- မီးခိုးမထွက်တဲ့ ရခိုင်က စီးပွားရေးလုပ်ငန်းတွေ ဦးမော့လာမဲ့ချိန်
- မီဇိုရမ် - ပလက်ဝ နယ်စပ်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်
- မြန်မာ့တော်လှန်ရေး တပ်ဖွဲ့ဝင်များအား အိန္ဒိယလုံခြုံရေးတပ်က ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်
- ခေါင်ခိုက်နေသည့် အိမ်ငှားဈေးနှုန်းနှင့် စစ်ဘေးရှောင်များ၏ ကျောတခင်းစာပြဿနာ
- ကျောက်ဖြူ အမှတ် ၃၂ ရဲတပ်ရင်း ကာကင်းစခန်းအချို့ကို AA သိမ်းပိုက်
မြန်မာ့တော်လှန်ရေး တပ်ဖွဲ့ဝင်များအား အိန္ဒိယလုံခြုံရေးတပ်က ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်
အိန္ဒိယ - မြန်မာ နယ်စပ် မဏိပူရပြည်နယ်ရှိ ချန်ဒယ်ခရိုင်တွင် ဖြစ်ပွားခဲ့သည်ဟု ယူဆရသည့် ဤဖြစ်ရပ်ကြောင့် မြန်မာတော်လှန်ရေးတပ်များအကြားတွင် အိန္ဒိယလုံခြုံရေးတပ်များနှင့် ပတ်သက်၍ အကြီးအကျယ် သတိပြုစရာ ဖြစ်သွားခဲ့သည်။
21 May 2025

အိန္ဒိယလုံခြုံရေး တပ်ဖွဲ့ဝင်များသည် မေလ ဒုတိယသီတင်းပတ်အတွင်းက မြန်မာစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေကြသည့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးကို သတ်ဖြတ်ခဲ့သည်။
အိန္ဒိယ-မြန်မာ နယ်စပ် မဏိပူရပြည်နယ်ရှိ ချန်ဒယ်ခရိုင်တွင် ဖြစ်ပွားခဲ့သည်ဟု ယူဆရသည့် ဤဖြစ်ရပ်ကြောင့် မြန်မာတော်လှန်ရေးတပ်များအကြားတွင် အိန္ဒိယလုံခြုံရေးတပ်များနှင့် ပတ်သက်၍ အကြီးအကျယ် သတိပြုစရာ ဖြစ်သွားခဲ့သည်။
အိန္ဒိယသတင်းများက အာသံရိုင်ဖယ်တပ်သည် မေလ ၁၅ ရက်နေ့တွင် "အစွန်းရောက်လက်နက်ကိုင်" ၁၀ ဦး ကို နှိမ်နင်းခဲ့သည်ဟု ဖော်ပြခဲ့ကြသည်။ အာသံရိုင်ဖယ်တပ်သည် အိန္ဒိယစစ်တပ် လက်အောက်တွင် ဖွဲ့စည်းထားသည့် တပ်ခွဲဖြစ်သည်။
အိန္ဒိယစစ်တပ်က X လူမှုကွန်ရက်ပေါ်၌ ထုတ်ပြန်ချက်တွင် နယူးဆမ်တယ်ကျေးရွာအနီးတွင် လက်နက်ကိုင်များ လှုပ်ရှားမှုရှိနေသည်ဟု ထောက်လှမ်းရေး သတင်းပေးချက်အရ အာသံရိုင်ဖယ်တပ်သည် မေလ ၁၄ ရက်နေ့တွင် စစ်ဆင်ရေး ဆင်နွှဲခဲ့သည်ဟု ဖော်ပြထားသည်။
