ပုဒ်မ ၁၇(၁)ဖြင့် တရားစွဲခံထားရသည့် မောင်တောက အဝေးသင်ကျောင်းသားအမှု တရားလိုဘက်မှ ရုံးချိန်း ၈ ကြိမ်အထိ ပျက်ကွက်

ဇန်နဝါရီ ၁၉ ရက်နေ့တွင် ၈ ကြိမ်မြောက်ရုံးချိန်းကို ချိန်းဆိုခဲ့သော်လည်း ရုံးချိန်းတိုင်းတွင် တရားလိုဘက်မှ လာရောက်ခြင်း မရှိသည့်အတွက် အမှုကိုစတင်စစ်ဆေးခြင်း မပြုလုပ်နိုင်သေးကြောင်း သိရသည်။

By Admin 19 Jan 2023

ပုဒ်မ ၁၇(၁)ဖြင့် တရားစွဲခံထားရသည့် မောင်တောက အဝေးသင်ကျောင်းသားအမှု တရားလိုဘက်မှ ရုံးချိန်း ၈ ကြိမ်အထိ ပျက်ကွက်

ပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုခံထားရသည့် ကိုမောင်ဆန်းဌေး(ဝဲ) နှင့် ကိုခင်ဇော်(ယာ)တို့အား တွေ့ရစဉ်။

DMG ၊ ဇန်နဝါရီ ၁၉

မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီးတရားစွဲခံထားရသည့် မောင်တောမြို့နယ်မှ အဝေးသင်ကျောင်းသားနှင့် ဆိုင်ကယ်ကယ်ရီမောင်းသူတို့ အမှုတွင် တရားလိုဘက်မှ ရုံးချိန်းလာရောက်ရန် ပျက်ကွက်မှု ၈ ကြိမ်အထိ ရှိနေပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။

မောင်တောမြို့နယ်တရားရုံးမှ ယင်းအမှုကို စစ်ဆေးရန် ဇန်နဝါရီ ၁၉ ရက်နေ့တွင် ၈ ကြိမ်မြောက်ရုံးချိန်းကို ချိန်းဆိုခဲ့သော်လည်း ရုံးချိန်းတိုင်းတွင် တရားလိုဘက်မှ လာရောက်ခြင်း မရှိသည့်အတွက် အမှုကိုစတင်စစ်ဆေးခြင်း မပြုလုပ်နိုင်သေးကြောင်း သိရသည်။

တရားစွဲဆိုခံထားရသူနှစ်ဦးမှာ မောင်တောမြို့နယ် ခမောင်းဆိပ်ကျေးရွာမှ အဝေးသင် ဒုတိယနှစ်ကျောင်းသား ကိုမောင်ဆန်းဌေး (၂၄ နှစ်) နှင့် မင်္ဂလာညွှန့်ကျေးရွာမှ ဆိုင်ကယ် ကယ်ရီမောင်းသူ ကိုခင်ဇော် (၂၂ နှစ်) တို့ဖြစ်သည်။

၎င်းတို့သည်  ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့က မောင်တောမြို့မှ ခမောင်းဆိပ်ကျေးရွာသို့ သွားရာလမ်း ကျီးကန်ပြင်ဌာနချုပ်အနီး စစ်ဆေးရေးဂိတ်၌ မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တို့ထံ စစ်ဆေးမှုခံယူနေစဉ် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

ထို့နောက် ရက္ခိုင့်တပ်တော် AA နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ၁၇(၁)ဖြင့် ဗိုလ်ကြီးဇော်လင်းဆိုသူက တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့သည်။ 

ယနေ့ ဇန်နဝါရီ ၁၉ ရက် ရုံးချိန်းတွင်လည်း တရားလိုဘက်မှ ရောက်လာခြင်းမရှိသည့်အတွက် အမှုကို မစစ်ဆေးလိုက်ရဘဲ ဇန်နဝါရီလ ၂၆ ရက်နေ့ကို ထပ်မံ ချိန်းဆိုလိုက်ကြောင်း ကိုခင်ဇော်၏ အစ်မဖြစ်သူ မနုသန်းယဉ်က DMG သို့ ပြောသည်။

“တရားလိုက လာမှ မလာတာ။ မြင်လည်း မမြင်ဖူးဘူး။ တရားစွဲပြီးကတည်းကနေ တစ်ခါမှ မလာသေးဘူး။ တရားလိုမလာတော့ စစ်ဆေးမှုတွေလည်း ဘာမှ မလုပ်ရသေးဘူး။ ကျမတို့မှာ ရုံးချိန်းတစ်ခါ သွားလာရတာ အခက်အခဲတွေနဲ့ ပိုက်ဆံသိန်းကျော်ကုန်တယ်။ ကျမမောင်လေးဆိုရင် ငိုပြီး ဘယ်တော့လွှတ်မှာလဲ အစ်မ ဆိုပြီးမေးတယ်။ ကျမမှာ ဆွံအပြီး ငိုချင်တာပဲသိတယ်။ ဘာပြောရမှန်း မသိတော့ဘူး။ ဒီအမှုက အာမခံ ပေးလို့ရတာလည်း မဟုတ်ဘူး။ ရုံးချိန်းတစ်ခါသွားပြီဆိုရင် အရမ်းပဲ စိတ်ဆင်းရဲရတယ်” ဟု မနုသန်းယဉ်က ပြောသည်။

