ရခိုင်တွင် ငါးပုစွန်အစာထုတ်လုပ်သည့် စက်ရုံများ ပေါ်ပေါက်လာစေရန် မွေးမြူရေးသမားများ လိုလားနေ

ငါး၊ပုစွန် အစာများမှာ ပြည်မနှင့် ပြည်ပနိုင်ငံများမှ မှာယူရကာ လက်ရှိတွင် အစာဈေးနှုန်းများ မြင့်တက်လျက်ရှိနေကြောင်း ရခိုင်ပြည်အတွင်းက ငါး၊ပုစွန်မွေးမြူနေသူများက ပြောသည်။

By Admin 25 Jan 2023

ရခိုင်တွင် ငါးပုစွန်အစာထုတ်လုပ်သည့် စက်ရုံများ ပေါ်ပေါက်လာစေရန် မွေးမြူရေးသမားများ လိုလားနေ

ဓာတ်ပုံ - Green Way (အစိမ်းရောင်လမ်း)

DMG ၊ ဇန်နဝါရီ ၂၅

ရခိုင်ပြည်အတွင်းက ရေချို/ရေငံ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများတွင် အစာရှားပါးမှု၊ အစာဈေးနှုန်း မြင့်တက်မှုများနှင့် ကြုံတွေ့နေရကြောင်း ငါး၊ပုစွန်မွေးမြူရေးလုပ်ငန်းရှင်များထံမှ သိရသည်။

ငါး၊ပုစွန် အစာများမှာ ပြည်မနှင့် ပြည်ပနိုင်ငံများမှ မှာယူရကာ လက်ရှိတွင် အစာဈေးနှုန်းများ မြင့်တက်လျက်ရှိနေကြောင်း ရခိုင်ပြည်အတွင်းက ငါး၊ပုစွန်မွေးမြူနေသူများက ပြောသည်။

ထိုသို့ အစာဈေးနှုန်းမြင့်တက်မှုကြောင့် ငါး၊ပုစွန်မွေးမြူသူများ အရှုံးပေါ်နေရပြီး မိမိဒေသတွင် ငါး၊ပုစွန်အစာ ထုတ်လုပ်သည့် စက်ရုံများ ပေါ်ပေါက်လာစေရန် ငါး၊ပုစွန်မွေးမြူသူများက လိုလားနေကြသည်။

“ငါးအစာစက်ရုံကို အဓိက လိုအပ်ပါတယ်။ နောက်တစ်ခုက ရခိုင်မှာ ငါးသားဖောက်မွေးမြူရေးလုပ်ငန်းမှာ ပညာရှင်တွေကို လိုအပ်ပါတယ်။ ငါးစာ စက်ရုံအဆင်ပြေအောင်၊ ရခိုင်ပြည်ကငါးကို ရခိုင်ပြည်မှာ သေချာမွေးမြူလို့အဆင်ပြေအောင် ပညာရှင်တွေ လိုပါတယ်။ နိုင်ငံရေးအခြေအနေတွေကြောင့် လမ်းပန်းဆက်သွယ်ရေးမကောင်းတော့ ပြည်မဘက်က မှာယူရတဲ့ ငါးစာက ဈေးကြီးသွားပါတယ်”ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ ငါး၊ပုဇွန်မွေးမြူရေးလုပ်ငန်းရှင် ဦးလှအောင်ကပြောသည်။

ငါး၊ ပုဇွန်များကိုကျွေးသည့် အစာတစ်အိတ်ကို ယခင်က ငွေကျပ် ၃၅၀၀၀ ခန့်ဖြင့် ရန်ကုန်မြို့မှ ဝယ်ယူရရှိခဲ့သော်လည်း လက်ရှိတွင် အစာတစ်အိတ်ကို ငွေကျပ် ၇၅၀၀၀ ဖြင့် ဝယ်ယူနေရကြောင်း သိရသည်။

နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မှာယူထားသည့်အစာများမှာ လမ်းခရီးတွင်ကြန့်ကြာသွား၍ ငါး၊ ပုဇွန်များ သေဆုံးခဲ့ရသည် များလည်းရှိခဲ့ကြောင်း ရခိုင်မှ ငါး၊ပုစွန်မွေးမြူသူများကပြောသည်။

ရခိုင်က ရေငံပုစွန်မွေးမြူသူများမှာလည်း ပုဇွန်သားပေါက်များအား ကျွေးမည့်အစာကို ထိုင်းနိုင်ငံမှတဆင့် မှာယူနေရကြောင်း သိရသည်။

ကျောက်ဖြူမြို့မှ ရေငံပုစွန်မွေးမြူရေးလုပ်ငန်းရှင် ဦးဇော်ဝင်းဌေးက “ပုစွန်သားဖောက်လေးတွေကို ကျွေးတဲ့အစာက ယိုးဒယားမှာ အစာထုတ်တဲ့စက်ရုံတွေက မှာပြီးတော့ကျွေးရတယ်။ ကျနော်တို့က ကိုယ့်ဟာကိုစမ်းပြီး (အစာထုတ်လုပ်မှု) မလုပ်ရဲသေးဘူး။ ကျွမ်းကျင်တဲ့ပညာရှင်တွေ ရှိလာရင်တော့ ကိုယ့်ဟာကိုထုတ်လုပ်ဖို့ စဉ်းစားထားတာရှိတယ်”ဟု ပြောသည်။

ရခိုင်တွင် ငါး၊ပုစွန် အစာထုတ်လုပ်သည့်စက်ရုံများ ဆောက်လုပ်နိုင်ရန်အတွက် သက်ဆိုင်ရာအာဏာပိုင်များမှ ချေးငွေများ ထုတ်ချေးပေးသင့်ကြောင်း ပုဏ္ဏားကျွန်းမြို့နယ်မှ စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးအသင်း အတွင်းရေးမှူး ဦးကျော်ထူးက ထောက်ပြသည်။

“စက်ရုံဆိုတာက ငွေကြေးအရင်းနှီးက အရမ်းများတာကိုး။ အဲဒါကြောင့် သာမာန်ငါးမွေးတောင်သူ တစ်ယောက်အနေနဲ့ ထူထောင်မယ်ဆိုရင်လည်း မလွယ်ကူဘူး။ အဲဒါကို အစိုးရက ချေးငွေတွေထုတ်ပေးပြီးမှ ငါးမွေးတောင်သူတွေ လိုအပ်နေတဲ့ အစာထုတ်စက်ရုံတွေ ဖြစ်လာမယ်ဆိုရင် ပိုပြီးတော့ကောင်းတာပေါ့”ဟု ၎င်းကဆိုသည်။

ရခိုင်တွင် ငါး၊ပုစွန် အစာထုတ်လုပ်သည့်စက်ရုံများ ပေါ်ပေါက်လာရေးအတွက် ငါး၊ပုစွန်မွေးမြူရေးလုပ်ကိုင်နေသူများ၏ တောင်းဆိုချက်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိသေးပေ။

ရေချို/ရေငံ ငါး၊ပုစွန်မွေးမြူရေးလုပ်ငန်းများကို ရခိုင်ပြည်အတွင်းက ကျောက်ဖြူ၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ စစ်တွေ စသည့်မြို့နယ်များတွင် အဓိကလုပ်ကိုင်ကြပြီး အစိုးရပိုင် မွေးမြူရေးကန်များအပြင် ပုဂ္ဂလိကပိုင် မွေးမြူရေးကန်များလည်းရှိသည်။

#R005

ဗီဒီယိုများ