စစ်ဆင်ရေးအတွင်း လက်နက်ကိုင်ဟု သံသယရှိသူများက အာသံရိုင်ဖယ်တပ်ကို ပစ်ခတ်သဖြင့် မြန်မြန်ဆန်ဆန် တုံ့ပြန် ပစ်ခတ်ခဲ့ရာ လက်နက်ကိုင် ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းလည်း အမြောက်အများ သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြထားသည်။
တကယ်တမ်းတွင် မဏိပူရ အင်ဖာဒေသ၌ မြန်မာလက်နက်ကိုင်များနှင့် အိန္ဒိယ လုံခြုံရေး တပ်ဖွဲ့ဝင်များအကြား ထိပ်တိုက်တွေ့မှုများသည် မကြာခဏဆိုသလို ရှိနေကျဖြစ်သည်။ သို့သော်လည်း လက်နက်ကိုင် ၁၀ ဦးအထိ အသတ်ခံရသည့် ဖြစ်ရပ်မှာ မရှိသလောက်ရှားသည်။
အိန္ဒိယစစ်တပ်၏ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က X ပေါ်တွင် ထုတ်ပြန်ခဲ့ပြီးနောက်၌ သတင်းထောက်များသည် ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းခဲ့ကြသော်လည်း မအောင်မြင်ခဲ့ပေ။ အာသံရိုင်ဖယ်နှင့် အိန္ဒိယစစ်တပ် နှစ်ဘက်လုံးက ရေငုံနှုတ်ပိတ်နေခဲ့ကြသည်။ သူတို့ တစ်လေသံတည်း ပြောသည်မှာ "သေဆုံးသွားသည့် လက်နက်ကိုင်များကို မည်သူမည်ဝါ သိရှိနိုင်ရန် ကြိုးပမ်းနေသည်" ဟုသာဖြစ်သည်။
အိန္ဒိအစိုးရ သတင်းထုတ်ပြန်ရေး ဗျူရို၏ ထုတ်ပြန်ချက်၌လည်း ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသူ ၁၀ ဦး သေဆုံးခဲ့သည်ဟု ပါရှိသည်။ ဖမ်းမိသော လက်နက်များ၌ "AK-47 ရိုင်ဖယ်များ၊ RPG လောင်ချာတစ်လက်၊ M4 ရိုင်ဖယ်တစ်လက်၊ တစ်လုံးထိုး ရိုင်ဖယ်လေးလက်၊ ခဲယမ်းမျိုးစုံ" သိမ်းဆည်းရမိသည်ဟု ဖော်ပြထားသည်။

သေဆုံးသွားသူများ မည်သူမည်ဝါ ဖြစ်ကြောင်း မသိရသည့်အတွက် ခန့်မှန်းချက်များလည်း ထွက်ပေါ်လာခဲ့ပြီး မီဒီယာအချို့ကဆိုလျှင် ကူကီးအမျိုးသားတပ်မတော် (KNA-B) တပ်ဖွဲ့ဝင်များဟု ခန့်မှန်း ရေးသားကြသည်။
ကူကီးမှ အရာရှိကြီးတစ်ဦးကမူ "ဖြစ်ပွားတဲ့နေရာက ကူကီးတွေ အများစု နေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သေဆုံးသူတွေဟာ ကူကီးဖြစ်နိုင်ခြေ သိပ်နည်းပါတယ်။ ဟုတ်တယ်ဆိုရင် ကျွန်တော်တို့ သတင်းရမှာပါ" ဟု ပြောသည်။
သေဆုံးသွားသူများသည် မြန်မာပြည် တမူးဒေသမှ တမူးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များဖြစ်ကြောင်း မြန်မာဘက်မှ တော်လှန်ရေး တပ်ဖွဲ့သုံးဖွဲ့က အတည်ပြုထားသည်။
