မုန်းမြို့သိမ်းတိုက်ပွဲကြောင့် ဒေသခံတစ်သောင်းခန့် တိမ်းရှောင်နေရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ စစ်ကောင်စီတပ်ရင်းနှင့် ရဲစခန်းအပါအဝင် မြို့တစ်ခုလုံးကို KNLA ပူးပေါင်းအဖွဲ့များ သိမ်းပိုက်ပြီးနောက် မြို့ခံတစ်သောင်းခန့်မှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း သိရသည်။

By Admin 05 Dec 2023

မြို့သိမ်းတိုက်ပွဲအတွင်း ခလရ ၈၄ မှ တပ်ရင်းမှူး အပါအဝင် တပ်သားများနှင့် မိသားစုဝင်များ ကရင်တော်လှန်ရေးအဖွဲ့ထံ လက်နက်ချနေစဉ်။ ဓာတ်ပုံ - NUG
မြို့သိမ်းတိုက်ပွဲအတွင်း ခလရ ၈၄ မှ တပ်ရင်းမှူး အပါအဝင် တပ်သားများနှင့် မိသားစုဝင်များ ကရင်တော်လှန်ရေးအဖွဲ့ထံ လက်နက်ချနေစဉ်။ ဓာတ်ပုံ - NUG

မုန်းမြို့ပေါ်ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ− ၅၉၉၊ ခမရ− ၅၉၀၊ မြို့မရဲစခန်း နှင့် တံတားထိပ် ဂိတ်စခန်းတို့ကို KNLA ပူးပေါင်းအဖွဲ့က ဒီဇင်ဘာလ ၂ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကာ ဒီဇင်ဘာလ ၄ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

တိုက်ပွဲများကြောင့် မြို့ခံတစ်သောင်းခန့်မှာ ညောင်လေးပင်မြို့၊ ကျောက်ကြီးမြို့၊ ရွှေကျင်မြို့နှင့် တောတောင်များသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး မြို့သို့ပြန်ဝင်ခွင့် မရရှိသေးပေ။

“မြို့ခံအချို့က အရင်တိုက်ပွဲဖြစ်ကတည်းက ရှောင်နေကြတာ။ အခုက မြို့ထဲမှာရှိတဲ့သူတွေအကုန်နီးပါး ထွက်ပြေးရတယ်။ ကျောက်ကြီးနဲ့ ရွှေကျင်ဘက်ကို ရှောင်ကြတာများတယ်။ ညောင်လေးပင်ဘက်ကို ရှောင်ကြတဲ့သူတွေလည်း ရှိနေတယ်” ဟု စစ်ဘေးရှောင်အရေး ကူညီပေးနေသည့် မုန်းမြို့နယ်၊ ကရင်လူငယ်အစည်းအရုံး(KYO) အဖွဲ့ဝင်တစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲမှုကြောင့် မြို့တွင်းနေအိမ် ၁၀ ကျော် ပျက်စီးသွားခဲ့ပြီး အခြေအနေတည်ငြိမ်မှသာ မြို့တွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်ပြုသွားမည်ဟု KNLA ပူးပေါင်းအဖွဲ့ သတင်းအရင်း အမြစ်ထံက သိရသည်။

“စစ်ကောင်စီက ဂျတ်တိုက်လေယာဉ်ရော ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲတာဆိုတော့ ရဲစခန်းအနီးတဝိုက်က အိမ်တွေ မီးလောင်ပျက်စီးသွားတယ်။ အခုထိ နယ်မြေမတည်ငြိမ်သေးတဲ့အတွက် မြို့ခံတွေကို အဝင်မခံသေးဘူး။ အားလုံး တည်ငြိမ်သွားမှ မြို့ထဲကို ဝင်ခွင့်ပေးသွားမှာ” ဟု KNLA ပူးပေါင်းအဖွဲ့ သတင်းအရင်းအမြစ်က ဆိုသည်။

တိမ်းရှောင်သူအချို့မှာ တောတောင်အတွင်းရှိနေသဖြင့် ဆောင်းရာသီအအေးဒဏ်ကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရ‌ကြောင်း တိမ်းရှောင်နေသူများက ပြောသည်။

“အခုက တောထဲလာရှောင်နေရတော့ အနွေးထည်တွေလိုနေတယ်။ နေထိုင်ဖို့အတွက် အမိုးအကာတွေပါ ရနိုင်ရင်တော့ အဆင်ပြေနိုင်မယ်။ အခက်အခဲမျိုးစုံးပေါ့။ ကျနော့်အိမ်ကတော့ လက်နက်ကြီးမှန်ထားတော့ မရှိတော့ဘူး” ဟု တိမ်းရှောင်နေသူ မြို့ခံတစ်ဦးက ပြောသည်။

မုန်းမြို့သိမ်းတိုက်ပွဲတွင်  ဆွာမြို့အခြေစိုက် ခလရ - ၈၄ မှ ဒုတပ်ရင်းမှူးအဆင့်ရှိ ဗိုလ်မှူးတစ်ဦး၊ တပ်ခွဲမှူးအဆင့်ရှိ ဗိုလ်ကြီးတစ်ဦး အပါအဝင် လက်အောက်ခံတပ်သားများနှင့်မိသားစုဝင်များက လက်နက်ချခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က သတင်းထုတ်ပြန်ထားသည်။

#D013 #DMG

ဗီဒီယိုများ