စစ်ကောင်စီ ကျုးလွန်နေသည့် စစ်ရာဇဝတ်မှုများ ရပ်တန့်ရေး ကူညီပေးရန် ကုလ၊ တရုတ်နှင့် နိုင်ငံတကာကို TNLA မေတ္တာရပ်ခံ

"မြန်မာစစ်ကောင်စီရဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုကျုးလွန်တဲ့ လုပ်ရပ်ဆိုးများကို အမြန်ဆုံး ရပ်တန့်ဖို့အတွက် ကူညီဆောင်ရွက်ပေးကြပါရန် ကုလသမဂ္ဂ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် နိုင်ငံတကာအစိုးရတို့အား မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်" ဟု TNLA က ဆိုထားသည်။

By Admin 30 Jul 2025

စစ်သင်တန်းဆင်းပွဲတစ်ခုတွင် တွေ့ရသည့် TNLA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - TNLA
စစ်သင်တန်းဆင်းပွဲတစ်ခုတွင် တွေ့ရသည့် TNLA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - TNLA

DMG ၊ ဇူလိုင် ၃၀

နိုင်ငံတဝန်းတွင် စစ်ကောင်စီက ကျုးလွန်နေသည့် နိုင်ငံတကာ စစ်ရာဇဝတ်မှုများကို အမြန်ဆုံး ရပ်တန့်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးရန် ကုလသမဂ္ဂ၊ တရုတ်အပါအဝင် နိုင်ငံတတာအစိုးရတို့ကို မေတ္တာရပ်ခံကြောင်း တအာင်းတပ် (TNLA) မှ ယနေ့တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံ မြို့၊ ရွာဒေသအသီးသီးရှိ လူနေအိမ်၊ စာသင်ကျောင်း၊ ဈေး၊ ဘာသာရေးအဆောက်အအုံ၊ ဆေးရုံ၊ ဟိုတယ်/တည်းခိုခန်း၊ အလုပ်ရုံ စသည့် ပြည်သူများ နေထိုင်သွားလာရာ နေရာများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်နေသည့် စစ်ကောင်စီ၏ နိုင်ငံတကာစစ်ရာဇဝတ်မှုများကို ရပ်တန့်ရန်အတွက် မေတ္တာရပ်ခံထားခြင်း ဖြစ်သည်။

"မြန်မာစစ်ကောင်စီရဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုကျုးလွန်တဲ့ လုပ်ရပ်ဆိုးများကို အမြန်ဆုံး ရပ်တန့်ဖို့အတွက် ကူညီဆောင်ရွက်ပေးကြပါရန် ကုလသမဂ္ဂ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် နိုင်ငံတကာအစိုးရတို့အား မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်" ဟု TNLA က ဆိုထားသည်။

စစ်ကောင်စီသည် ၂၀၂၅ ခုနှစ် ဇွန်၊ ဇူလိုင်လအတွင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုးကုတ်စသည့် တအာင်းဒေသ၏ မြို့များရှိ ပြည်သူများ နေထိုင်သွားလာရာ နေရာများကို တိုက်လေယာဉ်၊ လက်နက်ကြီးများဖြင့် အင်အားပြင်းဗုံးများ နေ့စဉ်ရက်ဆက် ကြဲချလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယခု ဇူလိုင်လအတွင်း ကျောက်မဲ၊ မိုင်းငေါ့၊ နောင်ချို၊ သီပေါနှင့် မိုးကုတ်မြို့နယ်တို့တွင် စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲမှုကြောင့် ကလေးငယ် ၂ ဦးနှင့် အမျိုးသား ၁၃ ဦးသေဆုံးခဲ့ပြီး ကလေးငယ် ၄ ဦး၊ အမျိုးသား ၃၅ ဦးနှင့် အမျိုးသမီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထိုသို့ ပြည်သူလူထုအား ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်နေသည့် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှု ကျူးလွန်သည့် လုပ်ရပ်များကို PSLF/TNLA မှ အပြင်းအထန် ကန့်ကွက် ရှုတ်ချထားသည်။

လက်ရှိတွင် ပြည်သူလူထုအား ရန်သူသဖွယ် တိုက်ခိုက်နေသည့် စစ်ကောင်စီ၏ ဗုံးကြဲသည့် အန္တရာယ်များမှ လွတ်ကင်းနိုင်ရန် တော်လှန်ရေးသတိဖြင့် လိုအပ်သည့် ဗုံးခိုကျင်း အစီအမံများ ပြုလုပ်ကာ နေထိုင်သွားလာကြရန် တအာင်းဒေသ အပါအဝင် နိုင်ငံအနှံ့ရှိ ပြည်သူများကို TNLA မှ တိုက်တွန်းထားသည်။

စစ်ကောင်စီ ကျုးလွန်နေသည့် စစ်ရာဇဝတ်မှုများကို ရပ်တန့်နိုင်ရေးအတွက် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ပေးရန် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကို တောင်းဆိုမှုများ ဆက်တိုက်ရှိနေသော်လည်း ထိရောက်မှု မရှိသေးပေ။

" စစ်ကောင်စီဟာ တရုတ်တို့၊ ရုရှားတို့ အကူညီနဲ့ စစ်ရာဇဝတ်မှုတွေ ကျုးလွန်နေတာ တော်တော်လည်း ဆိုးရွားလာတယ်။ စစ်ကောင်စီရဲ့ ဒီလို လုပ်ရပ်တွေကို နိုင်ငံတကာကလည်း အခုအချိန်ထိ ထိရောက်တဲ့ အရေးယူမှုတွေ မရှိဘူး။ မျက်ကွယ်ပြုနေဆဲလို့ ပြောလို့ရတယ်။ ဒါကြောင့်လည်း စစ်ကောင်စီက တရားဥပေဒမဲ့ စစ်ရာဇဝတ်မှုတွေကို ကျုးလွန်နေတာဖြစ်တယ်" ဟု စစ်ရေး၊ နိုင်ငံရေးလေ့လောစောင့်ကြည့်သူ လူငယ်တစ်ဦးက ဆိုသည်။

စစ်ကောင်စီက ကျူးလွန်နေသည့် ရာဇဝတ်မှုများကို နိုင်ငံတကာတရားစီရင်ရေး ယန္တရားများက ထိရောက်သည့် အရေးယူမှုများ မလုပ်ဆောင်နိုင်ပါက စစ်ကောင်စီသည် ယခုထက်ဆိုးရွားသော ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျုးလွန်လာနိုင်သည်ဟု အကဲခတ်များက ပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားသည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက်နေ့အထိ စစ်ကောင်စီနှင့် ၎င်း၏ လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း ၇,၀၁၀ ဦး ရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းအရ သိရသည်။