- စစ်ကောင်စီက ငါးဖမ်းခွင့်ပိတ်ထား၍ ကျိန္တလီဒေသခံများ စားဝတ်နေရေးအခက်ကြုံ
- သံတွဲရေတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျ၍ ဒေသခံတစ်ဦး သေဆုံး၊ တစ်ဦးဒဏ်ရာရ
- စစ်ခေါင်းဆောင် သမ္မတနေရာယူခြင်းမှာ “အရှက်အကြောက်မဲ့ခြင်း” ဟု နိုင်ငံရေးအကဲခတ်များ ဝေဖန်
- အိန္ဒိယနှင့် စစ်ကောင်စီ စစ်ဘက်ဆိုင်ရာပူးပေါင်းမှု မြှင့်တင်မည်
- အိန္ဒိယနယ်စပ်မှ စက်သုံးဆီများကို မြန်မာသို့ မတင်သွင်းရန် ဒေသခရိုင်တရားရုံး အမိန့်ထုတ်
ရခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲဖြစ်ပွားနေမှုကြောင့် လူသားများသာမက ဘုရားပျော်မျောက်များပါ ဒုက္ခကြုံရပြန်
ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေခြင်းကြောင့် ကျောက်တော်တောင်ပေါ်မှာ ဘုရားဖူးဧည့်သည်များကို အမှီပြုနေထိုင်နေသည့် မျောက်များမှာ အစာရေစာငတ်ပြတ်မှုနှင့် ထပ်မံကြုံတွေ့နေကြရသည်ဟု ဂေါပကအဖွဲ့ထံမှ သိရသည်။
10 Nov 2022
![ရခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲဖြစ်ပွားနေမှုကြောင့် လူသားများသာမက ဘုရားပျော်မျောက်များပါ ဒုက္ခကြုံရပြန်](https://assets.dmediag.com/2022/Nov_22/313400726_2441352369350493_8239749577125727629_n.jpg)
ကျောက်တော်မြို့၊ သေလာဂီရိမောရပ္ပတ္တတောင်ပေါ်တွင် နေထိုင်ကျက်စားလျက်ရှိသော မျောက်များကို ယခင်တိုက်ပွဲကာလက တွေ့ရစဉ်။
DMG ၊ နိုဝင်ဘာ ၁၀
ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေခြင်းကြောင့် ကျောက်တော်တောင်ပေါ်မှာ ဘုရားဖူးဧည့်သည်များကို အမှီပြုနေထိုင်နေသည့် မျောက်များမှာ အစာရေစာငတ်ပြတ်မှုနှင့် ထပ်မံကြုံတွေ့နေကြရသည်ဟု ဂေါပကအဖွဲ့ထံမှ သိရသည်။
ကျောက်တော်မြို့၊ သေလာဂီရိမောရပ္ပတ္တတောင်ပေါ်တွင် နေထိုင်ကျက်စားလျက်ရှိသော မျောက်များမှာ ယခင်က ဘုရားဖူးများလာကြလျှင် အစားအစာများကျွေးကြ၍ ဝဝလင်လင်စားသောက်ခဲ့ရသော်လည်း တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားလာပြီးနောက် ဘုရာဖူးဧည့်သည်များ လာရောက်မှုနည်းပါးလာသဖြင့် မျောက်များမှာ အစာငတ်ပြတ်လာနေကြောင်း ကျောက်တော်တောင်ဘုရား ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ကပြောသည်။
