နိုင်ငံရေးရည်မှန်းချက်ကို မရမချင်း ညီနောင်မဟာမိတ်(၃)ဖွဲ့ လက်တွဲတော်လှန်သွားမည်ဟု AA ၊ MNDAA ဆို

ယနေ့ (ဇန်နဝါရီလ ၁၂ ရက်) ကျရောက်သော နှစ်(၆၀)ပြည့် တအောင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားသို့ ကိုးကန့်(MNTJP/MNDAA) နှင့် ရက္ခိုင့်တပ်တော်(ULA/AA) တို့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ရာတွင် ထိုသို့ ထည့်သွင်းဖော်ပြထားသည်။

By Admin 12 Jan 2023

နိုင်ငံရေးရည်မှန်းချက်ကို မရမချင်း ညီနောင်မဟာမိတ်(၃)ဖွဲ့ လက်တွဲတော်လှန်သွားမည်ဟု AA ၊ MNDAA ဆို

ညီနောင်မဟာမိတ် ၃ ဖွဲ့အား တွေ့ရစဉ်။/ ဓာတ်ပုံ- AA Info Desk

DMG ၊ ဇန်နဝါရီ ၁၂

မိမိတို့မျှော်မှန်းထားသည့် စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်ကို မရမချင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ဟန်ချက်ညီလက်တွဲကာ တော်လှန်တိုက်ပွဲဝင်သွားမည်ဟု ကိုးကန့်(MNTJP/MNDAA)နှင့် ရက္ခိုင့်တပ်တော်(ULA/AA)တို့က ဆိုသည်။

ယနေ့ (ဇန်နဝါရီလ ၁၂ ရက်) ကျရောက်သော နှစ်(၆၀)ပြည့် တအောင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားသို့ ကိုးကန့်(MNTJP/MNDAA) နှင့် ရက္ခိုင့်တပ်တော်(ULA/AA) တို့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ရာတွင် ထိုသို့ ထည့်သွင်းဖော်ပြထားသည်။

ကိုးကန့်၊ တအောင်း၊ ရခိုင်လူမျိုးများ အပါအဝင် မြန်မာနိုင်ငံမှ လူမျိုးအသီးသီးတို့သည့် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်း ဆုံးဖြတ်ပိုင်ခွင့်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်တို့အတွက် အမျိုးသားလွတ်မြောက်ရေးနှင့် စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး တိုက်ပွဲများကို တစ်ဖွဲ့ချင်း (သို့မဟုတ်) စုပေါင်းပြီး လက်နက်ကိုင် တော်လှန်နေဆဲဖြစ်ကြောင်းလည်း ဆိုသည်။

လွန်ခဲ့သော ဆယ်နှစ်တာ ကာလက ညီနောင်မဟာမိတ်(၃)ဖွဲ့သည် ဘုံရန်သူ၏ စစ်ရေး၊ နိုင်ငံရေး ထိုးနှက်ချက်များနှင့် လူမျိုးရေးသပ်လျှိုဖြိုခွဲခြင်းများကို ချစ်ခင်စည်လုံးညီညွတ်စွာဖြင့် တက်၊ ဆုတ်ညီစွာ အတူတကွ လက်တွဲရင်ဆိုင်ဖြေရှင်းနိုင်ခဲ့ကြသည်ဟုလည်း သဝဏ်လွှာထဲတွင် ပါဝင်သည်။

“ဟန်ချက်ညီ တိုက်ပွဲများအတွင်း ညီနောင်မဟာမိတ်စိတ်ဓာတ်၊ ရဲဘော်ရဲဖက်စိတ်ဓာတ်များကို ပြသနိုင်ခဲ့ကြသည့်အပြင် စည်လုံးညီညွတ်မှုပြယုဂ်ကို စစ်မြေပြင်များ၌ လက်တွေ့ကျကျ ပြသနိုင်ခဲ့သည်” ဟု ကိုးကန့်နှင့် ရက္ခိုင့်တပ်တော်တို့မှ ပြောဆိုထားသည်။

ညီနောင်မဟာမိတ်(၃)ဖွဲ့၏ လုပ်ဆောင်ချက်များကြောင့် မိမိတို့အဖွဲ့များကြား၌သာမက ကိုးကန့်၊ တအောင်း၊ ရခိုင်လူမျိုးများ အချင်းချင်းကြား၌လည်းကောင်း၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ကြသည့် နွေဦးတော်လှန်ရေးအတွင်းမှ ပေါက်ဖွားလာသော ပြည်သူ့ထောက်ခံမှုရ တော်လှန်ရေးအဖွဲ့အစည်းများ ကြား၌လည်းကောင်း အပြန်အလှန် တန်ဖိုးထားမှုများနှင့် ယုံကြည်မှုများကိုပါ ရရှိခဲ့ကြောင်းဆိုသည်။

၁၉၆၃ ခုနှစ်က ဖွဲ့စည်းခဲ့သည့် ပလောင်အမျိုးသားတပ်ဖွဲ့ကို ၁၉၇၆ ခုနှစ်တွင် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဖွဲ့(PSLA)အဖြစ် အမည်ပြောင်း ဖွဲ့စည်းခဲ့သည်။ ၁၉၉၁ ခုနှစ် ဧပြီလတွင် PSLA နှင့် စစ်အစိုးရအကြား အပစ်ခတ်ရပ်စဲခဲ့မှုကြောင့် အဖွဲ့အတွင်း သဘောထားကွဲလွဲမှုများဖြစ်ကာ ၁၉၉၂ ခုနှစ် ဇန်နဝါရီလတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF)ကို ဖွဲ့စည်းခဲ့သည်။ ယင်းနောက်၂၀၀၉ ခုနှစ်တွင် တအာင်း(ပလောင်)ဒေသကို လက်တွေ့ကာကွယ်နိုင်ရန် ရည်ရွယ်ကာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်တော်(TNLA)ကို ဖွဲ့စည်းခဲ့သည်။

PSLF/TNLA အဖွဲ့သည် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ဖယ်ဒရယ် ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရန် နိုင်ငံရေးဦးတည်ချက်များ ချမှတ်ထားသည်။

PSLF/TNLA သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးထားခြင်း မရှိဘဲ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့ဖြစ်သော ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ(FPNCC)တွင် အဖွဲ့ဝင်လည်းဖြစ်သည်။

ထို့ပြင် ညီနောင်မဟာမိတ်(၃)ဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်ကာ ရခိုင်(ULA/AA)၊ ကိုးကန့်(MNTJP/MNDAA) တို့နှင့် ကောင်းမွန်သော မဟာမိတ်ဆက်ဆံရေးကို တည်ဆောက်ထားသည်။

#R007

ဗီဒီယိုများ