- စစ်တွေ-ပုဏ္ဏားကျွန်းနယ်စပ်က ကျေးရွာသားများ ရွှေ့ပြောင်းနေရ
- အစ္စရေးနှင့် အချိန်မရွေး စစ်ပွဲပြန်ဖြစ်နိုင်ကြောင်း အီရန် ဒုသမ္မတ သတိပေး
- ပူတင်နှင့် ဆွေးနွေးရန် အသင့်ရှိသည်ဟု ထရမ့်နှင့် တွေ့ဆုံမှုအပြီး ဇီလင်စကီး ပြော
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားချက် ( ဩဂုတ် ၁၁ မှ ၁၇ ရက်နေ့အထိ)
- ရွေးကောက်ပွဲ ရက်ချိန်းပေးပြီး ငြိမ်းချမ်းရေး ဖိတ်ခေါ်နေ
အညာဒေသက တော်လှန်ရေးတပ်များကို NRA အဖွဲ့ဦးဆောင် ပေါင်းစပ်ပေးမည်
NRA အဖွဲ့သည် အထူးသဖြင့် ယနေ့ အချိန်အထိ ဗမာပြည်၊ အညာဒေသ၌ ပြန့်ကြဲနေသည့် ဒေသဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့၊ အစုအဖွဲ့များအား တစ်ပေါင်းတည်းဖြစ်စေရေးအတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။
14 Aug 2025

DMG ၊ ဩဂုတ် ၁၄
ပြန့်ကြဲနေသော တော်လှန်ရေးအင်အားစုများစုစည်းကာ တော်လှန်ရေးအောင်ပွဲ အမြန်ဆုံး အဆုံးသတ်ရန် ရည်ရည်ပြီး နိုင်ငံလုံးဆိုင်ရာတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (NRA) ကို ယမန်နေ့ (ဩဂုတ် ၁၃ ရက်) တွင် စတင် ဖွဲ့စည်းတည်ထောင်လိုက်သည်။
NRA အဖွဲ့သည် အထူးသဖြင့် ယနေ့ အချိန်အထိ ဗမာပြည်၊ အညာဒေသ၌ ပြန့်ကြဲနေသည့် ဒေသဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့၊ အစုအဖွဲ့များအား တစ်ပေါင်းတည်းဖြစ်စေရေးအတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။
" အထူးသဖြင့် အညာ ဗမာဒေသမှာ ဒီနေ့အချိန်အထိ ပြန့်ကြဲနေတဲ့ ဒေသဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့တွေ၊ အစုအဖွဲ့တွေ ရှိပါတယ်။ ဒါတွေကို ကျနော်တို့က စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ သူတို့ စစ်ရေးဖော်ဆောင်တဲ့နေရာမှာ လိုအပ်နေတဲ့အရာတွေ ဘဏ္ဍာရေးတွေ၊ စစ်လက်နက်ခဲယမ်း၊ ရိက္ခာတွေ၊ ဆေးဝါးတွေ ဝိုင်းဝန်းပြီးတော့ အဖြေရှာပေးဖို့ လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်" ဟု NRA အဖွဲ့၏ နိုင်ငံခြား ရေးကော်မရှင် ဥက္ကဋ္ဌ ဦးမျိုးထိုက်တန်သိန်းက DMG သို့ ပြောသည်။
ထို့အတူ စစ်အာဏာရှင်စနစ်အပြင် မည်သည့် အာဏာရှင်စနစ်ကိုမဆို အပြီးတိုင် ဆန့်ကျင်ပြီး၊ ပြန့်ကြဲနေသော လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့် နိုင်ငံရေးအင်အားစုများ စုစည်းပြီး တပ်ပေါင်းစု အသွင်ဖြင့် စစ်အနိုင်တိုက်ရေးနှင့် တော်လှန်ရေး မဟာဗျူဟာလုပ်ငန်းစဉ်များ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဆိုသည်။
" ကျနော်တို့က စစ်အနိုင်တိုက်ရေး၊ စစ်အောင်နိုင်ရေးအတွက်ကို အဓိက ရည်ရွယ်ပါတယ်။ မြန်မာပြည်မှာ စစ်အာဏာရှင်နဲ့တကွ အာဏာရှင်စနစ်အားလုံးကို ဆန့်ကျင်တယ်။ ဒါကြောင့် မြန်မာပြည်မှာ ဒီစစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်အောင် တိုက်ခိုက်နေသူအားလုံးနဲ့ ကျနော်တို့ မဟာမိတ်ဆက်ဆံရေးနဲ့၊ ပြန့်ကြဲနေတဲ့ တော်လှန်ရေးအင်အားစုတွေကို စုစည်းပြီးတော့ စည်းလုံးညီညွတ်တဲ့ ပေါင်းစည်းထားတဲ့ အင်အားကောင်းတဲ့ ခိုင်မာတဲ့ အင်အားစုတွေ ဖြစ်လာအောင် လုပ်ဆောင်ဖို့ ရည်ရွယ်ချက် ရှိတယ် " ဟု ဦးမျိုးထိုက်တန်သိန်းက ဆက်ပြောသည်။
