ကျောက်ဖြူက စစ်ဘေးရှောင်အချို့ ခြင်ထောင်မရှိ၍ မီးခိုးမွှန်းပြီး အိပ်နေရ

တိုက်ပွဲကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်လာကြသည့် ကျောက်ဖြူမြို့နယ်မှ စစ်ဘေးရှောင်များမှာ ခြင်ထောင် အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်အရေးကူညီနေသူများထံမှ သိရသည်။

By Admin 20 May 2025

ကျောက်ဖြူမြို့နယ်မှ စစ်ဘေးရှောင်အချို့ကို ၂၀၂၅ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
ကျောက်ဖြူမြို့နယ်မှ စစ်ဘေးရှောင်အချို့ကို ၂၀၂၅ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။

DMG ၊ မေ ၂၀

တိုက်ပွဲကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်လာကြသည့် ကျောက်ဖြူမြို့နယ်မှ စစ်ဘေးရှောင်များမှာ ခြင်ထောင် အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်အရေးကူညီနေသူများထံမှ သိရသည်။

ကျောက်ဖြူမြို့နယ်တွင် ကုလားဘာ၊ ကြက္တိန်၊ ထောင့်ချောင်း၊ စည်မော်စသည့် ကျေးရွာများမှ အရေးပေါ် စစ်ဘေးရှောင်လာကြရသည့် စစ်ဘေးရှောင်ဦးရေ ရာနှင့်ချီနေပြီး လာမည့် မိုးရာသီအတွက် ခြင်ထောင်များ အရေးတကြီးလိုအပ်နေခြင်း ဖြစ်သည်။

" ခြင်ထောင်မပါတဲ့သူတွေက အခုအရမ်းအခက်အခဲ ဖြစ်နေကြတယ်။ ညနေဖက်ဆိုရင် ရွာဓလေ့အတိုင်း မီးခိုးမွှန်းထားပြီး နေနေကြရတယ်။ ထင်းတွေကောက်ပြီး အိမ်အောက်တွေမှာ မီးဖိုပြီး နေကြတယ်။ ခြင်မကိုက်ဖို့အတွက် မီးခိုးမွှန်းပြီး အိပ်နေကြရတဲ့အခြေအနေပါ " ဟု ကျောက်ဖြူစစ်ဘေးရှောင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီတာဝန်ခံ ကိုအောင်အောင်က DMG ကို ပြောသည်။

စစ်ဘေးရှောင်များမှာ တောတောင်၊ လယ်ကွင်းပြင်စသည့် ခြင်ပေါက်ဖွားနှုန်းမြင့်သည့် နေရာများတွင် နေထိုင်နေကြရသောကြောင့် ခြင်မှတစ်ဆင့် ကူးစက်နိုင်သည့် ငှက်ဖျား၊ သွေးလွန်တုတ်ကွေး စသည့် ကျန်းမာရေးပြဿနာများအတွက် စိုးရိမ်စရာဖြစ်နေကြောင်း စစ်ဘေးရှောင်အရေးကူညီနေသူများက ပြောသည်။

မိုးရာသီရောက်လာသည့်အပြင် ခြင်ထောင်မရှိဘဲ ဖြစ်သလို အိပ်စက်နေကြရခြင်း ၊ ဆေးဝါးရှားပါးခြင်းတို့ကြောင့်လည်း ကူးစက်ရောဂါနှင့်ပတ်က်ပြီး စစ်ဘေးရှောင်များ ပိုမိုစိုးရိမ်နေကြကြောင်း သိရသည်။

" လောလောဆယ်အရေးပေါ် ပထမဦးစားပေးအနေနဲ့ အသက် ၇၅ နှစ်အထက် သက်ကြီးရွယ်အို၊ မွေးကင်းစ ကနေ အသက် ၅ အောက် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေကို ပေးဖို့အတွက် ခြင်ထောင်အလုံးရေ ၆၀၀ လောက် အရေးပေါ်လိုအပ်နေပါတယ်" ဟု ကိုအောင်အောင်က ဆက်ပြောသည်။

စစ်ဘေးရှောင်များမှာ ခြင်ထောင်မလုံလောက်မှု၊ အမိုးအကာမလုံခြုံမှုအပြင် အလုပ်အကိုင်ရှားပါးမှု၊ အကူအညီရရှိမှု နည်းပါးခြင်းတို့ကြောင့် မိုးတွင်းကာလကိုဖြတ်သန်းရန် အဖက်ဖက်တွင် ခက်ခဲနေကြသည်။

လက်ရှိ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားနေမှုနှင့်အတူ စစ်ဘေးရှောင်ဦးရေ လေးသောင်းကျော်အထိရှိလာနေကြောင်း သိရသည်။