လွိုင်ကော် လေကြောင်းလိုင်း ခရီးစဉ်များကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်း

လွိုင်ကော် လေဆိပ်ရှိ ပြည်တွင်း လေကြောင်းခရီးစဉ် ပြေးဆွဲမှုအားလုံးကို ပြီးခဲ့သည့် ဇန်နဝါရီ လ ၃ ရက်မှ စတင်ပြီး ရက်အကန့်အသတ်မရှိ ရပ်နားထားခြင်းဖြစ်ကြောင်း လွိုင်ကော်မြို့ရှိ ပြည်တွင်း၊ပြည်ပ လေယာဉ်လက်မှတ် ရောင်းချသူတစ်ဦးက ပြောသည်။

By Admin 13 Jan 2023

လွိုင်ကော် လေကြောင်းလိုင်း ခရီးစဉ်များကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်း

ဓာတ်ပုံ - Wikimedia

DMG ၊ ဇန်နဝါရီ ၁၃

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော် ပြည်တွင်းလေကြောင်းလိုင်း ခရီးစဉ်ပြေးဆွဲမှုအားလုံးကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ကြောင်း ဒေသခံများထံက သိရသည်။

လွိုင်ကော် လေဆိပ်ရှိ ပြည်တွင်း လေကြောင်းခရီးစဉ် ပြေးဆွဲမှုအားလုံးကို ပြီးခဲ့သည့် ဇန်နဝါရီ လ ၃ ရက်မှ စတင်ပြီး ရက်အကန့်အသတ်မရှိ ရပ်နားထားခြင်းဖြစ်ကြောင်း လွိုင်ကော်မြို့ရှိ ပြည်တွင်း၊ပြည်ပ လေယာဉ်လက်မှတ် ရောင်းချသူတစ်ဦးက ပြောသည်။

“လွိုင်ကော် လေကြောင်းခရီးစဉ်တွေ လောလောဆယ် ရပ်နားထားပါတယ်။ မပြေးဆွဲတာ နှစ်ပတ်လောက်ရှိပြီ။ ပြန်လည်ပြေးဆွဲရင် အသိပေးသွားပါမယ်” ဟု ၄င်းကပြောသည်။

လွိုင်ကော်လေကြောင်း ခရီးစဉ်အတွက် မြန်မာ့အမျိုးသားလေကြောင်းလိုင်း(MNA)နှင့် AirKBZ လေကြောင်းလိုင်း တို့က အပတ်စဉ် ပုံမှန် ပြေးဆွဲနေခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်တွင် လွိုင်ကော်လေဆိပ်အတွင်းသို့ ဗုံးသီးဖြင့်ပစ်ခတ်ခံရမှုကြောင့် လေယာဉ်ပြေးလမ်းကြောင်းနှင့် လေဆိပ်အတွင်း အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့သည့်အတွက် လေကြောင်းခရီးစဉ်ပြေးဆွဲမှုများကို ရက်အကန့်အသတ်မရှိ ပိတ်သိမ်းထားခြင်းဖြစ်ကြောင်း လေဆိပ်နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

“ညပိုင်း ဗုံးသီးနဲ့ လှမ်းပစ်ခံရတာ။ လေယာဉ် ပြေးလမ်းကြောင်းက လုံးဝ သုံးမရ ဖြစ်သွားတယ်။ လေဆိပ်ထဲက နားနေဆောင်လည်း ပျက်စီးသွားတယ်။ အဲဒါကြောင့် လေကြောင်းခရီးစဉ်တွေ ရပ်နားခဲ့တာ ဖြစ်ပါတယ်” ဟု လေဆိပ်နှင့်နီးစပ်သူက ဆိုသည်။

လက်ရှိတွင် လေဆိပ်အနီးပတ်ဝန်းကျင်ကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ အင်အားများစွာဖြင့် စစ်ဆေးမှုများ ရှိနေကြောင်း မြို့ခံများထံက သိရသည်။

“လေဆိပ်ကို ပိတ်ထားတယ်။ အနီးကို ဖြတ်တဲ့ ယာဉ်တွေ ကားတွေ မှန်သမျှ အကုန် စစ်ဆေးနေတယ်။ စစ်တပ်တွေနဲ့ ရဲတွေ လုံခြုံရေးယူထားတာ တွေ့ခဲ့ရတယ်” ဟု လွိုင်ကော်မြို့ခံတစ်ဦးက ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ အတွင်းကလည်း ရန်ကုန်- လွိုင်ကော် ပြေးဆွဲနေသည့် မြန်မာ့အမျိုးသားလေကြောင်းလိုင်း(MNA) ခရီးသည်တင် လေယာဉ်တစ်စီး သေနတ်ဖြင့် ပစ်ခတ်ခံရကာ ခရီးသည်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။  

#F004

ဗီဒီယိုများ