လယ်/စီ ခွင့်ပြုချက်မရသေး၍ ပုဏ္ဏားကျွန်းစက်မှုဇုန်ကို အကောင်အထည်မဖော်နိုင်သေးဟု ဆို

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့တွင် တည်ဆောက်ရန် စီစဉ်နေသည့် ပုဏ္ဏားကျွန်းစက်မှုဇုန်စီမံကိန်းကို အကောင်အထည်ဖော်ရန် အဆင်သင့်ရှိနေပြီဖြစ်သော်လည်း ဗဟိုလယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့မှ ခွင့်ပြုချက်မရရှိသေး၍ စီမံကိန်းကို အကောင်အထည်မဖော်နိုင်သေးကြောင်း ပြည်နယ် စစ်ကောင်စီမှ သိရသည်။

By Admin 22 Nov 2022

လယ်/စီ ခွင့်ပြုချက်မရသေး၍ ပုဏ္ဏားကျွန်းစက်မှုဇုန်ကို အကောင်အထည်မဖော်နိုင်သေးဟု ဆို

ပုဏ္ဏားကျွန်းမြို့ ဆိုင်းဘုတ်အားတွေ့ရစဉ်

DMG | နိုဝင်ဘာ ၂၂

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့တွင် တည်ဆောက်ရန် စီစဉ်နေသည့် ပုဏ္ဏားကျွန်းစက်မှုဇုန်စီမံကိန်းကို အကောင်အထည်ဖော်ရန် အဆင်သင့်ရှိနေပြီဖြစ်သော်လည်း ဗဟိုလယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့မှ ခွင့်ပြုချက်မရရှိသေး၍ စီမံကိန်းကို အကောင်အထည်မဖော်နိုင်သေးကြောင်း ပြည်နယ် စစ်ကောင်စီမှ သိရသည်။

ပုဏ္ဏားကျွန်းစက်မှုဇုန်စီမံကိန်းနှင့်ပတ်သက်၍ လယ်ယာမြေများကို အခြားနည်းဖြင့် အသုံးပြုခွင့်ကို ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကို တင်ပြထားကြောင်းနှင့် ခွင့်ပြုချက်ရပါက ဆက်လက် အကောင်အထည် ဖော်ရန် အဆင်သင့်ရှိသည်ဟု ပြည်နယ်စစ် ကောင်စီ စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က DMG ကို ပြောသည်။

“ ဒီမှာက လုပ်မယ့်ကုမ္ပဏီက အဆင်သင့်ရှိတယ်။ အခုက လယ်ယာမြေ၊ အခြားနည်း လယ်မြေတွေ ပါနေတော့ လယ်ယာမြေအခြားနည်းအသုံးပြုခြင်းကို ဗဟိုလယ်/စီကနေ အစည်းအဝေး ထိုင်ပြီး ခွင့်ပြုတယ်လို့ ကျလာတာနဲ့ အကောင်အထည်ဖော်ဖို့ရှိတယ် ” ဟု သူက ဆိုသည်။

ယင်းအပြင် ပုဏ္ဏားကျွန်းစက်မှုဇုန်အကောင်အထည်ဖော်နိုင်ရေးနှင့်ပတ်သက်၍ ပြည်နယ်စစ်ကောင်စီအနေဖြင့် အားစိုက်ထားကြောင်း ဦးစံရွှေမောင်က ဆိုသည်။

အဆိုပါ ပုဏ္ဏားကျွန်း စက်မှုဇုန်စီမံကိန်းကို ဒေသဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင်များရရှိရန်အတွက် ဦးစားပေးကိစ္စ တစ်ရပ်အနေဖြင့်ဆောင်ရွက်နေကြောင်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြည်နယ်စစ်ကောင်စီက ထုတ်ဖော်ပြောဆိုခဲ့သည်။

ယင်းသို့ပြောဆိုထားသော်လည်း တစ်နှစ်ကျော်ကြာသည့်တိုင် ယခု နိုဝင်ဘာလအထိ အကောင်အထည် ဖော်နိုင်ခြင်းမရှိသေးပေ။

