ရခိုင်က လက်ကျန်မြို့အားလုံးကို ထိုးစစ်ဆင်ရန် AA စီစဉ်နေ

ရခိုင်တွင် တိုက်ပွဲ လုံးဝမဖြစ်သေးသည်မှာ ဂွနှင့် မာန်အောင် နှစ်မြို့သာရှိတော့ပြီး ယင်းမြို့များတွင်လည်း စစ်ကောင်စီက အင်အားအများအပြားဖြင့် ခံစစ်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

By Admin 03 Jun 2024

ရခိုင်က လက်ကျန်မြို့အားလုံးကို ထိုးစစ်ဆင်ရန် AA စီစဉ်နေ

DMG ၊ ဇွန် ၃

အာရက္ခတပ်တော်(AA)သည် ရခိုင်ရှိ မြို့နယ် (၁၇) ခုထဲမှ (၉) မြို့နယ်ကို သိမ်းပိုက်ထားပြီး ကျန်မြို့များကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်ရန် စီစဉ်နေကြောင်း ကြေညာလိုက်သည်။

ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ မြို့တို့ကို တိုက်ပွဲ ၆ လအတွင်း AA က သိမ်းပိုက်ထားပြီး ကျန်ရှိနေသေးသော မောင်တော၊ စစ်တွေ၊ အမ်း၊ သံတွဲ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ မာန်အောင်၊ ဂွမြို့နယ်များကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟု ဇွန် ၂ ရက်တွင် ထုတ်ပြန်သည်။

ယင်းအထဲမှ မောင်တော၊ အမ်း၊ သံတွဲ မြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများကို AA က ထိုးစစ်ဆင်နေပြီ ဖြစ်သည်။ 

“စစ်ရှုံး ဖက်ဆစ်စစ်ကောင်စီသည် ၎င်းတို့၏ လက်ကျန်စခန်းများ မဆုံးရှုံးစေရန်အတွက် ခုခံစစ်များကို ပြင်ဆင်နေသကဲ့သို့ တန်ပြန်ထိုးစစ်အတွက်လည်း ကြိုးပမ်းဆောင်ရွက်နေမှုများကို ထင်ရှားစွာမြင်နေရသည်” ဟု AA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရခိုင်တွင် တိုက်ပွဲ လုံးဝမဖြစ်သေးသည်မှာ ဂွနှင့် မာန်အောင် နှစ်မြို့သာရှိတော့ပြီး ယင်းမြို့များတွင်လည်း စစ်ကောင်စီက အင်အားအများအပြားဖြင့် ခံစစ်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

မေလ တတိယပတ်မှစ၍ စစ်ကောင်စီသည် ဂွမြို့နယ်တွင် ပြည်မဘက်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အင်အားတိုးချဲ့ ဖြန့်ခွဲနေရာချထားကြောင်း ဒေသခံများက ပြောသည်။

မာန်အောင်ဒေသခံတစ်ဦးကလည်း “မာန်အောင်မြို့မှာ အခုရက်ပိုင်း ဘောလုံးကွင်းနဲ့ လေယာဉ်ကွင်းကို ခြံစည်းရိုးကာတာတွေ လုပ်နေတယ်။ လက်နက်ကြီးအထိုင်စခန်းချဖို့ လုပ်နေတာလို့ သိရတယ်။ ဒါ့အပြင် နေဗီလမ်းကြောင်းတွေကိုလည်း စနစ်တကျလုပ်နေတယ်” ဟု DMG ကို ပြောသည်။ 

အာရက္ခတပ်တော်၏ နိုင်ငံရေးရည်မှန်းချက်မှာ ကွန်ဖက်ဒရိတ် အနည်းဆုံးဟု ပြောထားသဖြင့် သိမ်းပိုက်နယ်မြေ အများအပြားရရှိရန် လိုအပ်သဖြင့် ရခိုင်ပြည်ကို အလုံးစုံရရှိရေးအတွက် ဆက်လက် တိုက်ပွဲပြင်းထန်နေဦးမည်ဟု နိုင်ငံရေးအကဲခတ်များက ပြောသည်။ 

“စစ်ကောင်စီနဲ့ စကားပြောတဲ့အခါ ကိုယ့်မှာ အင်အားရှိဖို့လိုတယ်။ အင်အားဆိုတဲ့နေရာမှာ တပ်အင်အား ရှိဖို့လိုတယ်။ သိမ်းပိုက်ထားတဲ့ နယ်မြေတွေလည်း ကိုယ့်မှာ အများကြီး ရှိဖို့လိုတယ်။ အဲဒါမှ တစ်ဖက်နဲ့ ဆွေးနွေးတဲ့ အခါမှာ လိုချင်တဲ့ အတိုင်းအတာကို ရနိုင်လိမ့်မယ်” ဟု နိုင်ငံရေး၊ စစ်ရေး အကဲခတ်သူ ဦးဖေသန်းက ပြောသည်။

လက်ရှိတွင်အာရက္ခတပ်တော်(AA)၌ ထောင်ပေါင်းများစွာသော အရန်အင်အားများကို ထည့်မတွက်ဘဲ တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်အရေအတွက် ၄၀,၀၀၀ နီးပါးရှိကြောင်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောဆိုထားသည်။ 

ဗီဒီယိုများ