၂၀၂၃ ခုနှစ် အဝေးသင်ကျောင်းများ ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် ဖမ်းဆီးခံရသူနှစ်ဦးထဲမှ ကိုမောင်ဆန်းဌေးမှာ ကျောင်းတက်ရန် ပြင်ဆင်ရတော့မည်ဖြစ်ပြီး မဟုတ်မမှန် တရားစွဲခံထားရသည့်အတွက် ကျောင်းသားတစ်ဦးအနေဖြင့် နစ်နာမှုရှိကြောင်း ကိုမောင်ဆန်းဌေး၏ မိခင် ဒေါ်မလှစိန်က ဆိုသည်။

“အန်တီတို့မှာက အရမ်းနစ်နာသွားပြီ။ ငွေရေး၊ ကြေးရေး အရမ်းကုန်ကျများတယ်။ သားတွေကို လက်ထိပ်ခတ်ပြီး  အချုပ်ကားထဲထည့်ပြီး ခေါ်သွားတယ်။ သားက ခေါင်းတွေမူးပြီး အန်လို့ မြင်ရတာ စိတ်မကောင်းဘူး။ အရမ်းခံစားရတယ်။ တစ်ဖက်မှာလည်း ကျောင်းသွင်းရမယ့် ကိစ္စတွေနဲ့။ သူကလည်းကျောင်းတက်ချင်တယ်။ အန်တီတို့မှာ ကျောင်းသွင်းဖို့ကလည်း ပြန်လွှတ်မှာလား၊ ထောင်ကျမှာလား မသိရဘူး။ ကျောင်းသွင်းထားပြီး ကျောင်းတက်မယ့်အချိန်မှာ မလွှတ်လာမှာလည်း စိုးရိမ်ရတယ်။ ကျောင်းသွင်းဖို့ကလည်း အရေးတကြီးဖြစ်နေတယ်” ဟု ၄င်းကပြောသည်။

အမှုအား စစ်ဆေးနိုင်ရန်အတွက် တရားလိုဘက်မှ ရုံးချိန်းသို့လာရောက်ကာ စစ်ဆေးခံယူပြီး အဆုံးအဖြတ်တစ်ခုကို အမြန်ဆုံးချစေချင်ကြောင်း ဒေါ်မလှစိန်က ဆက်ပြောသည်။

“တရားလိုဘက်ကိုလည်း လာပြီး စစ်ဆေးခံစေချင်တယ်။ အန်တီတို့မှာ တစ်ခုခု အဖြေလိုတယ်လေ။ လွှတ်ရင်လွှတ်ပေး။ မဟုတ်ရင် ဘယ်လိုဆုံးဖြတ်မလဲ အမြန်ဆုံး ဆုံးဖြတ်စေချင်တယ်။ အန်တီမှာ ငွေရေးကြေးရေးအခက်အခဲရှိတာကြောင့် ဒီနေ့ ရုံးချိန်းလည်း မသွားလိုက်ရဘူး။ အန်တီတို့နဲ့က ဝေးတယ်။ သားလည်း အားငယ်မိမှာ ”ဟု  ၄င်းက ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံထားသူနှစ်ဦးကို ဘူးသီးတောင်မြို့နယ် အကျဉ်းထောင်၌ ချုပ်နှောင်ထားကြောင်းလည်း သိရသည်။

မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)နှင့် တရားစွဲဆိုခံထားရသူများမှာ တရားရုံးမှ အပြစ်ရှိသည်ဟု ဆုံးဖြတ်ပါက ၂ နှစ်ထက်မနည်း ၃ နှစ်ထက်မပိုသည့် ပြစ်ဒဏ်များချမှတ်နိုင်ကြောင်း ဥပဒေတွင် ပြဌာန်းထားသည်။

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲကာလအတွင်း AA နှင့် ဆက်စပ်သည်ဆိုသော သံသယဖြင့် ပညာရေးဝန်ထမ်းများ၊ ကျောင်းသား၊ အရပ်သားများကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မများဖြင့် အမှုဖွင့်ခံထားရသူဦးရေမှာ လေးလအတွင်း ၄၆ ဦး အထိရှိခဲ့ကြောင်း DMG မှ ကောက်ယူထားသည့် အချက်အလက်များအရ သိရသည်။

လက်ရှိမှာ AA နှင့် ဆက်နွယ်သည်ဟု အကြောင်းပြကာ သံသယနှင့်ဖမ်းဆီးခံရကာ တရားရင်ဆိုင်နေရသူများ၏ အမှုများတွင် တရားလိုနှင့် တရားလိုသက်သေများ မရောက်ရှိသဖြင့် တရားရုံးမှ အမှုကို စစ်ဆေးခြင်းမရှိဘဲ ရုံးချိန်းအကြိမ်ကြိမ် ရွှေ့ဆိုင်းမှုများ ရှိနေသည်။

လက်ရှိ တရားရင်ဆိုင်နေသူများမှာ စစ်ကောင်စီက တရားလိုပြုလုပ်ပြီး စွဲဆိုထားသည့် အမှုများဖြစ်သဖြင့် တရားခွင်ကို လေးစားသည့်အနေနှင့် မပျက်မကွက် တက်ရောက်သင့်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ထောက်ပြပြောဆိုနေကြသည်။

#I001