ပုသိမ်ထောင်က လွတ်လာသည့် ရခိုင် နိုင်/ကျဉ်း ၂၁ ဦးကို စစ်ကောင်စီ ပြန်ဖမ်းပြီး အမှုဖွင့်

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်မှ ချုပ်ရက်စေ့၍ လွတ်မြောက်လာသည့် ရခိုင်က နိုင်/ကျဉ်း ၂၁ ဦးကို စစ်ကောင်စီက ပြန်လည်ဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ မတရားအသင်းဆက်သွယ်မှုပုဒ် ၁၇ (၁) တို့ဖြင့် အမှုဖွင့်ထားကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။

By Admin 18 Jul 2025

ပုသိမ်အကျဉ်းထောင်အားတွေ့ရစဉ်။ ဓာတ်ပုံ-CJ
ပုသိမ်အကျဉ်းထောင်အားတွေ့ရစဉ်။ ဓာတ်ပုံ-CJ

DMG ၊ ဇူလိုင် ၁၈

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်မှ ချုပ်ရက်စေ့၍ လွတ်မြောက်လာသည့် ရခိုင်က နိုင်/ကျဉ်း ၂၁ ဦးကို စစ်ကောင်စီက ပြန်လည်ဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ မတရားအသင်းဆက်သွယ်မှုပုဒ် ၁၇ (၁) တို့ဖြင့် အမှုဖွင့်ထားကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။

၎င်းတို့မှာ ဇူလိုင် ၁၁ ရက်က ချုပ်ရက်စေ့၍ ပြန်လွှတ်ပေးခဲ့ရာမှ ထောင်ဗူးဝ၌ ပြန်လည်ဖမ်းဆီးကာ ယင်းသို့ ထပ်မံအမှုဖွင့်လိုက်ခြင်းဖြစ်သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

" အမျိုးသား ၁၄ ဦးနဲ့ အမျိုးသမီး ၇ ဦး ပါတယ်။ သူတို့ကို ယခင်အမှုနဲ့ စစ်ဆေးစရာရှိတယ်ဆိုပြီး ထောင်ဗူးဝမှာ စစ်ကောင်စီက ပြန်လည်ဖမ်းဆီးပြီးတော့ အမှုဖွင့်ထားတယ်လို့ သိရတယ်။ သူတို့က ဘယ်မြို့နယ်က သူတွေဆိုတာတော့ မသိဘူး" ဟု ၎င်းက ပြောသည်။

ယခု ပြန်လည်ဖမ်းဆီးခံရသည့် ရခိုင်ဒေသခံ နိုင်/ကျဉ်း ၂၁ ဦးတို့မှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့က စစ်တွေအကျဉ်းထောင်မှ ပုသိမ်းအကျဉ်းထောင်သို့ ရွှေ့ပြောင်းခံထားရသူများ ဖြစ်သည်။

လက်ရှိ ပြန်လည်ဖမ်းဆီးပြီး အမှုဖွင့်ခံထားရသော ရခိုင်ဒေသခံ ၂၁ ဦးနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်ကို သိရှိနိုင်ရန် DMG မှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ချုပ်ရက်စေ့၍ လွတ်မြောက်လာသူများကို ပြန်လည်ဖမ်းဆီးကာ အမှုဖွင့်ထားသည့် စစ်ကောင်စီ၏ လုပ်ရပ်အပေါ် ရခိုင်ဒေသခံများ ရှုတ်ချကြသည်။

"သူတို့က သူတို့ရဲ့ ပြစ်ဒဏ်ကျခံပြီး ပြန်လွှတ်ပေးတာကို ထောင်ဝမှာ ဖမ်းပြီးတော့ ပြန်တရားစွဲတယ်တာကတော့ စစ်ကောင်စီက ကောက်ကျစ်ယုတ်မာတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်တာလို့ ပြောချင်တယ်။ အရင်ကလည်း ပြည်မဖက်တွေမှာ ဒီလိုလုပ်တာတွေရှိတယ်" ဟု ဧရာဝတီရောက် ရခိုင်စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

အာရက္ခတပ်တော်၏ ရခိုင်မြို့သိမ်းတိုက်ပွဲများနှင့်အတူ ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် စစ်တွေအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများအပါဝင် အကျဉ်းသား ၃၅၁ ဦးကို စစ်ကောင်စီက ပုသိမ် အကျဉ်းထောင်သို့ ရွှေ့ပြောင်းခဲ့သည်။ ထို့သို့ ပို့ဆောင်ခံထားရသူများတွင် DMG သတင်းဌာနမှ ဝန်ထမ်း ၂ ဦး ပါဝင်သည်။

ရခိုင်တွင် တိုက်ပွဲကာလအတွင်း စစ်ကောင်စီက သံသယဖြင့် ဖမ်းဆီးထောင်ဒဏ်ချမှတ်ခံထားရသူ အများအပြားရှိနေသည်။