ဖားကန့်ကို ဦးတည်လာသည့် စစ်ကောင်စီနှင့် KIA တို့ တိုက်ပွဲပြင်းထန်

မြစ်ကြီးနားဘက်မှာ ဖားကန့်ဒေသကို ဦးတည်လာသည့် စစ်ကောင်စီ၏ စစ်ကြောင်းနှင့် KIA တို့ တိုက်ပွဲဖြစ်သည်မှာ ရက်ပေါင်း ၂၀ ကျော်အထိ ကြာမြင့်လာပြီး  စစ်ကောင်စီ စစ်ကြောင်းမှာ ခွမ်ဆိုင်ဇွပ်အထိ ရောက်လာနေကြောင်း သိရသည်။

By Admin 16 May 2025

KIA တပ်သားအချို့ကို ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ - Kachinnet Burmese
KIA တပ်သားအချို့ကို ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ - Kachinnet Burmese

DMG ၊ မေ ၁၆

ကချင်ပြည်နယ်၊ မြစ်ကြီးနား ကာမိုင်းလမ်းပိုင်းနှင့် အင်တော်ကြီးလမ်းတို့မှ ဖားကန့်မြို့သို့ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး‌နေသော စစ်ကောင်စီတပ်တို့ကို KIA က ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်နေသဖြင့် ဖားကန့်မြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေကြောင်း ဒေသခံများက ပြောသည်။

မြစ်ကြီးနားဘက်မှာ ဖားကန့်ဒေသကို ဦးတည်လာသည့် စစ်ကောင်စီ၏ စစ်ကြောင်းနှင့် KIA တို့ တိုက်ပွဲဖြစ်သည်မှာ ရက်ပေါင်း ၂၀ ကျော်အထိ ကြာမြင့်လာပြီး  စစ်ကောင်စီ စစ်ကြောင်းမှာ ခွမ်ဆိုင်ဇွပ်အထိ ရောက်လာနေကြောင်း သိရသည်။

“ တိုက်ပွဲက ကာမိုင်းဘက်မှာရော၊ နန်းမွန်းဘက်ဘက်မှာရော ဖြစ်နေတာ။ ကာမိုင်းဘက်က တက်လာတဲ့ စစ်ကြောင်းကတော့ ခွမ်ဆိုင်ဇွပ် ရွာအထိ ရောက်နေပြီ။ အဲဒီနားက ရွာအနီးမှာ တိုက်ပွဲတွေ ဆက်တိုက်ရှိနေတယ် ” ဟု ဖားကန့်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီ စစ်ကြောင်းနှင့် KIA တို့သည် ဧပြီ ၂၄ ရက်တွင် ကာမိုင်းမြို့အနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး မအူပင်၊ နန့်ယား၊ ဆိုင်းဖရားတို့ကို ဖြတ်ကာ ခွမ်ဆိုင်ဇွပ်အထိ ရောက်လာနေကာ လက်ရှိတွင် တံတားညီနောင်နှင့် ဆိုင်းဖရားအကြားတွင် တိုက်ပွဲဖြစ်နေကြောင်း သိရသည်။

ယင်းအပြင် အင်းတော်ကြီး ဒေသတွင်လည်း နမ့်မွန်းမြို့အနီး ဆနွင်းကုန်ကျေးရွာအနီးတွင် စစ်ကောင်စီ စစ်ကြောင်းနှင့် KIA တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းဖြင့် ခုခံတိုက်ခိုက်နေကြောင်း သိရသည်။ 

“ အင်းတော်ကြီးဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်‌နေတယ်။ လေယဥ်တွေနဲ့ တိုက်ပွဲဖြစ်တဲ့ နေရာတွေကို လာကြဲတယ်။ ဒီနေ့လည်း တိုက်ပွဲတွေ ဖြစ်နေသေးတယ်။ တိုက်ပွဲအတော်ပြင်းနေတယ်လို့ သိရတယ် ” ဟု မြေပြင်အခြေနေကိုသိရှိသူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ကချင်ပြည်နယ်တွင် စစ်ကောင်စီက ဧပြီလကုန်မှ စပြီး ဖားကန့်ဒေသကို ဦးတည်ကာ စစ်အင်အားအများအပြားဖြင့် ထိုးစစ်ဆင်နေသောကြောင့် တိုက်ပွဲများပြင်းကာ ‌ဒေသခံထောင်ချီမှာလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်။

တိုက်ပွဲဖြစ်ပွားသည့် နေ့မှ စ၍ နှစ်ဘက်တပ်များက မြစ်ကြီးနား - ဖားကန့်လမ်းကိုပိတ်ထားသော်လည်း အင်တော်ကြီး -ဖားကန့်လမ်းတွင် အတက်အဆင်းပြုလုပ်ရန် ခွင့်ပြုထားကြောင်း သိရသည်။   

စစ်ကောင်စီတပ်သည် မေလ ၆ ရက်မှ ၃၁ ရက်အထိ အပစ်ခတ်ရပ်စဲကြောင်း ကြေညာထားသော်လည်း မြန်မာနိုင်ငံအနှံ့ကို ဗုံးကြဲတိုက်ခိုက်နေပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့်လည်း တိုက်ပွဲဖြစ်နေသည်။