တော်လှန်ရေးတပ်များကို မကူညီရန် ' ဝ' ဆုံးဖြတ်လိုက်တာ ဘာကြောင့်လဲ
မြန်မာ့တိုင်းရင်းသားလက်နက်ကိုင်များအဖွဲ့ထဲ အင်အားကြီး 'ဝ' တပ်ဖွဲ့ (UWSA) အနေဖြင့် မည်သည့် လက်နက်ကိုင်တပ်ဖွဲ့ကိုမှ လက်နက်၊ ငွေကြေးစသည့် အကူအညီများ ပေးတော့မည် မဟုတ်ကြောင်း ပြောဆိုလိုက်သည်။
21 Aug 2025

DMG ၊ ဩဂုတ် ၂၁
မြန်မာ့တိုင်းရင်းသားလက်နက်ကိုင်များအဖွဲ့ထဲ အင်အားကြီး 'ဝ' တပ်ဖွဲ့ (UWSA) အနေဖြင့် မည်သည့် လက်နက်ကိုင်တပ်ဖွဲ့ကိုမှ လက်နက်၊ ငွေကြေးစသည့် အကူအညီများ ပေးတော့မည် မဟုတ်ကြောင်း ပြောဆိုလိုက်သည်။
တအာင်းတပ် (TNLA)၊ ကိုးကန့်တပ် (MNDAA)၊ ရှမ်းတပ် (SSPP)နှင့် UWSA တို့ ၃ ဖွဲ့သည် 'ဝ' ဌာနချုပ် ပန်ဆန်းမြို့တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲကနေ စစ်ရေးဆုံးဖြတ်ချက်များ တရားဝင် ထုတ်ပြန်ကြေညာကြောင်း 'ဝ' သတင်းဌာန WSTV က ယမန်နေ့ (ဩဂုတ် ၂၀) တွင် ဖော်ပြသည်။
" မည်သည့်လက်နက်နှင့် ကိရိယာကိုမျှ ပံ့ပိုးပေးတော့မည် မဟုတ်။ စစ်ရေးအရ လွယ်ကူချောမွေ့စေရေး၊ မည်သည့် အကြောင်းပြချက်နှင့်မှ မည်သည့် နေရာ၊ အချိန်၌ဖြစ်စေ ငွေကြေးအကူအညီ ပေးမည်မဟုတ် " ဟု ' ဝ ' ပြည်နယ် ဗဟိုနိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီအဖွဲ့ဝင် ပြည်ပဆက်ဆံရေးဝန်ကြီး Zhao Guoan က ပြောဆိုလိုက်ခြင်းဖြစ်သည်။
ဆွေးနွေးပွဲကို အထက်ပါ တိုင်းရင်းသားအကြီးတန်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး 'ဝ' ဘက်က တရားဝင်စစ်ရေး ဆုံးဖြတ်ချက်များကို ကိုယ်စားလှယ်အဖွဲ့များအား ပြောဆိုခဲ့ခြင်းဖြစ်သည်။
" 'ဝ' က အခုလို ထုတ်ပြောလာတဲ့ ပုံကိုကြည့်ရင် တစ်ခုခု ဖိအားရှိပုံပေါ်တယ်။ 'ဝ' ဟာ တရုတ်နဲ့ နီးစပ်တဲ့ အဖွဲ့ဖြစ်တာကြောင့် တရုတ်ဖိအားပေးနေပုံ ခန့်မှန်းရမယ်။ အခုစစ်ကောင်စီဟာ ဆုံးရှုံနယ်တွေကို ပြန်တိုက်နေတာ တွေ့ရတယ်။ နောက်တစ်ချက်က စစ်ကောင်စီ အနိုင်ရဖို့ တရုတ်က ပံ့ပိုးနေတာ အများကြီးရှိတော့ တစ်ခါမှ ထုတ်မပြောတဲ့ ကိစ္စကို 'ဝ' တပ်ဖွဲ့က ထုတ်ပြောလာရတာလို့ ခန့်မှန်းနိုင်တယ် " ဟု စစ်ရေးစောင့်ကြည့်နေသူ ရှမ်းမြောက်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
အခြားတစ်ဖက်တွင်လည်း ရှမ်းပြည်နယ် စစ်ကောင်စီ ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် အဖွဲ့သည် ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်၊ ၇ ရက်တို့တွင် ဆန်းပိုင်းတွင် '၀' ဒေသနှင့် မိုင်းလားဒေသများသို့ သွားရောက်ခဲ့ပြီး '၀' အဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။
ယင်းခရီးစဉ်သည် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်နယ် စစ်ကောင်စီဝန်ကြီးချုပ်၏ ' ဝ' ဒေသသို့ ပထမဆုံးအကြိမ် သွားခဲ့ခြင်းဖြစ်သည်။
ယင်းကြောင့် '၀' သည် အခြေအနေနှင့် အချိန်အခါရ ယင်းသို့ တရားဝင်ထုတ်ပြောခြင်းလည်း ဖြစ်နိုင်ကြောင်း ရှမ်းမြောက်ဒေသခံတစ်ဦးက သုံးသပ်နေကြသည်။
