- ရွေးကောက်ပွဲလုပ်မည့် ရခိုင်က မြို့ ၃ ခုတွင် ဖုန်း၊ အင်တာနက်လိုင်းများ ပြန်ဖွင့်ရန် စစ်ကောင်စီ စီစဉ်နေ
- ထန်းရှောက်ခံရွာသား ၆၀၀ ကျော်ကို AA သတ်ဖြတ်သည်ဆိုသည့် စွပ်စွဲချက် မွတ်ဆလင်အကြီးအကဲများ ရှုတ်ချ
- ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးက AA လုံခြုံရေး စခန်းများကို ARSA တိုက်ခိုက်
- မူးယစ်ဆေးဝါးအမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီ စွပ်စွဲချက် AA ပယ်ချ
- ဂါဇာတွင် အငတ်ဘေးဆိုက်နေပြီဟု ကုလသမဂ္ဂ တရားဝင်ကြေညာ
မူးယစ်ဆေးဝါးအမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီ စွပ်စွဲချက် AA ပယ်ချ
" ကျနော်တို့ ULA/ AAအနေနဲ့ ဒီလို လူ့အဖွဲ့အစည်းကို အန္တရာယ်ပြုမဲ့ မူးယစ်ဆေးဝါးဟူသမျှကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ပါတယ်။ လုံးဝပတ်သက်မှု မရှိပါဘူး။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ဘယ်အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်းနဲ့မဆို ပူးပေါင်းဆောင်ရွက်သွားဖို့ အဆင်သင့်ရှိပါတယ် " ဟု ဦးခိုင်သုခက ပြောသည်။
23 Aug 2025

DMG ၊ ဩဂုတ် ၂၃
ရခိုင်တွင် စစ်ရေးရှုံးနိမ့်မှုများကို ရင်ဆိုင်နေရသော စစ်ကောင်စီသည် မူးယစ်ဆေးဝါး ဖမ်းဆီးရမိသည့် ကိစ္စများတွင် အာရက္ခတပ်တော်(AA)နှင့် ပတ်သက်နေကြောင်း မကြာခဏ စွပ်စွဲမှုများ ရှိနေသည်။
ယင်းကိစ္စမှာ စစ်ကောင်စီ၏ အခြေအမြစ်မရှိ စွပ်စွဲချက်သာဖြစ်ကြောင်း အာရက္ခတပ်တော် ပြောခွင့်ရ ဦးခိုင်သုခက တုံ့ပြန်လိုက်သည်။
" ဒီဟာကတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ မရိုးနိုင်တဲ့ မတရား လုပ်ကြံစွပ်စွဲ နိုင်ငံရေးအောက်လုံးတွေနဲ့ အောက်တန်းကျတဲ့ ဝါဒဖြန့်တိုက်ခိုက်မှုတွေ ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း မြန်မာပြည်မှာ မူးယစ် ဆေးဝါး၊ လောင်းကစား၊ ကျားဖြန့်၊ လူကုန်ကူးမှု အစရှိတဲ့ မကောင်းမှု ဒုစရိုက်လုပ်ငန်းဟူသမျှကို မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ရာဇဝတ်ဂိုဏ်းက ဦးဆောင်ထိန်းချုပ် လုပ်ကိုင်နေတာ ဖြစ်ပါတယ် " ဟု ဦးခိုင်သုခက ဆိုသည်။
မလေးရှားနိုင်ငံနှင့် ရခိုင်ပြည်သို့ ပို့ရန်ပြင်ဆင်ထားသည့် ငွေကျပ် ၂၅၇ ဒသမ ၁၀၅ ဘီလျံတန်ဖိုးရှိ မူးယစ် ဆေးဝါးများကို ရန်ကုန်တွင် ဖမ်းဆီးရမိကြောင်း ယနေ့ (ဩဂုတ် ၂၃ ရက်)တွင် စစ်ကောင်စီ သတင်းစာများက ဖော်ပြသည်။
အဆိုပါ မူးယစ်ဆေးဝါးများနှင့် တရားခံများကို ရွှေပြည်သာနှင့် ကွမ်းခြံကုန်းမြို့နယ်တို့တွင် သြဂုတ် ၅ ရက်မှ ၁၄ ရက်အထိ ဖော်ထုတ်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး တရားခံများမှာ ရှမ်းပြည်နယ်မှတစ်ဆင့် ရခိုင်နှင့် မလေးရှား ရေပိုင်နက်ထဲကို အကြိမ်ကြိမ် သယ်ယူပို့ဆောင်နေသူများဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် မူးယစ်ဆေးဝါးများကို ရခိုင်မှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဖြတ်၍ ပို့ဆောင်ရာတွင် ရခိုင်ပြည်၊ မြေပုံမြို့နယ်ရှိ အာရက္ခတပ်တော်၏ ဗိုလ်မှူးအဆင့်ရှိသော အကောက်ခွန်မှူးက ဖြတ်သန်းခ ကောက်ခံကြောင်း စစ်ကောင်စီက စွပ်စွဲသည်။
စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၂၁၈ သိန်းနှင့် ကတ်တမင်း ၁၈၉၉ ကီလို၊ အိုက်စ် ၅၆၁၄ ဒသမ ၂ ကီလိုနှင့်အတူ တရားခံ ၁၃ ဦး ဖမ်းဆီးရမိခဲ့ပြီး နောက်ထပ် ဖမ်းဆီးရန် ဆက်စပ်တရားခံ ၉ ဦး ကျန်သေးကြောင်း ဖော်ပြသည်။
မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု၏ နောက်ကွယ်တွင် အာရက္ခတပ်တော်မှ ဗိုလ်မှူးအဆင့်ရှိ ကိုရေးဆိုသူနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)မှ ဗိုလ်မှူးအဆင့်ရှိ စိုင်းစုဆိုသူတို ပါဝင်ပတ်သက်နေကြောင်း စစ်ကောင်စီ မူး/ယစ်ရဲတပ်ဖွဲ့က ယမန်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။