စစ်ကောင်စီအနေဖြင့် ပုဏ္ဏားကျွန်းစက်မှုဇုန်ကို အမှန်တကယ်အကောင်အထည်ဖော်ချင်ပါက ခက်ခဲသည့် အနေအထားတွင်မရှိကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ်လွှတ်တော်အမတ်ဟောင်း ဦးအောင်သန်းတင်က ရှုမြင်သည်။

“ အမှန်တကယ်လုပ်မယ်ဆိုရင် လယ်ယာမြေကို အခြားနည်းနဲ့ ပြုပြင်ဖို့အတွက် ပြည်နယ်အစိုးရရဲ့ လုပ်ထုံး လုပ်နည်းနဲ့အညီ သက်ဆိုင်ရာ ဗဟိုလယ်ယာမြေဌာနကို ပြည်ထောင်စုအစိုးရရဲ့ ခွင့်ပြု ချက်နဲ့ပေါ့ လယ်ယာ မြေကို အခြားနည်းနဲ့သုံးစွဲပိုင်ခွင့်ကိုထုတ်လို့ရတယ်။ ဒါက ပုဂ္ဂလိက လုပ်ငန်းမှ မဟုတ်တာ။ ပြည်နယ်အစိုးရဲ့ စီမံကိန်းလုပ်ငန်းတစ်ခုကို လွှတ်တော်ကလည်း အတည်ပြုထားပြီး။ စက်မှုဇုန်ကိုလည်း နံပါတ်ပေးထားပြီ။ ဒါကို တကယ်လို့ အမှန်တကယ်လုပ်မယ်ဆိုရင် လုပ်လို့မရနိုင်စရာအကြောင်းမှမရှိတာ ” ဟု သူက ဆိုသည်။

ပုဏ္ဏားကျွန်းစက်မှုဇုန်စီမံကိန်းကို သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ်ကစပြီး ဒေသအတွင်း လူနေမှုစီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအပြင် အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာစေရန်အတွက် အမြန်ဆုံးအကောင် အထည်ဖော်ရန် လျာထားခဲ့ပြီး ၂၀၁၆ ခုနှစ်၊ သြဂုတ်လက ရခိုင်ပြည်နယ်လွှတ်တော်တွင် အတည်ပြုခဲ့သည်။

သို့သော် ပုဏ္ဏားကျွန်းစက်မှုဇုန်ကို အကောင်အထည်မဖော်နိုင်ခဲ့သည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရတက်လာပြီးနောက် ၎င်းစက်မှုဇုန်ကို ဒုတိယအကြိမ် အကောင်အထည်ဖော်ရန် စီစဉ်ခဲ့သည်။ ထိုသို့ကြိုးပမ်းခဲ့သော်လည်း ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းရှင်မရှိဟုဆိုကာ အကောင်အထည်မပေါ်နိုင်ခဲ့ပေ။

ယင်းသို့ အစိုးရနှစ်ဆက်ကြိုးပမ်းခဲ့သော်လည်း အကောင်အထည်ပေါ်မလာသေးသည့် ပုဏ္ဏားကျွန်းစက်မှုဇုန်ကို ယခု စစ်ကောင်စီလက်ထက်တွင်လည်း ပြန်လည်အသက်သွင်းမည်ဟု ပြောဆိုလာခြင်းဖြစ်သည်။

