- ရခိုင်ပြည် မြောက်ဖက်အစွန်ဖျားကို ခဏတာမျှ လှမ်းမျှော်ကြည့်ခြင်း
- အပူချိန်မြင့်တက်လာမှုကြောင့် ကျန်းမာရေး ဂရုစိုက်ရန် လိုအပ်လာ
- နျူကလီးယား ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရေးအတွက် မြန်မြန်ဆန်ဆန် ညှိနှိုင်းရန် ဗီယက်နမ်နှင့် ရုရှား သဘောတူ
- ကုလစာနာမှုစင်္ကြံ လက်တွေ့အလားအလာ
- စစ်တွေရှိ လူမနေသည့် နေအိမ်များကို စစ်ကောင်စီက ဖြိုဖျက်ရောင်းစားနေ
ရခိုင်တွင် မိုးဆက်ရွာမည်ဟု မိုးဇလပြော
နိုဝင်ဘာလ ၁၇ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်ကျော်တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းမှာ အားပျော့သွားပြီဖြစ်သော်လည်း မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်အတွင်း နေရာစိပ်စိပ် မိုးကြီးနိုင်သေးသည်ဟု မိုးဇလတာဝန်ရှိသူက ပြောသည်။
18 Nov 2023

DMG ၊ နိုဝင်ဘာ ၁၈
ရခိုင်ဒေသအတွင်း လာမည့် ၂ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြေရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူက DMG သတင်းဌာနကို ပြောသည်။
နိုဝင်ဘာလ ၁၇ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်ကျော်တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းမှာ အားပျော့သွားပြီဖြစ်သော်လည်း မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်အတွင်း နေရာစိပ်စိပ် မိုးကြီးနိုင်သေးသည်ဟု မိုးဇလတာဝန်ရှိသူက ပြောသည်။
မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက “မိုးက မုန်တိုင်းကြောင့်ရွာတဲ့မိုးဖြစ်လို့ နည်းနည်းတော့များမယ်။ ဒီရာသီက လေထုမငြိမ်သက်တာတွေလည်းရှိတော့ တစ်ရက်၊ နှစ်ရက်လောက်တော့ ရွာအုံးမယ်၊ နောက်ရက်တွေဆိုရင်တော့ နည်းနည်းတော့ ပါးသွားမယ်” ဟု ပြောသည်။
ရခိုင်တွင် မိုးဆက်တိုက်ရွာသွန်းနေသဖြင့် စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ရှောင်တိမ်းနေရသူတို့မှာ ပို၍ဒုက္ခရောက်နေကြသည်။ လတ်တလောတွင် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တော မြို့နယ်တို့မှ ဒေသခံများမှာ မိုးရေထဲတွင် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။
မိုးမိခြင်းကြောင့် အအေးပတ်၍ နေမကောင်းဖြစ်သူများ ရှိနေပြီး နိုဝင်ဘာလ ၁၆ ရက်ကလည်း မောင်တောမြို့နယ်၊ ဒုံးညိုကျေးရွာမှ အသက် ၇ လအရွယ် ကလေးငယ်တစ်ဦးမှာ တိုက်ပွဲရှောင်ရင်း အအေးမိ၍ သေဆုံးသွားခဲ့သည်။
လက်ရှိတွင် စားဝတ်နေရေးနှင့် အမိုးအကာမလုံခြုံမှုကို ကြုံနေရပြီး မိုးဆက်ရွာမည်ဆိုပါက ကျန်းမာရေးအတွက် စိုးရိမ်ရကြောင်း စစ်ဘေးရှောင်များက ပြောသည်။
“ဘာပစ္စည်းမှ မပါဘူး။ အသက်လုပြီး ပြေးလာရတဲ့လူတွေ များတယ်။ အဝတ်အစားတွေပါတဲ့လူ၊ ဆန်အနည်းငယ် ပါတဲ့လူတွေမှာလည်း မိုးမိသွားတာမို့ အခက်အခဲတွေ အများကြီးရှိနေတယ်” ဟု ပေါက်တောမြို့ပေါ်မှ စစ်ဘေးရှောင်နေရသူ အမျိုးသမီးတစ်ဦးက ပြောသည်။
DMG က လက်တလော ကောက်ယူရရှိထားသည့် စာရင်းများအရ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့မှ ဒေသခံ လေးသောင်းကျောင် စစ်ဘေးရှောင်နေရပြီး ၎င်းတို့မှာ စစ်ဘေးလွတ်ရာ ကျေးရွာများအတွင်းရှိ ဘုန်းကြီးကျောင်းများနှင့် ဆွေးမျိုးတော်စပ်သူများထံတွင် ဖြစ်သလို နေထိုင်နေကြရသည်။
#D005 #DMG