- ဝေးလံခေါင်ဖျား မုန်တိုင်းသင့်ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ
- မုန်တိုင်းအလွန် ရခိုင်မြို့နယ်တချို့တွင် သောက်သုံးရေ အခက်ကြုံ
- မြောက်ကိုရီးယား၏ ပထမဆုံး ထောက်လှမ်းရေးဂြိုဟ်တု ဇွန်လတွင် လွှတ်တင်မည်
- မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများအတွက် အလှူငွေ ကျပ်သိန်းတစ်သောင်း AA လက်ခံရရှိထား
- ရခိုင်က မုန်တိုင်းဘေးဒဏ်ခံ ကျေးရွာအချို့တွင် တစ်ရွာလုံးအတွက် ဆန်နှစ်အိတ်နှင့် အဝတ်ထည့်ဗူးအချို့သာ အထောက်အပံ့ရရှိ
မောင်တောဒေသတွင် ဆန်စက်လုပ်ငန်းနှင့် ငါးမွေးလုပ်ငန်းများ တည်ဆောက်ရန် ထိုင်းနိုင်ငံက စီစဉ်နေ
ရခိုင်ပြည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ထိုင်းနိုင်ငံက စိတ်ဝင်စားနေပြီး မောင်တောဒေသတွင် ဆန်စက်ရုံစီမံကိန်းနှင့် မွေးမြူရေးလုပ်ငန်များကို လုပ်ဆောင်ရန် စီစဉ်နေသည်။
23 Mar 2023

DMG ၊ မတ် ၂၃
ရခိုင်ပြည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ထိုင်းနိုင်ငံက စိတ်ဝင်စားနေပြီး မောင်တောဒေသတွင် ဆန်စက်ရုံစီမံကိန်းနှင့် မွေးမြူရေးလုပ်ငန်များကို လုပ်ဆောင်ရန် စီစဉ်နေကြောင်း မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ် မစ္စတာ မုံခွန်း ဝိစစ်စတန် သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့က တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သံတမန်များနှင့်အတူ မွတ်ဆလင် ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ မောင်တောဒေသသို့ သွားရောက်ကြည့်ရှုခဲ့သည်။
ထိုသို့ကြည့်ရှုပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မောင်တောဒေသတွင် စီမံကိန်းများလုပ်ဆောင်ရန် ထိုင်းက စိတ်ဝင်စားလာခြင်းလည်း ဖြစ်သည်။
ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ အင်တာဗျူးတွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်က “ထိုင်းနိုင်ငံအနေနဲ့ ရခိုင်ပြည်မှာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေ ဆောင်ရွက်နေပါတယ်။ ဥပမာအားဖြင့် မောင်တောမှာ ဆန်စက်တည်ဆောက်မယ့် စီမံကိန်းဖြစ်ပါတယ်။ နောက် ငါးမွေးမြူရေး လုပ်ငန်းအတွက် စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း ပို့ချတာလည်း ရှိပါတယ်။ ဆန်စက်မှာ စက်ပစ္စည်းတွေ တပ်ဆင်ဖို့နဲ့ ငါးကန်တူးဖော်ဖို့အတွက် နည်းပညာရှင်တွေလည်း စေလွှတ်ဖို့ရှိပါတယ်” ဟု ပြောဆိုသည်။