ပုဏ္ဏားကျွန်းမြို့မှ ဒေသခံတစ်ဦးက “ စက်မှုဇုန်ကို အကောင်အထည် ဖော်နိုင်ရင်တော့ ဒေသခံ အတွက်ပိုကောင်းတာပေါ့။ ဒါပေမယ့် အခုက အလုပ် အကိုင်ဆိုတာ တစ်ခုမှမရှိဘူး။ စားဝတ်နေရေး ကျပ်တည်းတာမှာလည်း ပြောစရာမလိုဘူး။ အလုပ်မလုပ်ရဲတာ တစ်မျိုး။ ပြီးရင် တစ်နေရာက တစ်နေရာကို မသွားရဘူးဆိုတော့ အကုန်လုံးအခက်အခဲ ဖြစ်နေတယ်။ ဒေသ မအေးချမ်းသရွေ့တော့ အဆင်မပြေဘူး။ အေးချမ်းနေရင် စက်မှုဇုန်မရှိရင်လည်း ဘဝမှာ ရပ်တည်လို့ ရသေး တယ်။ အခုက မအေးချမ်းတော့ ဘယ်လိုမှအဆင်မပြေဘူး ” ဟု သူကဆိုသည်။

လက်ရှိတွင် မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA) တို့စစ်ရေးပြင်းထန်နေမှုများကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီး၊ ပဒေသာ၊ တန်းခိုး စသည့် ကျေးရွာပေါင်း ၂၀ ကျော်ခန့်မှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး သွားလာခွင့်များ ပိတ်ပင်ထားသဖြင့် ဒေသခံများမှာ စားဝတ်နေရေးအပြင် လူမှုစီးပွားအခက်အခဲများနှင့်ကြုံတွေ့နေကြရသည်။

ယင်းသို့နှစ်ဖက်စစ်ရေးတင်းမာစွာဖြစ်ပွားနေမှုကြောင့် စစ်ကောင်စီမှပြောဆိုထားသည့် ပုဏ္ဏားကျွန်း စက်မှုဇုန်အား အကောင်အထည်ဖော်နိုင်ရေးမှာ မလွယ်ကူကြောင်း လွှတ်တော်အမတ်ဟောင်း ဦးအောင်သန်းတင်က သုံးသပ်သည်။

“ လက်ရှိဒေသ အခြေအနေနဲ့ ပြောရမယ်ဆိုရင် ဒီစီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ဖို့ဆိုတာက မလွယ် ကူဘူး။ စက်မှုဇုန် စီမံကိန်းတစ်ခု အကောင်အထည် ဖော်မယ်ဆိုရင် နိုင်ငံခြားက ရင်းနှီးမြှပ်နှံသူတွေ မရောက်ရင် ဒေသက ဘယ်လောက်ပင် Development (ဖွံ့ဖြိုးတိုးတက်ရေး) လုပ်လုပ် အောင်မြင်မှု မရနိုင်ဘူး။ ရင်းနှီး မြှပ်နှံမှုက နိုင်ငံခြားရင်းနှီးမြှပ်နှံမှုလိုတယ်။ အဓိကတော့ အခုနိုင်ငံရေးအခြေအနေ အရတည်ငြိမ်မှုမရှိရင်တော့ ဒီဟာက အောင်မြင်မယ်လို့မထင်ဘူး ” ဟု သူကဆိုသည်။

စစ်ကောင်စီမှ အကောင်အထည်ဖော်ရန်ကြိုးစားနေသည့် ပုဏ္ဏားကျွန်းစက်မှုဇုန်စီမံကိန်းတွင် အထည်ချုပ် လုပ်ငန်း၊ တယ်လီဖုန်း ဆက်စပ် ပစ္စည်း ထုတ်လုပ်သည့် စက်ရုံ၊ စားသောက်ကုန် ပစ္စည်း ထုတ်လုပ်သည့်စက်ရုံ၊ လယ်ယာသုံးပစ္စည်းစက်ရုံနှင့် ဆေးဝါးထုတ်လုပ်သည့်စက်ရုံတို့ တည်ဆောက်ရန် လျာထားကြသည်။ ပုဏ္ဏားကျွန်းစက်မှုဇုန်ကို အကောင်အထည်ဖော်နိုင်ပါက ရခိုင်ပြည်တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်ပြီးလျှင် ဒုတိယမြောက်အကြီးဆုံး စက်မှုဇုန်စီမံကိန်းတစ်ခုလည်း ဖြစ်သည်။

ဗီဒီယိုများ