မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ

ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် ကျေးရွာ ၁၀ ကျော် အသုံးပြုနေသည့် ကွန်ကရစ်လမ်း ပျက်စီးနေသည်မှာ တစ်လခန့်ကြာမြင့်လာနေ၍ ဒေသခံများ သွားလာရေး အခက်အခဲဖြစ်နေကြသည်။

By Admin 12 Jul 2025

မောင်တောမြို့နယ်၊ တောင်ပိုင်းမှ ကျေးရွာ ၁၀ ခန့်အသုံးပြုနေသည့် လမ်းပျက်စီးနေပုံကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့
မောင်တောမြို့နယ်၊ တောင်ပိုင်းမှ ကျေးရွာ ၁၀ ခန့်အသုံးပြုနေသည့် လမ်းပျက်စီးနေပုံကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

DMG ၊ ဇူလိုင် ၁၂

ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် ကျေးရွာ ၁၀ ကျော် အသုံးပြုနေသည့် ကွန်ကရစ်လမ်း ပျက်စီးနေသည်မှာ တစ်လခန့်ကြာမြင့်လာနေ၍ ဒေသခံများ သွားလာရေး အခက်အခဲဖြစ်နေကြသည်။

ထို့အတူ ဇူလိုင်လဆန်းပိုင်းက မိုးအဆက်မပြတ်ရွာသွန်းခဲ့သောကြောင့် ရေစီးပြင်းကာ အဆိုပါ လမ်းမှာ ထပ်မံပျက်စီးသွားခြင်းဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

" ရေတိုက်စားလို့ လမ်းထက်ဝက်လောက် ပျက်စီးသွားတယ်။ ဒီလမ်းက မောင်တောမြို့ပေါ်အထိ ရောက်တယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က ကုန်ပစ္စည်းတွေကိုလည်း ဒီလမ်းကပဲ သွင်းနေကြတာ။ အခု ဒေသခံတွေအတွက် အခက်အခဲတွေ အများကြီးရှိတယ် " ဟု ယင်းဒေသသို့ ရောက်နေသည့် အမျိုးသားတစ်ဦးက DMG သို့ ပြောသည်။

အဆိုပါလမ်းမှာ မောင်တောမြို့နယ် တောင်ပိုင်းရှိ ကင်းချောင်း၊ သရေကုန်ဘောင်၊ ဒုညောင်ပင်ကြီး၊ ကိုင်းကြီး၊ ပဒင်း၊ ချီးရားတန်း စသည့် ဒေသခံများ အဓိက အားထားသော လမ်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လမ်းပျက်စီးနေ၍ တောလမ်းများကို ခုတ်ထွင်ရှင်းလင်းကာ သွားလာနေကြရသည်ဟု သိရသည်။

" ဒီလမ်းက ကင်းချောင်းရွာ အနောက်ဘက်မှာ ရှိတာ။ တစ်နေ့ကို ဆိုင်ကယ်၊ သုံးဘီးစတဲ့ ယာဉ်တွေ ၁၅၀ လောက် ဒီလမ်းမှာ အဝင်အထွက်ရှိတယ်။ အခုကတော့ ဘာမှ အဝင်အထွက် လုပ်လို့ မရတော့ဘူး။ လမ်းပျက်နေတော့ တောတွေကို ခုတ်ထွင်ရှင်လင်းပြီးတော့ ဖြစ်သလို လမ်းရှာပြီး သွားနေကြရတယ် " ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း မိုးကြီးပြီး ရေစီးသန်၍ ယင်းလမ်းရှိ တံတားအချို့မှာလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

လမ်းစတင်ပျက်စီးချိန်တွင် ဒေသခံများသွားလာ၍ အဆင်ပြေစေရန် AA နှင့် ULA တို့ ပူးပေါင်းကာ ပြုလုပ်ပေးခဲ့သော်လည်း ရေစီးပြင်းသောကြောင့် လမ်းမှာ ထပ်မံပျက်စီးသွားခြင်းဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

" အဲဒီလမ်းက မောင်တောတောင်ပိုင်းဘက်မှာ ရှိတာ။ ပင်လယ်က ပတ်ဝင်တဲ့ ပစ္စည်းတွေက အဲဒီဘက်ကပဲ အဓိက ဝင်တာ။ အခုအဲဒီလမ်းကို အစိုးရ (ULA)က အမြန်ဆုံး လုပ်ပေးစေချင်နေကြတယ် " ဟု မောင်တော ဒေသခံတစ်ဦးက ပြောသည်။

ရခိုင်တွင် ဇူလိုင်လဆန်းပိုင်းမှစတင်ကာ မိုးကြီး၍ ရေပြည့်လျှံမှုများကြောင့် လမ်း၊ တံတားများ ပျက်စီးခြင်း၊ စပါးခင်းများ ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။