ဆက်လက်ပြီး “အဆင့်မြင့် စိုက်ပျိုးရေး စက်ကိရိယာများ အသုံးပြုပြီး စိုက်ပျိုးရေးနည်းစနစ်တွေ သင်ကြားပို့ချတာလည်း ရှိပါတယ်။ အဲဒီအတွက် စက်ပစ္စည်းအနေနဲ့ လယ်ထွန်စက် ၁၆ စီးကို လှူဒါန်းထားပါတယ်။ ဒါ့အပြင် စင်တာမှာ သုံးဖို့အတွက်လည်း မော်တော်ဆိုင်ကယ် ခြောက်စီး လှူဒါန်းထားပါတယ်” ဟု မစ္စတာ မုံခွန်း ဝိစစ်စတန်က ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး စီမံကိန်းတည်ဆောက်မည့် နေရာနှင့် ဆက်စပ်အချက်အလက်များကို သိရှိနိုင်ရန် ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းကို DMG က ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။
လက်ရှိတွင် အဆိုပါစီမံကိန်းများနှင့်ပတ်သက်ပြီး ဒေသခံများမှာ တစ်စုံတစ်ရာ မသိရသေးဘဲ စီမံကိန်းဖြစ်မြောက်ရေးကို ကြိုဆိုသော်လည်း လက်ရှိ နိုင်ငံရေးအခြေအနေ၊ ဒေသအခြေအနေအရ စောင့်ကြည့်ရမည့်သဘော ရှိကြောင်း ပြောဆိုကြသည်။
“ဒီကိစ္စကတော့ ဖြစ်နိုင်ရင် ကောင်းပါတယ်။ ဒါပေမယ့်လည်း လောလောဆယ်ဖြစ်ဖို့က အခြေအနေ မလွယ်ဘူးလို့မြင်တယ်။ စီမံကိန်းတွေနဲ့ပတ်သက်လို့ ဒေသခံတွေလည်း ဘာမှမသိရသေးဘူး။ နောက်ပြီး လက်ရှိ မောင်တောက ဒေသတည်ငြိမ်တယ်လို့လည်း ပြောလို့မရဘူးလေ။ ဒါကြောင့် ဒီစီမံကိန်းတွေနဲ့ ပတ်သက်ပြီး စောင့်ကြည့်ရမယ့်သဘောပါ” ဟု မောင်တောမြို့နယ် အမတ်ဟောင်း ဦးမောင်အုန်းက သုံးသပ်သည်။
ဒေသအတွင်းပြုလုပ်မည့် နိုင်ငံခြားစီမံကိန်းများကို ဒေသခံများအား ပွင့်ပွင့်လင်းလင်းချပြရန် လိုအပ်ကြောင်းလည်း မောင်တောဒေသခံများက ပြောဆိုနေကြသည်။
မောင်တောဒေသသည် ဘင်္ဂလားပင်လယ်အော်နှင့် မယူတောင်တန်းကြားတွင် ဘင်္ဂလားဒေ့နိုင်ငံနှင့် ထိစပ်တည်ရှိသဖြင့် ပထဝီဝင်အနေအထားအရ အားသာချက်များရှိနေပြီး စီးပွားရေးအတွက် အလားအလာကောင်းသည့် ဒေသလည်း ဖြစ်သည်။
လက်ရှိမှာ စစ်ကောင်စီသည် ရခိုင်ပြည်တွင် စစ်ပွဲမရှိဘဲ တည်ငြိမ်နေသည်ဟုဆိုကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို တစတစ အကောင်အထည် ဖော်ဆောင်လာနေသည်။
ရခိုင်တွင် အိန္ဒိယနိုင်ငံက ရင်းနှီးမြှုပ်နှံထားသည့် ကုလားတန်မြစ် ဘယ်ယူပို့ဆောင်ရေးဘက်စုံသုံးစီမံကိန်း အစိတ်အပိုင်းအဖြစ် စစ်တွေဆိပ်ကမ်းကိုလည်း မကြာမီဖွင့်လှစ်ရန် စီစဉ်နေသည်။
ထို့အတူ တရုတ်နိုင်ငံက တည်ဆောက်ပေးမည့် လေအားလျှပ်စစ်စီမံကိန်းကိုလည်း ဂွ၊ သံတွဲ၊ အမ်းမြို့နယ်တို့တွင် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း အပါအဝင် တောင်ကုတ်နေပူတောင် ကျောက်ထုတ်လုပ်ရေး စီမံကိန်းတို့ကိုလည်း စတင်ရန် စီစဉ်နေမှုများကို တွေ့ရသည်။
#E002