တမူးရှိ ပကဖများသည် စစ်ကောင်စီ တော်လှန်ရေးတွင် တတပ်တအား ပါဝင်နေကြသူများ ဖြစ်သည်။ ကလေးတွင် ဆိုလျှင်လည်း သူတို့သည် လက်နက်ထုတ်လုပ်ရေး၊ စာသင်ကျောင်းများ ဖွင့်လှစ်ရေးတို့ကို ပါဝင်ဆောင်ရွက်နေကြသည်ကို ဆောင်းပါးရှင် ၂၀၂၃ ခုနှစ်အတွင်း အဆိုပါဒေသသို့ ရောက်စဉ်က မြင်ခဲ့ရသည်။
တမူး PDF တပ်ဖွဲ့ဝင်အချို့ကတော့ အိန္ဒိယမီဒီယာများ၏ ဖော်ပြချက်ကို ကန့်ကွက်ကြသည်။ သတ်ဖြတ်မှုများသည် တမူးမြို့နယ် ထင်းဇင်အရပ်တွင် ဖြစ်ပွားခဲ့ခြင်းဟု သူတို့က ပြောသည်။
"အာသံရိုင်ဖယ်တပ်ဟာ မြန်မာပြည်ထဲက ပကဖ စခန်းကို မေလ ၁၂ ရက်နေ့မှာ ရောက်လာတယ်။ နောက်နှစ်ရက်နေတော့ တပ်ဖွဲ့ဝင် ၁၀ ဦး အဖမ်းခံရတယ်။ သူတို့ကို မဏိပူရပြည်နယ်က ချန်ဒယ်ခရိုင်ကို ခေါ်သွားပြီး တစ်ရက်လုံး ဖမ်းထားခဲ့တာ" ဟု သူတို့က ပြောသည်။
"တိုက်ပွဲဖြစ်တာလည်း မဟုတ်ဘူး။ နှစ်ဘက် အပြန်အလှန် ပစ်ခတ်တာလည်း မရှိခဲ့ဘူး" ဟု သူတို့က ပြောဆိုသည်။
သေဆုံးသူများအနက် သုံးဦးကို မေလ ၁၆ ရက်နေ့တွင် အတည်ပြုနိုင်ခဲ့သည်။ ထိုအထဲတွင် အသက် ၁၈ နှစ်အရွယ် နှစ်ဦးပါဝင်ပြီး အောင်ဖုန်းမြတ်နှင့် ကောင်းထက်ဝေတို့ဖြစ်ကာ နောက်တစ်ယောက်မှာ အသက် ၂၀ ဝန်းကျင်အရွယ် မောင်ကောင်းဆိုသူ ဖြစ်နိုင်သည်ဟု PDF တို့က ပြောကြသည်။
ဒေသခံ ကာကွယ်ရေးတပ် (LDF) နှင့် PDF များသည် လက်နက် ရှားပါးမှုနှင့် ကြုံနေရသည့်အတွက် လက်နက်များနှင့် ဒရုန်းများကို ကိုယ်တိုင် ထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေကြသူများ ဖြစ်ရာ အိန္ဒိယစစ်တပ်က ထုတ်ပြန်သည့် AK-47 ရိုင်ဖယ်များနှင့် လောင်ချာတစ်လက် ဖမ်းမိသည် ဆိုသည်မှာ ယုံကြည်ရန် ခက်ခဲ့သည်။
အသတ်ခံရသည့် သတင်းများ ထွက်ပေါပြီး များမကြာမီ၌ပင် သေဆုံးသွားသည့် တပ်ဖွဲ့ဝင်တစ်ဦး၏ အဝတ်ဟု ယူဆရသည့် သွေးစွန်းနေသည့် ယူနီဖောင်း ဓာတ်ပုံတစ်ပုံ WhatsApp groups များ၌ ပျံ့နှံထွက်ပေါ်လာခဲ့သည်။ ဝတ်စုံ၌ ပခုံးတွင် ဒေသခံ ပကဖ တံဆိပ်ကို မြင်ရသလို ညာဘက် အကျင်္ီအိတ်အောက်တွင်လည်း ချွန်ထက်သော အရာတစ်ခုဖြင့် ထိုးထားသည်ဟု ယူဆရသည့် ပုံစံကို မြင်ရသည်။
