ကျုံဒိုးတွင် လက်နက်ကြီး ကျရောက်မှုကြောင့် ဒေသခံ တစ်ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်မှ  ဇန်နဝါရီလ ၂၅ ရက်နေ့ အထိ ကျုံဒိုးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကေအန်ယူတပ်မဟာ (၆) KNLA ပူးပေါင်းတပ်ကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေကြသည်။ 

By Admin 26 Jan 2023

ကျုံဒိုးတွင် လက်နက်ကြီး ကျရောက်မှုကြောင့် ဒေသခံ တစ်ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

လက်နက်ကြီးထိမှန်မှုကြောင့် ကမ်းနီကျေးရွာမှ နေအိမ်အချို့ မီးလောင်ကျွမ်းနေကာ ဒေသခံများ ထွက်ပြေးနေကြစဉ်။/ ဓာတ်ပုံ - CJ

DMG ၊ ဇန်နဝါရီ ၂၅

ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်တွင် ဇန်နဝါရီ ၂၄ ရက် နံနက် ၆ နာရီဝန်းကျင်က ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရွာသား ၁ ဦးသေဆုံးပြီး၊ ၂ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်မှ  ဇန်နဝါရီလ ၂၅ ရက်နေ့ အထိ ကျုံဒိုးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကေအန်ယူတပ်မဟာ (၆) KNLA ပူးပေါင်းတပ်ကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေကြသည်။ 

တိုက်ပွဲများအတွင်း ကျုံဒိုးအခြေစိုက် ခလရ(၅၄၅) နှင့် ခလရ(၅၄၆) တို့မှ သရက်တော၊ ညောင်ရိပ်သာနှင့် ကမ်းနီကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကမ်းနီကျေးရွာသားများ သေဆုံး၊ ဒဏ်ရာရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“တိုက်ပွဲဖြစ်နေတုန်း လက်နက်ကြီးနဲ့ လှမ်းပစ်ခံရတာ။ အမျိုးသမီးတစ်ဦး အရင်သေတယ်။ နောက်ထပ် မြေးနဲ့အဘိုးက အိမ်ထဲကို လက်နက်ကြီးကျပြီး ဒဏ်ရာရသွားတယ်။ အခုက ဘားအံဆေးရုံကို ပို့ထားရတယ် ”  ဟု ကမ်းနီကျေးရွာသားတစ်ဦးက ပြောသည်။

ဒဏ်ရာရသူတို့မှာ အသက် ၇၀ နှစ်အရွယ် အမျိုးသားနှင့် အသက် ၄ နှစ် အရွယ် ကလေးငယ်တို့ဖြစ်ကြပြီး ခြေထောက်နှင့် ကျောကုန်းတို့၌ လက်နက်ကြီးကျည်စထိမှန်ပြီး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ကမ်းနီကျေးရွာသားက ပြောသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်(၁၀)လုံးခန့် မီးလောင်ပျက်စီးခဲ့ကြောင်း မျက်မြင်ကြုံတွေ့ရသည့် ဒေသခံ နောက်တစ်ဦးက ဆိုသည်။

“လက်နက်ကြီးမှန်တာ နေအိမ် ၁၀ လုံးလောက်ကို မီးလောင်သွားပြီ။ ကမ်းနီဘက်က အများဆုံးထိသွားတယ်” ဟု ၄င်းက ဆိုသည်။ 

ထိုသို့ နေအိမ်များမီးလောင်မှု၊ ဒေသခံများ ထိခိုက်သေဆုံးမှုနှင့် ပက်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ထံသို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေဆိုခြင်း မရှိပေ။

နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေမှုကြောင့် ဒေသခံ ၂,၀၀၀ ဝန်းကျင်မှာ နီးစပ်သည့် ဘားအံမြို့နယ်နှင့် မော်လမြိုင်မြို့နယ်ရှိ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်။

“အနီးအနား ဘေးလွတ်ရာဘက်ကို ပြေးလာတဲ့သူတွေလည်း အများကြီးပဲ။ မော်လမြိုင်ဘက် ရှောင်တဲ့သူကလည်း ရှောင်နေရတယ်။ တချို့က ဘားအံဘက်ကိုပြေးတယ်။ ရွာလုံးကျွတ်ကိုပြေးနေရတာ” ဟု ထွက်ပြေးနေသူ ဒေသခံတစ်ဦးက ပြောသည်။

#F004 

ဗီဒီယိုများ