစာမေးပွဲကို ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။

“ဒီနှစ်က စနစ်‌ဟောင်းတွေအတွက် နောက်ဆုံးလို့ တပ်အပ်မပြောနိုင်သေးဘူး။ ဒီ ၁၉၀၀၀ကျော်က ရခိုင်အတိုင်း အတာနဲ့ပေါ့။ မြန်မာတစ်နိုင်ငံလုံးမှာဆိုရင် ဘယ်လောက်ရှိမလဲ မသိဘူး။ ဒီလူတွေအကုန်အောင်သွားရင် စနစ်‌ဟောင်းကို စာမေးပွဲ ထပ်စစ်စရာမလိုတော့ဘူးပေါ့။ တကယ်လို့ ရခိုင်မှာ ၁ သောင်းအောင်ပြီး ၉၀၀၀ ကျခဲ့ရင်တော့ သူတို့အတွက် အခွင့်အရေး ထပ်ပေးချင်ရင် ပေးလိမ့်မယ်။ ဒါကြောင့် နောက်ဆုံးလို့တော့ ပြောမရသေးဘူး” ဟု ဦးဘထွီးစိန်က ဆက်ပြောသည်။

ယခုနှစ်တွင် Grade 10 အောင်မြင်ပြီး Grade 11 တွင် စနစ်သစ်သင်ရိုးညွှန်းဖြင့် ပညာသင်ကြားနေသော ကျောင်းသူ/ကျောင်းသားများမှာ ကျောင်းတွင်းစာမေးပွဲများကိုသာ ဖြေဆိုရမည်ဖြစ်သည်။

ဖြေဆိုပြီးပါက လာမည့်နှစ်တွင် Grade 12 ကို စနစ်သစ်သင်ရိုးညွှန်းတန်းဖြင့် သင်ကြားရမည်ဖြစ်ပြီး ကျောင်းတွင်းစာမေးပွဲများကို ဖြေဆိုရမည်ဖြစ်ကာ အောင်မြင်ပါက အခြေခံပညာအထက်တန်း သင်ယူပြီးမြောက်ကြောင်း လက်မှတ်ရရှိမည်ဖြစ်သည်။

ယင်းနောက် ၂၀၂၄ခုနှစ် မတ်လတွင် ပြုလုပ်ကျင်းပမည့် နိုင်ငံတော်အဆင့် အစိုးစစ် စာမေးပွဲပြုလုပ်မည်ဖြစ်ပြီး ယင်းစာမေးပွဲသည် တက္ကသိုလ်များကို တက်ရောက်ခွင့်ရရှိရန် Grade အဆင့်သတ်ပေးမည့် စာမေးပွဲကြောင်း သိရသည်။ မိမိရရှိသော Grade အဆင့်အပေါ်မူတည်၍ သတ်မှတ်ထားသည့် တက္ကသိုလ်များ၏ ဝင်ခွင့်စာမေးပွဲကို ဖြေဆိုကာ တက်ရောက် သင်ကြားကြရမည်ဖြစ်သည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၁- ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့သူ ၄၁၇၅၇ ဦးအနက် ၁၉၇၂၉ ဦး အောင်မြင်ခဲ့ကြောင်းလည်း ပြည်နယ်ပညာရေးမှူးရုံး၏ စာရင်းအရ သိရှိရသည်။

ဗီဒီယိုများ