မေလ ၁၇ ရက်နေ့တွင် ပေါ်ထွက်လာသည့် ဗီဒီယိုနှင့် ဓာတ်ပုံ၌လည်း အလောင်း ဆယ်လောင်းကို တန်းစီရိုက်ကူးထားသည်ကို တွေ့ရသည်။ ၎င်းတို့သည် အသတ်ခံလိုက်ရသည့် တပ်ဖွဲ့ဝင်များဟု PDF တို့က ပြောကြသည်။ ၎င်းတို့ အသတ်ခံရပြီးနောက် နယ်စပ်တဘက် မြန်မာဘက်ခြမ်းတွင် လာချထားခြင်းဟု သူတို့က ပြောသည်။
ရုပ်အလောင်းအားလုံး၌ နှိပ်စက်ခံထားရသည့် လက္ခဏာများ အထင်အရှား မြင်ရသည်။ ဘောင်းဘီများမှာ သွေးစွန်းနေသလို အလောင်းတစ်လောင်း ဆိုလျှင်လည်း အဝတ်များ ဆုတ်ဖြဲခံထားရပြီး ကိုယ်ဗလာကျင်းနေသည်ကို မြင်ရသည်။ အဆိုပါ ရုပ်ပုံများသည် အသတ်ခံလိုက်ရသူများ ဟုတ်၊မဟုတ် ဆိုသည်ကိုတော့ သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။
သတ်ဖြတ်မှုအပေါ် ခန့်မှန်းချက်များကတော့ အမျိုးမျိုး ရှိသည်။ နယ်စပ်တလျှောက် နေထိုင်ကြသူများ၊ မဏိပူရမှ လက်နက်ကိုင်များ၊ မြန်မာဘက်မှ PDF များကတော့ အဓိကအားဖြင့် ယူဆချက်သုံးခု ရှိကြသည်။

ပထမယူဆချက်ကတော့ အာသံရိုင်ဖယ်တပ်၏ တောင်းဆိုချက်အချို့ကို တမူးပကဖ ဘက်မှ လိုက်လျောမှု မရှိသည့်အတွက် သူတို့ကို ချန်ဒယ်သို့ ခေါ်သွားပြီး နှိပ်စက် သတ်ဖြတ်လိုက်သည် ဆိုသော သီအိုရီဖြစ်သည်။ ထိုဒေသမှ အာသံရိုင်ဖယ်တပ်သည် အပေါ်မှ ဖိအားများ ရင်ဆိုင်နေရပြီး ရလဒ်တစုံတရာ ပြသနိုင်ရန် လိုအပ်နေသည့်အတွက် ယခုလို လုပ်ဆောင်လိုက်ခြင်းဟု ယူဆကြသည်။
ဒုတိယအချက်မှာ ဗမာလက်နက်ကိုင်များကို အခဲမကြေသည့် အရာရှိတစ်ဦးဦးက ဖြစ်စဉ်ကို အစအဆုံး ကြိုးကိုင်ခဲ့သည် ဆိုသော အချက်ဖြစ်သည်။ တမူးပကဖသည် အိန္ဒိယအတွက် အန္တရာယ်ရှိနိုင်သည့် အဖွဲ့အစည်းအချို့နှင့် မဟာမိတ်ပြုထားသည့်အတွက် မကျေနပ်သည့် အာသံရိုင်ဖယ် အရာရှိတစ်ဦးဦးက ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည် ဆိုသော သီအိုရီဖြစ်သည်။
တတိယအယူအဆတွင်တော့ PDF တပ်ဖွဲ့ဝင်များအကြား သဘောကွဲလွဲမှုများ ရှိသည်။ ဤယူဆချက်မှာ မတော်တဆ မှားယွင်းသတ်ဖြတ်မိခြင်း ဖြစ်သည်ဆိုသော အမြင်ဖြစ်သည်။ တမူးပကဖများကို UTV ဟုခေါ်သည့် အဖွဲ့တစ်ခု၏ အဖွဲ့ဝင်ဟု ယူဆကာ မှားယွင်းသတ်ဖြတ်မိခြင်း ဆိုသည့် အမြင်ဖြစ်သည်။ UTV သည် ချင်းလက်နက်ကိုင် ၆ ဖွဲ့ကို ပေါင်းစည်းပြီး ချင်းပြည်တောင်ပိုင်းတွင် လှုပ်ရှားနေသည့် ချင်းညီနောင် မဟာမိတ်တပ်ဖွဲ့နှင့် နီးစပ်သည်ဟု ယူဆရသည့်အဖွဲ့ ဖြစ်သည်။
