ရခိုင်တွင် ယခုနှစ်အတွင်း တရားမဝင် သစ်တန်ချိန်ပေါင်း ၈၀၀ ကျော်အထိ ဖမ်းဆီးရမိ

ရခိုင်ပြည်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ တစ်နှစ်ခန့် အချိန်ကာလအတွင်း တရားမဝင် သစ်တန်ချိန် စုစုပေါင်း ၈၄၄ ဒသမ ၅၃၉၂ တန်အထိ ဖမ်းဆီးရမိခဲ့သည်ဟု ပြည်နယ် သစ်တောဦးစီးဌာန၏ စာရင်းများအရ သိရသည်။

By Admin 28 Dec 2022

ရခိုင်တွင် ယခုနှစ်အတွင်း တရားမဝင် သစ်တန်ချိန်ပေါင်း ၈၀၀ ကျော်အထိ ဖမ်းဆီးရမိ

ရခိုင်တွင် ဖမ်းဆီးရမိသည့် သစ်များအားတွေ့ရစဉ်။

DMG | ဒီဇင်ဘာ ၂၈

ရခိုင်ပြည်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ တစ်နှစ်ခန့် အချိန်ကာလအတွင်း တရားမဝင် သစ်တန်ချိန် စုစုပေါင်း ၈၄၄ ဒသမ ၅၃၉၂ တန်အထိ ဖမ်းဆီးရမိခဲ့သည်ဟု ပြည်နယ် သစ်တောဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ထိုသို့ ဖမ်းဆီးရမိသည့် သစ်များမှာ သံတွဲခရိုတွင် ၅၁၄ ဒသမ ၃၇၂၂ တန်၊ မောင်တောခရိုင်တွင် ၁၀၅ ဒသမ ၇၀၈၂ တန်၊ စစ်တွေခရိုင်တွင် ၁၈၄ ဒသမ ၃၆၀၂ တန်၊ ကျောက်ဖြူခရိုင်တွင် ၃၉ ဒသမ ၉၁၈၆ တန်တို့ဖြစ်သည်။

ပြည်နယ်သစ်တောဦးစီးဌာန၏ စာရင်းအရ လက်ရှိ ဖမ်းဆီးရမိသည့်အထဲတွင် သံတွဲခရိုင်အတွင်းမှာ သစ်ခိုးထုတ်မှု အများဆုံးတွေ့ရသည်ဟု ရခိုင်ပြည်နယ် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဇော်အောင်က DMG သို့ ပြောသည်။

“ အဲဒီဖက်မှာ ဘာဖြစ်လို့များတယ်ဆိုတော့ တရားမဝင်သစ်တွေ ဝင်လာနိုင်တဲ့ လမ်းကြောင်းတွေပိုများတယ်။ သစ်အများဆုံး လာတာကတော့ ပဲခူးဘက်ခြမ်းက လာတာတွေရှိတယ်။ မကွေးဘက်က လာတာတို့ ပိုများတယ်။ ကျနော်တို့ ရခိုင်ဒေသမှာလည်း သစ်ထွက်တဲ့ နေရာတွေရှိတယ်။ တချို့ဆိုရင် ဒေသသုံးဖို့အတွက် ခုတ်ကြတယ်။ တချို့ကျရင်လည်း လောဘတက်ပြီးတော့ သစ်ခိုးထုတ် တာတွေရှိတယ် ” ဟု ဦးဇော်ဇော်အောင်က ပြောသည်။

ထိုသို့ တရားမဝင် သစ်ခိုးထုတ်သူများကို သစ်တော ဥပဒေပုဒ်မ ၄၁(က)၊ ၄၂(က)တို့ဖြင့် သက်ဆိုင်ရာ ရဲစခန်းများတွင် အရေးယူဆောင်ရွက်လျက်ရှိပြီး ယခုနှစ်အတွင်း တရားမဝင် သစ်ခိုးမှု အမှုပေါင်း ၁၁၂ မှု ရှိကြောင်းလည်း ပြည်နယ်သစ်တော ဦးစီးဌာန၏ စာရင်းအရ သိရသည်။

ထိုသို့ ရခိုင်ပြည်အတွင်း သစ်ခိုးထုတ်ယူမှုများကြောင့် သစ်တောပြုန်းတီးခြင်းများဖြစ်ပေါ်နေပြီး အဆိုပါ ကိစ္စများကို ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်သင့်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်သူများက ထောက်ပြပြောဆိုကြသည်။

အမ်းမြို့နယ်တွင် ကိုယ်ထူကိုယ်ထ သစ်ပင်များစိုက်ပျိုးနေသူ ကိုမျိုးလွင်က “ အဓိကတော့ သစ်ပင်တွေ မပြုန်းတီးဖို့အတွက် အစိုးရအနေနဲ့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သင့်တယ်။ အခုက သစ်တော ဥပဒေပြဌာန်းထားပြီးတော့ ထိထိရောက်ရောက် အရေးယူတာတွေ မတွေ့ရဘူး။ အဲဒီလို အရေးယူတာတွေ မရှိတဲ့အတွက် ရခိုင်ရိုးမတောင်တန်းက သစ်တောတွေ ပြုန်းတီးလာတာဖြစ်တယ် ” ဟု ပြောသည်။

ရခိုင်ပြည်တွင် ၂၀၂၀ ခုနှစ် အောက်တိုဘာလမှ ၂၀၂၁ ခုနှစ် သြဂုတ်လအထိ (၁၁)လတာအတွင်း တရားမဝင် သစ်တန်ချိန်ပေါင်း ၅၁၈၁ ဒသမ ၅၀၉၁ တန်အထိ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်နယ်သစ်တော ဦးစီးဌာန၏ စာရင်းအရ သိရသည်။

ထို့အပြင် ရခိုင်တွင် ဖမ်းဆီးရမိသည့် သစ်အမျိုးအစားမှာ ကျွန်း၊ ပျဉ်းကတိုးနှင့် အခြားသောသစ်များဖြစ်ကြောင်း ပြည်နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ စစ်တမ်းများအရ အိမ်နီးရှင်းနိုင်ငံများတွင် သစ်တောဖုံးလွှမ်းမှုဧရိယများ တိုးလာနေသော်လည်း မြန်မာနိုင်ငံတွင် ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းမှ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းအထိ လျှော့ကျသွားခဲ့ ကြောင်းလည်း သစ်တောမှတ်တမ်းများအရ သိရသည်။

ဗီဒီယိုများ