အဆိုပါ အဖွဲ့အစည်းတွင် စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူများဖြစ်သည့် ဦးသန်းစိုးနိုင်၊ ဦးလူမြတ်ကျော်နှင့် ဦးမျိုးထိုက်တန်သိန်းတို့က ဦးဆောင်ကာ အခြားလူများဖြင့် ဖွဲ့စည်းခဲ့ကြကြောင်း သိရသည်။ NRA အဖွဲ့တွင် စစ်ရေး၊ ဥပဒေပိုင်းဆိုင်ရာ၊ ဘဏ္ဍာရေးနှင့် နိုင်ငံခြားဆက်ဆံရေးဆိုင်ရာ ကျွမ်းကျင်သူများ ထည့်သွင်း ဖွဲ့စည်းထားကြောင်း သိရသည်။
ယင်းအပြင် စစ်အာဏာရှင် အမြစ်ပြတ်ရေး တိုက်ခိုက်နေသည့် အစုအဖွဲ့များ၏ စစ်ရေးဖော်ဆောင်ရာတွင် လိုအပ်သည့် ဘဏ္ဍာရေး၊ စစ်လက်နက်ခဲယမ်း၊ ရိက္ခာနှင့် ဆေးဝါးများအား ဝိုင်းဝန်း အဖြေရှာ လုပ်ဆောင်ပေးသွားမည်ဟုလည်း ဦးမျိုးထိုက်တန်သိန်းက ပြောသည်။
တစ်ဘက်တွင်လည်း NRA အဖွဲ့၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ လက်နက်ကိုင်အင်အားစုများ၊ နိုင်ငံရေးပါတီများ၊ စစ်ရေး၊ နိုင်ငံရေးတွဲနေသည့် ပါတီများတွဲဖက် ပါဝင်သင့်ကြောင်း နိုင်ငံရေးသုံးသပ်သူများက ထောက်ပြမှုများ ရှိနေသည်။
" အဲဒီလိုမှ လှုံ့ဆော်မှု၊ မျှော်မှန်းတဲ့ပန်းတိုင်ကို ရောက်ရှိမှာ ဖြစ်တယ်၊ အောင်မြင်မှာ ဖြစ်တယ်။ အခုဟာက စိတ်ကူးယဉ်ဆန်ပြီး ဖွဲ့ကြတာပဲ ဖြစ်တယ်။ တကယ့်ကို ကြီးကြီးမားမား Nationwide ဆိုတဲ့ဟာမျိုးက တကယ့်ကို အိပ်မက်အကြီးကြီးပဲ ဖြစ်တယ်။ ဒါပေမယ့် ဒါက အရာရောက်မယ့် မဟာမိတ် မဖြစ်နိုင်ဘူး။ အပြုသဘောဆောင်ပြီး ထောက်ပြရရင် ဒီအဖွဲ့ကို ဖွဲ့စည်းတာက အရာထင်မယ့် အဖွဲ့တစ်ခုမဟုတ်ဘူးလို့ပဲ မြင်ပါတယ် " ဟု အမည်မဖော်လိုသည့် ရခိုင်နိုင်ငံရေးသမားတစ်ဦးက ထောက်ပြသည်။
လက်ရှိ NRA အဖွဲ့တွင် အရည်အချင်းရှိသူများ ပါဝင်နေသော်လည်း လူမှန်၊ နေရာမှန် ဖြစ်ရန် အရေးကြီးသည်ဟု ၎င်းက ဆက်ပြောသည်။
တော်လှန်ရေးလိုအပ်ချက်အရ စစ်အနိုင်တိုက်ရေးလုပ်ငန်းစဉ်အား အထူးဦးစားပေးဆောင်ရွက်ကာ စစ်ရေး နိုင်ငံရေး၊ အချိုးကျ ပေါင်းစပ်သော တော်လှန်ရေးတပ်ပေါင်းစုတစ်ရပ်ဖြစ်ပေါ်လာစေရန် တည်ဆောက်မည်ဟုလည်း NRA ထုတ်ပြန်ချက်က ဆိုသည်။
ရန်ကုန်မြို့ခံ လူမှုရေးတက်ကြွလှုပ်ရှားသည့် လူငယ်အမျိုးသားတစ်ဦးက " တပ်ပေါင်းစု နာမည်နဲ့ အဖွဲ့တစ်ခု ထပ်တိုးသွားတယ်လို့ပဲ မြင်တယ်။ နောက်တစ်ခုက အဖွဲ့ဖွဲ့ပြီး လုပ်တော့မယ်ဆိုရင်တောင် Image ရှိပြီးသား ဖြစ်တဲ့ အဖွဲ့တွေနဲ့ အရင်ဆုံး ပူးပေါင်းလုပ်ပြရမယ်။ ပြီးမှ စစ်အာဏာရှင် အမြစ်ပြတ်ရေးအတွက် လုပ်ဆောင်ချက်တွေကို ဆက်လုပ်လို့ အဆင်ပြေမှာ " ဟု ပြောသည်။
NRA အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံတော်သစ်တစ်ရပ် ပေါ်ပေါက်လာစေရန်၊ တော်လှန်ရေး အင်အားစုအားလုံးနှင့် စစ်ရေး၊ နိုင်ငံရေး၊ သံတမန်နည်းလမ်းများဖြင့် အတူတကွ တန်းတူရည်တူ အပြန်အလှန် လေးစားအသိမှတ်ပြုမှုဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ရန် တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသားများ လူမျိုးစု အသီးသီးနှင့် တန်းတူညီမျှမှု အပြန်အလှန်လေးစားမှုကို အခြေခံလျက် အတူတကွ လက်တွေ့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းလည်း NRA က ထုတ်ပြန်ထားသည်။