မြန်မာစစ်တပ်က ရွာထဲဝင်စဥ် လူစုကွဲသွားကြသည့် သက်ကြီးပိုင်း သုံးဦးကို ယခုအချိန်ထိ ရှာမတွေ့သေး

မြန်မာစစ်တပ်က ရွာထဲဝင်လာစဥ် ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေးကြရာ လူစုကွဲသွားသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျော်ဇံကျေးရွာမှ သက်ကြီးပိုင်းအမျိုးသားသုံးဦးကို လက်ရှိအချိန်ထိ ရှာမတွေ့သေးကြောင်း မိသားစုဝင်များထံက သိရသည်။

By Admin 16 Nov 2022

မြန်မာစစ်တပ်က ရွာထဲဝင်စဥ် လူစုကွဲသွားကြသည့် သက်ကြီးပိုင်း သုံးဦးကို ယခုအချိန်ထိ ရှာမတွေ့သေး

DMG | နိုဝင်ဘာ ၁၆

မြန်မာစစ်တပ်က ရွာထဲဝင်လာစဥ် ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေးကြရာ လူစုကွဲသွားသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျော်ဇံကျေးရွာမှ သက်ကြီးပိုင်းအမျိုးသားသုံးဦးကို လက်ရှိအချိန်ထိ ရှာမတွေ့သေးကြောင်း မိသားစုဝင်များထံက သိရသည်။

၄င်းတို့သုံးဦးမှာ နိုဝင်ဘာလ ၁၂ ရက်နေ့ကပင် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ စုံစမ်းနေသော်လည်း မည်သည့်သတင်းအစအနမှ မကြားရသေးဟုဆိုကြသည်။

ပျောက်ဆုံးနေသူများမှာဦးဦးစိန်ထွန်း အသက် (၆၃) နှစ်၊ ဦးဦးစောသိန်း အသက်( ၅၃) နှစ်နှင့် ဦးမဲလှအောင် (၆၅)နှစ်တို့ဖြစ်ကြသည်။

" ကျနော့်အဖေက အဲဒီနေ့က ရွာဖက်ကို စစ်သားတွေလာတယ်ဆိုပြီး သတင်းကြားလို့ ရွာထဲကို အခြေအနေသွားကြည့်ခဲ့တယ်။အဲဒီအချိန်မှာ ဒရုန်းတွေနဲ့ ရွာထဲကိုလာပစ်လို့ ရွာသားတွေ အကုန်ထွက်ပြေးရတဲ့အချိန်မှာ ကျနော်တို့သားဖတွေ လူစုကွဲသွားပြီး ကျန်ခဲ့တာပါ။ အစတုန်းကတော့ အမျိုးတွေရှိတဲ့ ရွာတွေကိုရောက် သွားတာထင်လို့ လှမ်းမေးကြည့်သေးတယ်။ ဒါပေမဲ့ဘယ်နေရာကိုမှ မရောက်ဘူး။ ကျနော့်အဖေမှာပါသွား တဲ့ဖုန်းလည်း စက်ပိတ်ထားပါတယ်" ဟု ဦးဦးစိန်ထွန်း၏သား ကိုမောင်မောင်ခင်က DMG သို့ ပြောသည်။

အလားတူ ဦးဦးစောသိန်းနှင့် ဦးမဲလှအောင် ဆိုသူတို့မှာလည်း ယင်းနေ့က ကျေးရွာထဲ၌ ကျန်ရှိနေခဲ့ခြင်းဖြစ်ပြီး ယင်းထဲမှ ဦးမဲလှအောင်ကို မြန်မာစစ်တပ်က ဖမ်းဆီးသွားသည်ကို မြင်တွေ့ခဲ့ရသူများလည်းရှိကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသော်လည်း DMG က သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

" ကျနော့်ယောက္ခထီးက အဲဒီနေ့က ရွာသားတွေနဲ့အတူ ရွာပြင်အထိပြေးလာ သေးတယ်။ ဒရုန်းတွေနဲ့ ပစ်နေတုန်းမှာပဲ ရွာထဲကိုပြန်ဝင်ပြေးသွားတာ။ ဘာကိစ္စကြောင့်ရွာထဲ ပြန်ဝင်သွားသလဲတော့မသိဘူး။ အဲဒီအချိန် ကတည်းကပျောက်သွားတာ။ အခု သူ့ကိုရှာမတွေ့လို့ မိသားစုတွေ ပူပန်နေရတယ်။စစ်ဘေးရှောင်နေရလို့ ပူရတာတစ်မျိုး၊မိသားစုဝင်တစ်ဦးပျောက်နေလို့ ပူရတာတမျိုး။သက်ရှိထင်ရှားတော့ ပြန်တွေ့ချင်ပါတယ်" ဟု ဦးဦးစောသိန်း၏ သမက်ဖြစ်သူ ကိုအောင်ပိုင်ကပြောသည်။

လက်ရှိတွင် အနီးပတ်ဝန်ကျင်တောတောင်များကို သွားရောက်ရှာဖွေသော်လည်း ၄င်းတို့သုံးဦးနှင့်ပတ်သက်သည့် လက္ခဏာများမတွေ့ရကြောင်း၊မြန်မာစစ်တပ်များ၏ အသုံးအဆောင်ပစ္စည်းများကို တွေ့ရသည်ဟု ကိုမောင် မောင်ခင်က ပြောသည်။

“ကျနော်ကတော့ သူတို့ကို့ စစ်တပ်ကဖမ်းသွားတာဆိုရင်လည်း မသေမပျောက်ဘဲ ပြန်လွတ်လာဖို့ ဆုတောင်းပါတယ်။ နောက်ဆုံးသတ်ပြီးပစ်ထားခဲ့ရင်တောင် အပုပ်နံ့တော့ရမှာပဲဆိုပြီး လိုက်ရှာနေကြတာပါ" ဟု၄င်းက ပြောသည်။

အဆိုပါ သုံးဦး ပျောက်ဆုံးနေမှုနှင့်ပတ်သက်ပြီး မြန်မာစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ကျော်ဇံကျေးရွာသားများမှာအဆိုပါနေ့က ပုဏ္ဏားကျွန်းမြို့ပေါ်၊ပေါက်တောမြို့နယ်နှင့်ကျောက်တော်မြို့နယ် ဘက်သို့ထွက်ပြေးတိမ်းမရှောင်သွားခဲ့ကြသည်။

မြန်မာစစ်တပ်က လက်နက်ကြီးပစ်ခတ်ခြင်း၊စစ်သားများ ဝင်ရောက်သွားလာမှုတို့ကြောင့် ဆင်အင်းကြီး၊ပဒေသာ၊တန်းခိုး၊ကျွဲထိုး စသည့်ကျေးရွာများမှ ဒေသခံ ၅၀၀၀ ကျော်မှာ ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

ဗီဒီယိုများ