လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် KNU မူတြော်ခရိုင်တွင် ကလေးငယ် အပါအဝင် ၅ ဦးသေဆုံး

ကရင်ပြည်နယ်၊ တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်၊ လူသောမြို့နယ်၊ လေးဝါးကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့မှုတွင် ကလေးငယ်အပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

By Admin 13 Jan 2023

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် KNU မူတြော်ခရိုင်တွင် ကလေးငယ် အပါအဝင် ၅ ဦးသေဆုံး

ဓာတ်ပုံ - Free Burma Ranger

DMG၊ ဇန်နဝါရီ ၁၃

ကရင်ပြည်နယ်၊ တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်၊ လူသောမြို့နယ်၊ လေးဝါးကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့မှုတွင် ကလေးငယ်အပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဇန်နဝါရီ ၁၂ ရက် မွန်းလွဲပိုင်းက လူသောမြို့နယ်၊ လေးဝါးကျေးရွာ အတွင်းသို့ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်လာသဖြင့် ဒေသခံအမျိုးသမီးနှင့်အတူ သားဖြစ်သူ အသက် ၂ နှစ် အရွယ် ကလေးငယ် ၁ ဦးအပြင်၊ ကက်သလစ် ခရစ်ယာန် သင်းအုပ်ဆရာ အသက် ၄၅ နှစ်အရွယ် စောရယ်ဒီ၊ အသက် ၃၈ နှစ်အရွယ် စောချမ်းအေး နှင့် သင်းအုပ်လက်ထောက် ၁ ဦးတို့ သေဆုံးသွားခြင်းဖြစ်သည်။

လေးဝါးကျေးရွာသားတစ်ဦးက “လေကြောင်းနဲ့ ဗုံးကြဲသွားတယ်။ ဗုံးသီး ၉ လုံးလောက် ကျတယ်။ သားအမိနှစ်ယောက် ပွဲချင်းပြီး သေသွားတယ်။ နောက်ထပ် ဘုရားကျောင်းက အသင်းအုပ်နှစ်ဦးနဲ့ အသင်းထောက်တစ်ဦးလည်း ထပ်သေတယ် ”  ဟု ပြောသည်။

အဆိုပါ သေဆုံးသူတို့မှာ ဦးခေါင်းကျည်စထိမှန်ခြင်း ခန္ဓာကိုယ်၊ ကျောကုန်းနှင့် ခြေထောက်တို့တွင် လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်များက ပြောသည်။

ဗုံးကြဲတိုက်ခိုက်ပြီးနောက် ကျေးရွာအတွင်းရှိ နှစ်ခြင်းဘုရားကျောင်းတစ်ခု၊ ကက်သလစ် ဘုရားကျောင်းတစ်ခုနှင့် ဝတ်ပြုကျောင်းဆောင် စသည့် အဆောက်အအုံ ၃ ခုမှာ ပျက်စီးသွားခဲ့ကြောင်း ဘုရားကျောင်းနှင့် နီးစပ်သူများထံက သိရသည်။

“ဘုရားကျောင်းပြင်နေတုန်း လေယာဉ်နဲ့ ဗုံးကြဲခံရတာ။ နှစ်ခြင်းကျောင်းနဲ့ ကတ်သလစ်ကျောင်း နှစ်ခုက လုံးဝကိုပျက်စီးသွားတယ်။ ဝတ်ပြုဆောင်တွေလည်း ဗုံးကြဲခံလိုက်ရတယ်” ဟု ဘုရားကျောင်းနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဘုရားကျောင်းအနီးတဝိုက်၌ ပေ ၂၀ ဝန်းကျင်ချိုင့်ခွက်များ ဖြစ်ပေါ်ခဲ့ကြောင်းလည်း Free Burma Ranger အဖွဲ့ထံက သိရသည်။

“ရွာထဲဝင်ကြည့်တော့ ဘုရားကျောင်းနဲ့ တခြား ဘုရားကျောင်း အဆောက်အဦးတွေ လုံးဝ ပျက်စီးသွားတာကို တွေ့ရတယ်။ အနီးတဝိုက်အလယ်ဗဟိုမှာ ကြီးမားတဲ့ ဗုံးတွင်း ပေါက်လေးခု ရှိတယ် ။ တစ်ခုနှင့်တစ်ခု ကိုက် ၂၀ အကွာရှိတယ်” ဟု Free Burma Ranger အဖွဲ့ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ထံသို့ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

အလားတူ ကေအန်ယူတပ်မဟာ ၅ နယ်မြေ မဲဝိုင်ဒေသ စစ်ကောင်စီစခန်း သိမ်းပိုက်ခံရမှုကြောင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်နေ့က စပြီး ဖာပွန်မြို့နယ် အနီးတဝိုက်၌ စစ်ကောင်စီမှ အင်အားဖြည့်တင်းကာ စစ်ကြောင်းထိုးနေကြောင်း သိရသည်။

#F004 

ဗီဒီယိုများ