ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူ ကားလမ်းကို KNU က သွားလာခွင့် တစ်ပတ်ပိတ်

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KNU တပ်မဟာ(၆) KNLA ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့မှု၊ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် လမ်းပိတ်လိုက်ခြင်းဖြစ်ကြောင်း KNU တပ်မဟာ(၆)နှင့် နီးစပ်သူက ပြောသည်။

By Admin 16 Jan 2023

ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူ ကားလမ်းကို KNU က သွားလာခွင့် တစ်ပတ်ပိတ်

ကြာအင်းဆိပ်ကြီး - ဘုရားသုံးဆူ လမ်းပိုင်းကို တွေ့ရစဉ်။/ ဓာတ်ပုံ - CJ

DMG၊ ဇန်နဝါရီ ၁၆

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တိုက်ပွဲများကြောင့် ဒေသခံများသွားလာရာ၌ အန္တရာယ်ကျရောက်နိုင်သည့်အတွက် ကြာအင်းဆိပ်ကြီး - ဘုရားသုံးဆူ ကားလမ်းပိုင်းကို ယနေ့(ဇန်နဝါရီ ၁၆) ကစပြီး ၂၃ ရက်နေ့အထိ တစ်ပတ်ကြာ အသွားအလာ ပိတ်လိုက်ကြောင်း KNU က ထုတ်ပြန်လိုက်သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KNU တပ်မဟာ(၆) KNLA ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့မှု၊ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံများ အန္တရာယ်ကျရောက်နိုင်သဖြင့် လမ်းပိတ်လိုက်ခြင်းဖြစ်ကြောင်း KNU တပ်မဟာ(၆)နှင့် နီးစပ်သူက ပြောသည်။

“ကြာအင်းဆိပ်ကြီးဘက်မှာ တိုက်ပွဲဖြစ်ထားတာ မကြာသေးဘူး။ အခုလည်း တိုက်ပွဲအရှိန်နဲ့ စစ်ကောင်စီက လက်နက်ကြီးတွေပစ်တာ၊ လေယာဉ်တွေနဲ့ဗုံးကြဲတိုက်ခိုက်တာ ခံရမှာစိုးလို့ အခုလို တစ်ပတ်ပိတ်လိုက်တာ ဖြစ်တယ်။ ဒါကြောင့် ခဏလေးသည်းခံပြီး စောင့်ဆိုင်းကြဖို့ အသိပေးချင်ပါတယ်” ဟု ၄င်းကပြောသည်။

ကြာအင်းဆိပ်ကြီး - ဘုရားသုံးဆူ လမ်းပိုင်းတွင် ခရီးသည်ယာဉ်များ လုံးဝမသွားလာရန် တားမြစ်ကြောင်း KNU တပ်မဟာ(၆)ဒူးပလာခရိုင် အတွင်းရေးမှူး စောလစ္စတန်က လက်မှတ်ထိုးကာ ထုတ်ပြန်ထားခြင်းဖြစ်သည်။

လက်ရှိမှာ မွန်ပြည်နယ် ကျိုက်မရောမြို့ ချောင်းနှစ်ခွရွာနှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ကြားတွင် KNAL ပူးပေါင်းအဖွဲ့ဝင်တချို့ ကင်းပုန်းဝပ်မှုများ ရှိနေသဖြင့်  ယနေ့ နံနက်ပိုင်းကစပြီး ယာဉ်အသွားအလာများ ရပ်တန့်ထားရကြောင်း ဒေသခံယာဉ်လိုင်းများထံက သိရသည်။

“အခု ချောင်းနှစ်ခွတံတားအနားမှာ ရပ်ထားရတယ်။ ကေအန်ယူဘက်က လူတွေ လာပြီး ကင်းပုန်းစောင့်နေလို့ တချို့ကားတွေ ပြန်လှည့်သွားကြတယ်။ လမ်းပြန်ဖွင့်တဲ့အထိ စောင့်နေရတော့မယ်” ဟုမော်လမြိုင် - ဘုရားသုံးဆူ ခရီးသည်ယာဉ်မောင်းတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက် စစ်ကောင်စီတပ်ရင်းများဖြစ်သည့် ခလရ (၃၂)၊ ခလရ (၂၈၃) နှင့် ခလရ (၂၈၄) တို့ကို KNLA ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သဖြင့် ဇန်နဝါရီလ ၄ ရက်မှ ဇန်နဝါရီလ ၁၀ ရက်နေ့ အထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အကြိမ် (၅၀) ကျော်နှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုအကြိမ် ရာကျော်အထိရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲများကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ယနေ့အထိ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ ဒေသခံ ၄,၀၀၀ ကျော် အထိရှိနေကြောင်း စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်သူများထံက သိရသည်။

#F004

ဗီဒီယိုများ