လေးမျက်နှာမြို့နယ်တွင် စစ်ကောင်စီ ထိုးစစ်ဆင်နေ

လက်ရှိ လေးမျက်နှာမြို့နယ်တွင် စစ်ကောင်စီက ကားလမ်း အရှေ့ဖက်ခြမ်းကို ထိန်းချုပ်ထားခြင်းဖြစ်ပြီး ပုသိမ်-မုံရွာကားလမ်း အနောက်ဖက်ခြမ်းကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားကြခြင်းဖြစ်သည်။

By Admin 31 Jul 2025

၂၀၁၈ ခုနှစ်က ဧရာဝတီမှာ စစ်ကောင်စီ၏ စစ်ရေးလေ့ကျင့်နေမှုအား တွေ့ရစဉ်။ ဓာတ်ပုံ- cincds
၂၀၁၈ ခုနှစ်က ဧရာဝတီမှာ စစ်ကောင်စီ၏ စစ်ရေးလေ့ကျင့်နေမှုအား တွေ့ရစဉ်။ ဓာတ်ပုံ- cincds

DMG ၊ ဇူလိုင် ၃၁

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် စစ်ကောင်စီသည် လူအင်အားများ ဖြည့်တင်းပြီး ထိုးစစ်ဆင်မှုများလုပ်နေသဖြင့် တိုက်ပွဲဖြစ်နေကြောင်း သိရသည်။

ဇူလိုင် ၁၅ ရက်က စပြီး လေးမျက်နှာမြို့နယ်သို့ လူအင်အား၊ လက်နက်အင်များ ဖြည့်တင်းနေခြင်းဖြစ်သည်။

ယင်းနောက် ဆီဆုံကုန်းမှာ အထိုင်ချကာ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ပုသိမ်-မုံရွာ ကားလမ်း နေရာများကို ပြန်လည်ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

" ရေကြောင်းကနေ ရောက်နေတဲ့ အင်အားတွေကို ဆီဆုံကုန်းမှာ အထိုင်ချပြီးတော့ စစ်ရေးလှုပ်ရှားမှု ပြုလုပ်နေတာ။ အခုလည်း သူတို့ ဆုံးရှုံးထားတဲ့ ပန်းတောကြီးဖက် ပုသိမ်-မုံရွာလမ်းပိုင်းကို ပြန်ထိန်းချုပ်‌ ချင်တာကြောင့် ထိုးစစ်ဆင်နေတာ။ ဒီပတ်ဝန်းကျင်းမှာ နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေဖြစ်ကြတာ။ နောက် စက်စက်ယိုတို့ စောပြာတို့ဖက်မှာလည်း ထိတွေ့တိုက်ပွဲတွေ ရှိတယ် " ဟု လေးမျက်နှာဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် ဆီဆုံကုန်းကျေးရွာတွင် ဗျူဟာအထိုင်ချခြင်းဖြစ်သည်။ ယခု အင်အားဖြည့်တင်းထားသည့် တပ်သားများတွင် ပြည်သူ့စစ်အများအပြားပါဝင်သည်ကို တွေ့ရကြောင်း ပြောဆိုကြသည်။

လက်ရှိ လေးမျက်နှာမြို့နယ်တွင် စစ်ကောင်စီက ကားလမ်း အရှေ့ဖက်ခြမ်းကို ထိန်းချုပ်ထားခြင်းဖြစ်ပြီး ပုသိမ်-မုံရွာကားလမ်း အနောက်ဖက်ခြမ်းကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားကြခြင်းဖြစ်သည်။

ယင်းအပြင် ဇူလိုင်လ ၂၉ ရက်ကလည်း လေးမျက်နှာမြို့နယ် စက်စက်ယိုကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် အိမ်အချို့ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောကြသည်။

လေးမျက်နှာမြို့နယ်အတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးလှုပ်ရှားလာခြင်းမှာ ရွေးကောက်ပွဲမတိုင်ခင် ပုသိမ်- မုံရွာ လမ်းကို စိုးမိုးလိုသည့် သဘောရှိကြောင်း ဒေသခံများက ပြောသည်။

နောက်ထပ်လေးမျက်နှာ ဒေသခံအမျိုးသားတစ်ဦးက " စစ်ကောင်စီက လေးမျက်နှာမှာ အင်အားဖြည့်တင်းပြီးတော့ စစ်ကြောင်းထိုး လုပ်လာတာဟာ ပုသိမ်- မုံရွာ ကားလမ်းမကို အပြည့်အဝ ထိန်းချုပ်ထားချင်တာ ဖြစ်တယ်။ ရွေးကောက်ပွဲအမီ လုံခြုံရေးအရ ဆောင်ရွက်နေတာလည်း ဖြစ်နိုင်တယ်။ အဓိက ရွေးကောက်ပွဲ ကျင်းပနိုင်အောင်ပေါ့ " ဟု ပြောသည်။

ဧရာဝတီတိုင်းတွင် အာရက္ခတပ်တော်နှင့် အမှတ်(၂၉)ဗျူဟာ(ဧရာဝတီ)တို့ ပူးပေါင်းပြီး စစ်ရေး ဖော်နေကြခြင်းဖြစ်သည်။

ဧရာဝတီတိုင်း လေးမျက်နှာ၊ ရေကြည်၊ အင်္ဂပူ၊ သာပေါင်းနှင့် ပုသိမ်မြို့နယ်တို့မှာ တိုက်ပွဲများရှိနေဖြစ်ပြီး စစ်ကောင်စီ၏ တပ်စခန်း ၁၀ ခုထက်နည်းကို AA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်။