လုံခြုံရေးအေဂျင်စီများကတော့ ယခုဖြစ်ရပ်ကို သဘောမတွေ့ကြပေ။ အိန္ဒိယသည် မြန်မာစစ်ကောင်စီကို လက်နက်ခဲယမ်းများ ထောက်ပံ့နေသည်ဟု ကုလသမဂ္ဂ အစီရင်ခံစာတစ်ရပ်က လွန်ခဲ့သော နှစ်နှစ်က ဖော်ပြခဲ့သည် ဆိုသော်ငြား အိန္ဒိယသည် မြန်မာ့စစ်ပွဲတွင် ကြားနေအဖြစ်သာ အမြင်ခံလိုသည်။ တချိန်တည်း၌ အိန္ဒိယသည် မြန်မာနိုင်ငံအတွင်း တရုတ်လွှမ်းမိုးမှု ကြီးထွားလာသည်ကို တုံ့ပြန်လိုသည်။
အိန္ဒိယအတွက် အရေးပါသည့် စီမံကိန်းကြီး နှစ်ခုဖြစ်သော အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမနှင့် ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းတို့ကို အကောင်အထည် ဖော်လိုသည်။ သို့အတွက်ကြောင့် အပြန်အလှန် ထိန်းညှိသည့်အနေဖြင့် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က အိမ်နီးချင်း ချင်းပြည်နယ်မှ လက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံပြီး အဖွဲ့ကွဲများအကြား ပေါင်းစည်းရေး ဆွေးနွေးသည်ကို အားပေးထောက်ခံခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယအစိုးရ သတင်းရင်းမြစ်များကတော့ ယခုဖြစ်ရပ်ကို စုံစမ်းရန် အစိုးရက ညွန်ကြားထားပြီဟု ပြောကြသည်။
ယခုဖြစ်ရပ်ကို ချင်း PDF များကတော့ အလွန်အမင်း စိုးရိမ်နေကြသည်။ ဗမာသတင်းဌာနများကလည်း အာသံရိုင်ဖယ်တပ်သည် ပကဖ ၁၀ ဦးကို တမင် ပစ်သတ်ခဲ့ခြင်းဟု ရေးသားဖော်ပြကြသည်။ ချင်းတွင်း သတင်းဌာန၏ သတင်းတစ်ရပ်၌ "တမူးမြို့နယ်ရှိ ထိန်းချုပ်ဧရိယာ၌ ကင်းလှည့်နေသော PDF အဖွဲ့ဝင်များကို ပစ်ခတ်ခဲ့သည့် အိန္ဒိယ အာသံရိုင်ဖယ်တပ်တွင် တာဝန်ရှိသည်" ဟု ရေးသားဖော်ပြသည်။ အဆိုပါရေးသားမှုနှင့်အတူ အခင်းဖြစ်ပွားရာနေရာကို ဖော်ပြထားသည့် ဓာတ်ပုံနှစ်ပုံလည်း ပူးတွဲဖော်ပြထားသည်။
တမူး PDF ၏ အရာရှိတစ်ဦးကလည်း လွန်ခဲ့သည့် ၂ နှစ်ခန့်က ပြောကြားချက်ကို ပြန်ပြောထားသည်။