“ဘုရားဖူးဧည့်သည်က လုံးဝကို မရောက်တဲ့အနေအထားလို့ ပြောရမယ်။ ဘုရားကိုလာတာဆိုလို့ ဂေါပကအဖွဲ့ရယ်၊ နောက်နီးစပ်တဲ့ လူတချို့ပဲ လာတာရှိတယ်။ မျောက်အရေအတွက်က ထောင်နဲ့ချီရှိတာကြောင့် တကယ့်ကို ငတ်ပြတ်တဲ့ အနေအထားမှာ ရှိနေတယ်”ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ဘုရားတောင်ပေါ်မှ မျောက်များမှာ အစာရေစာရရှိရေးအတွက် ဂစ္ဆပနဒီတံတားပေါ်မှာ သွားရောက်ပြီး လမ်းသွားလမ်းလာများထံမှ အစာတောင်းသည်များရှိလာကြောင်းလည်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
မျောက်များ အစာရရှိနိုင်ရန်အတွက် အလှူရှင်အချို့မှ လှူဒါန်းကြသည်များရှိသော်လည်း မျောက်အကောင်ရေများသဖြင့် ဝဝလင်လင်စားသောက်ရန် မကျွေးနိုင်ဖြစ်နေရသည်ဟု မောရမြေသန့်ရှင်းရေးအသင်း ဥက္ကဌ ကိုလှစောခိုင်(ပုဏ္ဏားမြေ)က ပြောသည်။
“ကျွန်တော်တို့ ပိုက်ဆံတွေနဲ့စိုက်ပြီး မျောက်တွေကို အစာကျွေးရတာတွေ ရှိနေတယ်။ မျောက်တွေက အုပ်စုခြားကြတယ်လေ။ အုပ်စုခွဲပြီးတော့ ကျွေးရတာတွေရှိတယ်။ ထမင်းတွေချက်ပြီး သွားကျွေးကြတယ်။ ဒါပေမဲ့ ဘုရားဖူးဧည့်သည် လာတာနည်းတော့ မျောက်တွေက ငတ်ကြရတယ်လေ”ဟု ၎င်းကဆိုသည်။
တိုက်ပွဲအခြေအနေများ တည်ငြိမ်နေသည့်အချိန်တွင် ကျောက်တော်တောင်ပေါ်၌ မျောက်စာလာရောင်းချသူအချို့ ရှိသော်လည်း ဘုရားဖူးဧည့်သည့်များ မရောက်ရှိသဖြင့် မျောက်များမှာ အစာဝအောင်မစားကြရဟု ထိုတောင်ပေါ်တွင် မျောက်စာရောင်းနေသူများထံမှ သိရသည်။
“ကျွန်မတို့က ဒီမှာ(ဘုရားပေါ်)မျောက်စာလာပြီး ရောင်းကြတာလေ။ ငှက်ပျောသီးတစ်သောင်းဖို့လောက် ဝယ်လာတယ်။ ကျွေးမယ့်သူ မရှိတဲ့အခါ မျောက်တွေက လုစားကြတော့ ငါးထောင်ဖိုးလောက် ကုန်သွားတယ်။ အရင်းရတဲ့နေ့ရတယ်။ အရင်းမရနေ့ များတာပေါ့”ဟု မျောက်အစာရောင်းနေသည့် ဒေါ်စောသန္တာကပြောသည်။
ရခိုင်တွင် ယခင်တိုက်ပွဲကာလနှင့် ကိုဗစ်ဖြစ်ပွားမှုတို့ကြောင့် ဘုရားဖူးဧည့်သည်များ လာရောက်မှုနည်းပါးခဲ့စဉ်ကလည်း ကျောက်တော်တောင်ပေါ်တွင်ရှိသည့် မျောက်များမှာ အစာရေစာငတ်ပြတ်မှုနှင့် ကြုံတွေ့ခဲ့ကြရသည်။
ကျောက်တော်တောင်ပေါ်တွင် မျောက်အကောင်ရေ တစ်ထောင်ကျော်ခန့် နေထိုင်လျက်ရှိကြသည်ဟု ဒေသခံများက ခန့်မှန်းကြသည်။ မျောက်များ အစာငတ်ပြတ်မှု ယခုထက်ဆိုးဝါးမလာစေရေးအတွက် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီပေးကြရန် မောရမြေသန့်ရှင်းရေးအသင်းမှ တိုက်တွန်းထားသည်။