မူးယစ်ဆေးများအား ရခိုင်ပြည်နယ်မှ တဆင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် မလေးရှားရေပိုင်နက်သို့ ပို့ဆောင်ရန် SSPP/SSA ဌာနချုပ် ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းကျေးရွာတွင် နေထိုင်သူ SSPP မှ ဗိုလ်မှူးအဆင့်ရှိ စိုင်းစုမှာ အဓိက စီမံခန့်ခွဲသူဖြစ်ပြီး AA ဗိုလ်မှူးအဆင့်ရှိသူ ကိုရေး(အကောက်ခွန်မှူး)မှာ မူးယစ်ဆေးများ ရခိုင်ပြည် ဖြတ်သန်းခ အဖြစ် ဆေးပြားတသောင်းလျှင် ကျပ်သုံးသိန်းနှုန်း အခွန်လက်ခံရယူကြောင်း ဖော်ပြထားသည်။
ထိုသို့ စစ်ကောင်စီ စွပ်စွဲချက် ကိစ္စနှင့် ပတ်သက်ပြီး SSPP အနေဖြင့် တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပေ။
အာရက္ခတပ်တော်ကတော့ အဆိုပါ ကိစ္စမှာ နိုင်ငံရေးလုပ်ကြံမှု စွပ်စွဲခြင်းသာဖြစ်ပြီး အာရက္ခတပ်တော်နှင့် လုံးဝ ပတ်သက်မှု မရှိကြာင်းနှင့် စစ်ခေါင်းဆောင်တို့၏ နိုင်ငံရေး အောက်တန်းကျသည့် ဝါဒဖြန့်မှုသာဖြစ်ကြောင်း ဦးခိုင်သုခက တုံ့ပြန်ပြောဆိုလိုက်သည်။
ယင်းအပြင် လူ့အဖွဲ့အစည်းကို အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါးမှန်သမျှကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ပြီး အာရက္ခတပ်တော်အနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းရန် အသင့်ရှိကြောင်း ဆိုသည်။
" ကျနော်တို့ ULA/ AAအနေနဲ့ ဒီလို လူ့အဖွဲ့အစည်းကို အန္တရာယ်ပြုမဲ့ မူးယစ်ဆေးဝါးဟူသမျှကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ပါတယ်။ လုံးဝပတ်သက်မှု မရှိပါဘူး။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ဘယ်အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်းနဲ့မဆို ပူးပေါင်းဆောင်ရွက်သွားဖို့ အဆင်သင့်ရှိပါတယ် " ဟု ဦးခိုင်သုခက ပြောသည်။
အမှုမှ ဖမ်းဆီးရန် ကျန်ရှိသူများနှင့် ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိပြီး မူးယစ်ဆေးနှင့် ပတ်သက်၍ ရရှိသည့် ငွေကြေးအကျိုးအမြတ်နှင့် ပိုင်ဆိုင်မှုများအား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ထပ်မံအရေးယူသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ မူး/ယစ်ရဲတပ်ဖွဲ့က ဖော်ပြထားသည်။
အာရက္ခတပ်တော်သည် ရခိုင်ပြည် မြို့နယ် ၁၇ ခုအနက် ၁၄ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး လက်ကျန်မြို့များကိုလည်း ဆက်လက်သိမ်းပိုက်မည်ဟု အတိအလင်း ပြောဆိုထားသည်။
ယင်းကြောင့် AA ကို နိုင်ကွက်နင်းရန် မူယစ်ဆေးဝါးကိစ္စများ၊ မွတ်ဆလင်အရေးများဖြင့် စစ်ကောင်စီက မကြာခဏ အပုတ်ချ တိုက်ခိုက်လေ့ရှိကြောင်း ရခိုင်ဒေသခံများက ပြောဆိုကြသည်။
" ကျနော်မြင်တာကတော့ စစ်ကောင်စီဟာ AA ကို စစ်ရေးမနိုင်တော့ ဒီလို မူးယစ်ဆေးဝါးအမှုတွေ၊ မွတ်ဆလင်လူမျိုးရေး အကြောင်းအရာတွေနဲ့ စွပ်စွဲချက်တွေ တွေ့ရတယ်။ မွတ်ဆလင် ရခိုင် ပဋိပက္ခဖြစ်စေရေးတို့ကို အစွမ်းကုန် ကြိုးပမ်းပြီး AA ကို နိုင်ငံရေး သိက္ခချနေတာ ဖြစ်တယ်" ဟု ရခိုင်ဒေသခံ လူငယ်တစ်ဦးက ပြောသည်။
ရခိုင်ပြည် ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်းချူပ်သိမ်းပိုက်ထားသည့် အာရက္ခတပ်တော်သည် ၎င်းတို့ ထိန်းချုပ်ရာဒေသတွင် လုံးခြုံရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပြည်သူ့ဝန်ဆောင်မှု ဌာနဆိုင်ရာများ ဖွဲ့စည်းပြီး စီမံဆောင်ရွက်နေသည်။
အခြားတစ်ဖက်တွင်လည်း ရခိုင်ဒေသနေ မျိုးနွယ်စုအားလုံးကို တန်းတူအခွင့်အရေးပေးထားပြီး ရခိုင် မွတ်ဆလင် လူမှုသဟဇာတအရေးကို အစိုက်မတ်မတ်လုပ်နေကြောင်း ရခိုင်ဒေသခံများက ပြောသည်။