"အိန္ဒိယ၊ မဏိပူရနဲ့ သူ့အစိုးရကို ကျွန်တော်တို့ အန္တရာယ်ပြုလိုစိတ် မရှိပါဘူး။ ကျွန်တော်တို့ဟာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အစိုးရကို တိုက်ခိုက်နေတာသာ ဖြစ်ပါတယ်။ NUG ကသာ စစ်ကောင်စီကို အနိုင်တိုက်ပြီး အစိုးရဖွဲ့နိုင်ခဲ့ရင် အိန္ဒိယက ပိုအကျိုးရှိမှာပါ။ ဒါပေမဲ့ ခုလိုမျိုးတွေ ဖြစ်လာတော့ ကျွန်တော်တို့ အိန္ဒိယအစိုးရကို ဘယ်လို ယုံကြည်လို့ ရတော့မှာလဲ" ဟု သူက ပြောထားသည်။
အဆိုပါ ပြောဆိုချက်မျိုးကို ရခိုင်ပြည်နယ်တွင်လည်း လွန်ခဲ့သည့်နှစ်က ကြားခဲ့ရသည်။ ရခိုင်တွင် အာရက္ခတပ်တော်သည် ဒေသဧရိယာ ၈၀ ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထားပြီး ကိုယ်ပိုင် အစိုးရတစ်ရပ် ထူထောင်ရန် ကြိုးပမ်းလျက်ရှိသည်။
သူတို့ထဲမှ အများစုကလည်း ၁၉၉၈ ခုနှစ်က ပြုလုပ်ခဲ့သည့် နာမည်ပျက် အော်ပရေးရှင်း တစ်ခုဖြစ်သည့် မျှော့စစ်ဆင်ရေး (Operation Leech) ကို ထောက်ပြခဲ့ကြသည်။ အဆိုပါ စစ်ဆင်ရေး၌ ရခိုင်ပြည် အမျိုးသားညီညွတ်ရေးပါတီ (NUPA) နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့ဝင် ၆ ဦး ပစ်သတ်ခံရပြီး ၇၃ ဦး အဖမ်းခံခဲ့ရသည်။
ချန်ဒယ်လူသတ်ပွဲသည် အိန္ဒိယ အရှေ့မြောက်ပိုင်းတွင် ရှိနေသည့် အာသံရိုင်ဖယ်တပ်၏ သဘောထားအပေါ် မေးခွန်းအများအပြား ထွက်ပေါ်လာစေခဲ့သည်။
စစ်တပ်တပိုင်း ဤလက်နက်ကိုင် အဖွဲ့အစည်း၏ အငြင်းပွားဖွယ် နောက်ခံသမိုင်းနှင့် တိုက်ပွဲအတုများ ဖန်တီးမှု စွပ်စွဲချက်များကို ကြည့်လျှင် စစ်တပ်၏ စစ်ဆင်ရေး ကွပ်ကွဲမှု စနစ်အတွင်း လစ်ဟာမှုအချို့ ရှိနေပြီး ထိရောက်သော စနစ်တစ်ခု ထူထောင်ရန်အတွက် ပြီးခဲ့သော နှစ်များအတွက် အလွယ်တကူ မပြုပြင်နိုင်ခဲ့သည်ကို ထောက်ပြနေသည်။
ယခုကဲ့သို့ ဖြစ်ရပ်များ ပေါ်လာတိုင်း သမားရိုးကျ တုံ့ပြန်မှုများနှင့် ဖုံးကွယ်ရန် တကူတက အားထုတ်မှုများကို မြင်နေရမြဲ ဖြစ်လေသည်။
ရာဗီချန်ဒရာကူးမား
[Rajeev Bhattacharyya ရေးသားသော Indian Security Forces Massacre Burmese Resistance Functionaries သဘောထားအမြင် ဆောင်းပါးကို ကောက်နုတ်ဘာသာပြန်ပါသည်။]