" '၀' က နိုင်ငံအနှံ့က တော်လှန်ရေးတပ်တွေအားလုံးကို လက်နက်ထောက်ပံ့ပေးတယ်။ ရောင်းပေးတယ်ဆိုတဲ့ အမြင်က စစ်ကောင်စီမှာ ရှိနိုင်တယ်။ ဒါကြောင့် ဖိအားပေးတာလည်း ဖြစ်နိုင်သလို 'ဝ' အနေနဲ့ လိမ်မာပါးနပ်စွာ ကြေညာလိုက်တာလည်း ဖြစ်နိုင်တယ်။ တကယ်တမ်းကတော့ အခုတွေဆုံခဲ့တဲ့ ကိုးကန့်တို့၊ တအာင်းတို့ SSPP ရှမ်းတပ်တို့ဟာ FPNCC တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်။ ဆိုတော့ မဟာမိတ်တွေကို လွယ်လွယ်နဲ့ရော ဖြတ်လို့ရပါ့မလား စဉ်းစားရမယ် " ဟု နောက်ထပ် နိုင်ငံရေးလေ့လာနေသူ ရခိုင်လူငယ်တစ်ဦးက သုံးသပ်သည်။
အဆိုပါကိစ္စအပေါ် ကို (MNTJP/MNDAA)၊ တအာင်း (PSLF/TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့မှ ကိုယ်စားလှယ်များကလည်း နားလည်သဘောပေါက်ကြောင်း WSTV သတင်းတွင် ရေးသားသည်။
FPNCC တွင် ' ဝ ' ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA)၊ ကိုးကန့် (MNDAA)၊ အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေးတပ်မတော် မိုင်းလား (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ကချင်ပြည်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (TNLA)၊ အာရက္ခတပ်တော် (AA) တို့ ပါဝင်သည်။
ယင်းအဖွဲ့တွင် 'ဝ' သည် ခေါင်းဆောင်လည်းဖြစ်ပြီး FPNCC သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)တွင် လက်မှတ်ရေးထိုးထားခြင်းမရှိဘဲ NCA မဟုတ်သော အခြားနိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးရန် မူဝါဒချမှတ်ထားသည်။
၂၀၂၅ ဇူလိုင်လကုန် ဩဂုလဆန်းက စပြီး ဒုတိယစာမျက်နှာ စတင်ပြီဟု စစ်ခေါင်းဆောင် တပ်လှန့်သည်။ လက်ရှိတွင် စစ်ကောင်စီ၏ မြေပြင်ထိုးစစ်များကို ကချင်၊ ကရင်၊ ကရင်နီ၊ ရှမ်းမြောက်၊ ရှမ်းတောင်၊ ဧရာဝတီ၊ ပဲခူး၊ မကွေး စသည့် မြေပြန်နှင့် အညာဒေသတို့တွင် မြင်နေရသည်။
ယခုအခါ စစ်ကောင်စီတပ်သည် တော်လှန်ရေးအင်အားစု ထိန်းချုပ်၊ စိုးမိုးရာဒေသများကို တန်ပြန်ထိုးစစ်ဆင်နေပြီး ဇူလိုင်နှင့် ဩဂုတ်လအတွင်း မြို့ ၄ မြို့နှင့် စစ်ရေးအရ အရေးပါသော လမ်းပိုင်း တို့ကို သိမ်းပိုက်လာနိုင်သည်။
" ဘာဖြစ်ဖြစ် တော်လှန်ရေးတပ်တွေ စစ်ရေးအင်အားလျှော့နည်းသွားအောင် စစ်ကောင်စီက လုပ်တဲ့ ဗျူဟာလို့ ပြောရမှာပဲ။ ဖြစ်မယ်မဖြစ်တော့ စောင့်ကြည့်ရဦးမယ်။ ရွေးကောက်ပွဲနဲ့ ချိန်ကိုက်ပြီး စစ်ကောင်စီက 'ဝ' နဲ့ တော်လှန်ရေးတပ်တွေကို အတင်းအကျပ်ဖြစ်အောင် လုပ်တာလည်း ဖြစ်နိုင်တယ် " ဟုလည်း နောက်ထပ်နိုင်ငံရေးစောင့်ကြည့်နေသူတစ်ဦးက သုံးသပ်သည်။
လက်ရှိတွင် စစ်ကောင်စီသည် ရွေးကောက်ပွဲကျင်းပနိုင်ရေး အသန်းသန်ကြိုးပမ်းနေပြီး၊ မဲဆန္ဒနယ် ကြေညာခြင်း၊ လွှတ်တော်အမတ်လောင်းများ အမည်စာရင်းတင်သွင်းနိုင်ရေး၊ ရွေးကောက်ပွဲ လုံခြုံရေးစသည့် ကဏ္ဍတို့ကို အင်တိုက်အားလုပ်နေသည်။
ထို့အတူ 'ဝ' ဒေသသည် ကိုယ်ပိုင်၊ အုပ်ချုပ်မှုယန္တယားများဖြင့် စစ်ကောင်စီ ဩဇာလွှမ်းမိုးမှုမရှိသည့် တရုတ်နယ်စပ်က တိုင်းရင်းသားအဖွဲ့ထိန်းချုပ်သည့် နေရာလည်း ဖြစ်သည်။