- ဝေးလံခေါင်ဖျား မုန်တိုင်းသင့်ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ
- မုန်တိုင်းအလွန် ရခိုင်မြို့နယ်တချို့တွင် သောက်သုံးရေ အခက်ကြုံ
- မြောက်ကိုရီးယား၏ ပထမဆုံး ထောက်လှမ်းရေးဂြိုဟ်တု ဇွန်လတွင် လွှတ်တင်မည်
- မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများအတွက် အလှူငွေ ကျပ်သိန်းတစ်သောင်း AA လက်ခံရရှိထား
- ရခိုင်က မုန်တိုင်းဘေးဒဏ်ခံ ကျေးရွာအချို့တွင် တစ်ရွာလုံးအတွက် ဆန်နှစ်အိတ်နှင့် အဝတ်ထည့်ဗူးအချို့သာ အထောက်အပံ့ရရှိ
မြောက်ဦးမြို့တွင် ရေရှားပါးမှုနှင့် ကြုံတွေ့နေရ
မိုးရွာသွန်းမှုနည်းပါးခြင်း၊ လက်ဆည်ကန်အနီး စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ခြင်းတို့အပြင် စည်းကမ်းမဲ့ ရေသုံးစွဲမှုတို့ကြောင့် မြောက်ဦးမြို့တွင် သတ်မှတ်ချိန်ကာလထက် အလျင်အမြန် ရေခမ်းခြောက်သွားခြင်း ဖြစ်သည်။
04 Apr 2023

DMG ၊ ဧပြီ ၄
ရခိုင်ပြည်၊ မြောက်ဦးမြို့ပေါ်ရပ်ကွက်များသို့ အဓိက ရေဖြန့်ဝေပေးနေသည့် လက်ဆည်ကန်တွင် ရေခမ်းခြောက်နေပြီဖြစ်၍ ရေရှားပါးမှုပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။
မြောက်ဦးမြို့ ရေရှားပါးမှုမဖြစ်စေရေးအတွက် စစ်ကောင်စီက အနူမကန်မှရေကို လက်ဆည်ကန်သို့ ရေဖြည့်သွင်းကာ ဖြန့်ဝေပေးနေသော်လည်း အဆိုပါရေမှာ အသုံးပြုရန်အဆင်မပြေကြောင်း ဒေသခံများက ပြောသည်။
“အနူမကန်ကနေ လက်ဆည်ကန်ကို ရေဖြည့်သွင်းပေးလို့ မြို့တွင်းကို ရေဖြန့်ဝေပေးနေပြီ။ ဒါပေမယ့် ရေက လုံးဝ နောက်ကျိနေတဲ့အတွက် သုံးလို့အဆင်မပြေဘူး။ ဒီနှစ်က ရေနဲ့ပတ်သက်လို့ အရမ်း ဆိုးဆိုးရွားရွား ဖြစ်နေတယ်” ဟု မြောက်ဦးမြို့၊ ကုန်သည်တန်းရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိမှာ အနူမကန်မှတစ်ဆင့် ဖြည့်သွင်းထားသည့် လက်ဆည်ကန်ရေကို (၅) ရက်လျှင် တစ်ကြိမ်နှုန်းဖြင့် မြို့ပေါ်ရပ်ကွက်အသီးသီးသို့ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။ သို့သော်လည်း တချို့ရပ်ကွက်များမှာ ရေရရှိမှုနည်းပါးသည့်အတွက် ဝယ်ယူသုံးစွဲနေကြရမှုများလည်း ရှိနေသည်။
“ကျမတို့ရပ်ကွက်က ပိုက်လိုင်းအဖျားမှာဆိုတော့ ရေလုံလုံလောက်လောက်မရဘူး။ ပြီးတော့ တစ်ရက်ပေးတဲ့ရေကို ငါးရက်သုံးဖို့က လုံးဝအဆင်မပြေဘူး။ ရေကလည်း မသန့်ရှင်းဘူး” ဟု မြောက်ဦးမြို့၊ ပြင်စျေးရပ်ကွက်မှ ဒေါ်လှကျော့ယဉ်က ပြောသည်။
မြောက်ဦးမြို့၊ မြို့သစ်ရပ်ကွက်မှ ဦးကျော်ယဉ်ကလည်း “အခုပေးနေတဲ့ရေကို အနည်ထိုင်အောင်ထားပြီးမှ သောက်မယ်ဆိုရင်တောင် အဆင်မပြေဘူး။ ကျန်းမာရေးထိခိုက်လာနိုင်တယ်။ သန့်စင်အောင် စမ်းသပ်စစ်ဆေးပြီးမှပဲ ဖြန့်ဝေပေးစေချင်တယ်” ဟု ပြောသည်။
မိုးရွာသွန်းမှုနည်းပါးခြင်း၊ လက်ဆည်ကန်အနီး စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ခြင်းတို့အပြင် စည်းကမ်းမဲ့ ရေသုံးစွဲမှုတို့ကြောင့် မြောက်ဦးမြို့တွင် သတ်မှတ်ချိန်ကာလထက် အလျင်အမြန် ရေခမ်းခြောက်သွားခြင်း ဖြစ်သည်။
နွေရာသီ အစောပိုင်းကာလကပင် ရေရှားပါးနေပြီဖြစ်၍ လာမည့်ကာလများတွင် ပိုပြီးအခက်တွေ့လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ ဒေသခံအချို့မှာ ရေအခက်အခဲကို ဖြေရှင်းရန်အတွက် ယခင်အသုံးပြုခဲ့ကြသည့် ရေတွင်းဟောင်းများကို ကိုယ်ထူကိုယ်ထ ပြန်လည်တူးဖော်မှုများလည်း ရှိနေသည်။
မြောက်ဦးမြို့တွင်း ရေဖြန့်ဝေပေးနေသည့် ကိစ္စနှင့်ပတ်သက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှူဆောင်အရာရှိ ဦးဦးရွှေမောင်ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။
ရခိုင်ပြည်တွင် ရေချို မြစ်ချောင်း၊ အင်းအိုင်များရှိသော်လည်း နွေရာသီရောက်တိုင်း မြို့ပေါ်ကျေးလက်မကျန် နှစ်စဉ် ရေရှားပါးမှုပြဿနာနှင့် ကြုံတွေ့နေရသည်မှာ ရေအရင်းအမြစ်ကို စနစ်တကျ စီမံခန့်ခွဲနိုင်မှု မရှိခြင်းကြောင့် ဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။
#R010