- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
ရှေ့တန်းကပြန်ဆုတ်သူများ ပစ်သတ်ခံရကြောင်း AA ထံ အလင်းဝင်လာသည့် စစ်ကောင်စီ တပ်သားများပြော
စစ်ကောင်စီသည် ရှေ့တန်းစစ်မြေပြင်များတွင် အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းပြီး စစ်သင်တန်းဆင်း တပ်သားသစ်များကို ရှေ့ဆုံးကတိုက်ခိုက်စေပြီး တပ်ပြန်ဆုတ်သူများကိုလည်း ပစ်သတ်ကြောင်း AA ထံ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားများက ထုတ်ပြောကြသည်။
16 Jul 2025

DMG ၊ ဇူလိုင် ၁၆
စစ်ကောင်စီသည် ရှေ့တန်းစစ်မြေပြင်များတွင် အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းပြီး စစ်သင်တန်းဆင်း တပ်သားသစ်များကို ရှေ့ဆုံးကတိုက်ခိုက်စေကာ တပ်ပြန်ဆုတ်သူများကိုလည်း ပစ်သတ်ကြောင်း AA ထံ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားများက ထုတ်ပြောကြသည်။
ရှေ့ဆုံးပွိုင့်တွင် စစ်မှုထမ်းတပ်သားသစ်များကိုထားရှိပြီး ပြန်ဆုတ်လာပါက နောက်တန်းရှိ စစ်ကောင်စီအရာရှိများက ပစ်သတ်ကြောင်း အမ်း - ပဒါန်းစစ်မျက်နှာ နတ်ရေကန်စခန်းတိုက်ပွဲတွင် AA ထံ အလင်းဝင်လာသော စစ်ကောင်စီတပ်နှစ်ဦးက AA ထုတ်ပြန်သည့် ရုပ်သံဖိုင်တွင် ပြောဆို ထားသည်။
“မင်းတို့ဘာလို့ ဆုတ်လာလည်းဆိုပြီး ပစ်တာများတယ်။ အဲလို ပစ်တာဆို ကျနော့်ရှေ့မှာတောင် သူငယ်ချင်းတစ်ယောက်ကို နောက်က အရာရှိပစ်လိုက်လို့ နောက်စေ့ပွင့်သွားတယ်။ ကျနော် မျက်မြင်ကိုယ်တွေပေါ့။ အဲလို မြင်တွေ့လာရတော့ ကျနော်တို့လည်း ကြောက်တာပေါ့။ ကြောက်တဲ့အခါ သူတို့က ရှေ့တက်ဆိုရင် ကျနော်တို့က ရှေ့တက်ပေးရတာ” ဟု AA ထံ အလင်းဝင်သူ တပ်သား နေလင်းအောင်က ပြောသည်။
ကိုနေလင်းအောင်မှာ မန္တလေးဇာတိဖြစ်ပြီး စစ်မှုထမ်းသင်တန်းတက်ရန် အတင်းအဓမ္မစုဆောင်းခံရပြီးနောက် အခြေခံစစ်သင်တန်း နှစ်လ၊ မွမ်းမံသင်တန်းနှစ်ပတ်တက်ရောက်ပြီး တပ်မ ၉၉ လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ ၇၉ တွင် တာဝန်တစ်ပတ်ထမ်းဆောင်ကာ နတ်ရေကန်ရှေ့တန်းစခန်းသို့ အပို့ခံရခြင်းဟု သိရသည်။
နတ်ရေကန်စခန်းကုန်းမှ AA ထံ ထွက်ပြေးခိုလှုံလာသည့် နောက်ထပ်တပ်သားတစ်ဦးဖြစ်သူ အောင်သက်ထွန်းလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ပေါ်တာဆွဲခံရပြီး ရှေ့တန်းစစ်မျက်နှာသို့ ပို့ဆောင်ခံရခြင်းဖြစ်ကြောင်း သိရသည်။
ပထမအကြိမ်ထွက်ပြေးစဉ် ဖမ်းဆီးခံရပြီး နှစ်လကျော်ကြာ အချုပ်ကျခံရကာ နတ်ရေကန်ရှေ့တန်းစခန်းသို့ ပြန်ပို့ခံရကြောင်းပြောသည်။
ရှေ့တန်းစစ်မျက်နှာသို့ ပို့ဆောင်ခံရသည့် အချို့စစ်ကောင်စီတပ်သားများမှာလည်း မိမိကိုယ်ကိုယ်ပစ်ခတ်ပြီး သတ်သေရန် ကြိုးပမ်းမှုများလည်းရှိကြောင်း တပ်သား အောင်သက်ထွန်းက ပြောသည်။
“တချို့ထွက်ပြေးလို့မလွတ်မှန်းသိတဲ့သူတွေဆို ကိုယ့်ကိုယ်ကိုပစ်တယ်။ ပစ်တော့ ဒဏ်ရာရတယ်။ အထက်က ဗိုလ်ကြီးတွေက ဆေးမကုပေးဘူး။ဒီအတိုင်းပဲထားမယ် သေရင်သေ၊ မသေရင် ထောင်ချမယ်ပြောတယ်” ဟု AA ထုတ်ပြန်သည့် ရုပ်သံဖိုင်တွင် တပ်သား အောင်သက်ထွန်းက ပြောသည်။
နတ်ရေကန်စခန်းကုန်းမကျရေး စစ်ကောင်စီက အင်အားအလုံးအရင်းဖြည့်တင်းကာ ခုခံနေသော်လည်း အာရက္ခတပ်တော်၏ ပိတ်ဆို့တိုက်ခိုက်မှုများကြောင့် သေဆုံးမှုများကာ ထွက်ပြေးသူအများအပြားရှိနေကြောင်း အလင်းဝင် စစ်ကောင်စီတပ်သားများက ပြောကြသည်။
နိုင်ငံတဝန်း စစ်မျက်နှာဖွင့်ထားရသော စစ်ကောင်စီသည် တပ်သားအင်အားဖြည့်တင်းရန်အတွက် ပြီးခဲ့သည့် ၂၀၂၄ ဖေဖော်ဝါရီတွင် စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် တပ်သားသစ်များကို အတင်းအဓမ္မစုဆောင်းနေပြီး လက်ရှိတွင် အပတ်စဉ် ၁၅ ခု အထိရှိ နေပြီဖြစ်သည်။