တစ်ပတ်အတွင်း မောင်တောက စစ်ကောင်စီတပ်စခန်း (၈) ခုကို AA သိမ်းပိုက် 

တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင် နခခ(၆) နှင့် နခခ (၉) တို့ကို ဇွန်လ ၂ ရက်မှစ၍ တစ်ပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ခြင်း ဖြစ်သည်။ 

By Admin 08 Jun 2024

မောင်တောမြို့နယ်၊ အင်းဒင် နခခ(၆) ကို သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များ။ 
မောင်တောမြို့နယ်၊ အင်းဒင် နခခ(၆) ကို သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များ။ 

DMG ၊ ဇွန် ၈ 

ရခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်းကြီးများအပါအဝင် (၈) ခုကို တစ်ပတ်အတွင်း အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ဇွန်လ ၇ ရက်တွင် ထုတ်ပြန်သည်။
 
တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင် နခခ(၆) နှင့် နခခ (၉) တို့ကို ဇွန်လ ၂ ရက်မှစ၍ တစ်ပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ခြင်းဟု ထုတ်ပြန်သည်။ 

ယင်းအပြင် နခခ (၂)၏ ကင်းစခန်းနှစ်ကိုလည်း နှစ်ရက်ကြာ ဝိုင်းရံပိတ်ဆို့ပြီးနောက် ဇွန်လ ၇ ရက်တွင် ထိုးစစ်ဆင် သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။ 

မောင်တောမြို့နယ်ရှိ နခခ (၄) စခန်း၊ မောရဝတီစခန်း၊ အလယ်သံကျော်စခန်းနှင့် နားခေါင်းတိုစခန်း အပါအဝင် အခြားလက်ကျန်စခန်းများကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟု AA က ဆိုသည်။ 

ထို့ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အသက်အန္တရာယ်ကင်းဝေးလိုပါက အမြန်ဆုံးလက်နက်ချရန် AA က သတိပေးထားသည်။ 

ဇွန်လပထမအပတ် ရခိုင်ဒေသတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးသူ ၄၀၀ အထက်ရှိခဲ့ပြီး ယင်းအထဲတွင် တိုက်ပွဲအတွင်းမှထွက်ပြေးစဉ် ကျောက်ပန္ဒူကမ်းခြေ၊ အလယ်သံကျော်ကမ်းခြေ၊ ဥဒေါင်းချောင်းနှင့် ဘင်္ဂလား ပင်လယ်အော်အတွင်း ရေနစ်သေဆုံးသူများလည်း ပါဝင်ကြောင်း AA က ထုတ်ပြန်ထားသည်။ 

၂၀၂၃ နှစ်ကုန်ပိုင်းကစတင်သည့် ရခိုင်ပြည်အတွင်း တိုက်ပွဲများမှာ ၇ လနီးပါးကြာမြင့်လာပြီး စစ်ကောင်စီတပ်စခန်း အများအပြားနှင့် ပလက်ဝအပါဝင် ရခိုင်က မြို့နယ် ၉ ခုကို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားသည်။ ကျန်မြို့နယ်များကို သိမ်းပိုက်နိုင်ရေးအတွက်လည်း ထိုးစစ်ဆင်တိုက်ခိုက်ရန် AA က စီစဉ်နေသည်။ 

ဗီဒီယိုများ