စစ်အုပ်စုရဲ့ ထုတ်သုံးနေကျ လှည့်ကွက်ဟောင်း

AA ထိုးစစ်တွေကြောင့် တကယ်လို့ ရခိုင်ပြည်ကနေ အပြီးတိုင်ထွက်ခွာရမယ်ဆိုရင်လည်း လူမျိုးရေးပြဿနာတွေကို ချန်ထားခဲ့မယ်ဆိုတဲ့ စစ်အုပ်စုရဲ့ရည်ရွယ်ချက်ကို တွေ့နေရပါတယ်။

By Admin 21 May 2024

စစ်အုပ်စုရဲ့ ထုတ်သုံးနေကျ လှည့်ကွက်ဟောင်း

မြန်မာစစ်အုပ်စုဟာ သူတို့ရဲ့အာဏာနဲ့ အကျိုးစီးပွားကို ရေရှည်ထိန်းချုပ်နိုင်ရေးအတွက် နည်းလမ်းအမျိုးမျိုးကို ခေတ်အဆက်ဆက်မှာ ကျင့်သုံးလေ့ရှိပါတယ်။ လူမျိုး၊ ဘာသာ မတူကွဲပြားမှုတွေကို လိုသလိုအသုံးချပြီး ပဋိပက္ခကို ဦးတည်‌စေတာဟာ စစ်အုပ်စုရဲ့ လှည့်ကွက်ဟောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။

တိုင်းရင်းသားဒေသတွေမှာ မတည်ငြိမ်မှုတွေဖြစ်အောင် လူမျိုး၊ ဘာသာရေး ဝါဒမှိုင်းတိုက်ပေးတာ၊ တိုင်းရင်းသား ခေါင်းဆောင်တွေကို မက်လုံးပေးစည်းရုံးတာနဲ့ အချိုသပ်ပေါင်းတာ၊ EAO အဖွဲ့အချင်းချင်းကြား၊ EAO တွေနဲ့ ဒေသခံတွေကြား သွေးကွဲအောင် စစ်အုပ်စုက နိုင်ငံရေးအောက်လုံးတွေကို နည်းမျိုးစုံ ထုတ်သုံးခဲ့တာ တွေ့နိုင်ပါတယ်။

လက်ရှိ စစ်အာဏာသိမ်း ၃ နှစ်ကျော်အတွင်း မြို့ပေါင်း ၅၀ ကျော်ထိ လက်လွှတ်ဆုံးရှုံးထားရပြီး ဘက်ပေါင်းစုံက တော်လှန်တိုက်ခိုက်မှုတွေကြောင့် အကြပ်ရိုက်လာချိန်မှာ စစ်အုပ်စုဟာ သူတို့ရဲ့လှည့်ကွက်ဟောင်းကို ပြန်ပြီး ထုတ်သုံးလာနေပါတယ်။

ကွဲပြားသောလူမျိုးစုတွေ၊ ဘာသာမတူတဲ့ အစုအဖွဲ့တွေကြားမှာ ပဋိပက္ခဖြစ်စေနိုင်မယ့် လှုံ့ဆော်မှုတွေကို စစ်အုပ်စုထောက်ခံသူတွေက လူမှုကွန်ယက်တွေပေါ်မှာ စနစ်တကျနဲ့ ဝါဒဖြန့်ရေးသားလျက်ရှိပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအင်အားစုတွေ အင်အားကြီးထွားလာတဲ့နေရာတွေမှာ စစ်အုပ်စုက လူမျိုးရေး၊ ဘာသာရေးကွဲပြားမှုတွေကို ပဋိပက္ခဘက် မြှားဦးလှည့်စေပြီးတော့ စစ်အာဏာရှင်တော်လှန်ရေးကို တစ်ဖက်လှည့်နဲ့ထိန်းညှိနိုင်ဖို့ ရည်ရွယ်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

စစ်အာဏာရှင်တော်လှန်ရေး အင်အားကြီးထွားလာတဲ့ စစ်ကိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ ရှမ်းနီလူမျိုးစုများအကြား ကွဲပြားမှုကိုအသုံးချနိုင်ဖို့ စစ်အုပ်စုက ကြိုးပမ်းလျက်ရှိပါတယ်။ အလားတူပဲ ကရင်နီတော်လှန်ရေးအင်အားစုတွေကို ထိန်းချုပ်နိုင်ရေးအတွက် နယ်မြေချင်းထိစပ်နေတဲ့ ကရင်နီ-ပအိုဝ်းအကြား လူမျိုးရေး၊ ဘာသာရေးအရ သွေးခွဲဖို့ ကြိုးပမ်းလာနေတာကိုလည်း တွေ့မြင်ရပါတယ်။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရခိုင်ဒေသမှာလည်း စစ်အုပ်စုဟာ နယ်မြေတွေကို တစ်ဖြည်းဖြည်းနဲ့ လက်လွှတ်ဆုံးရှုံးနေရပါတယ်။ ဒါ့ကြောင့် လူမျိုး၊ ဘာသာ မတူကွဲပြားမှုကြောင့် အရင်ကတည်းက အဖုအထစ်တွေ ရှိခဲ့ကြတဲ့ ရခိုင်နဲ့ မွတ်ဆလင်ကြားမှာ ပဋိပက္ခတွေ ပြန်လည်ဦးတည်လာစေဖို့ စစ်အုပ်စုက စနစ်တကျနဲ့ လုပ်ဆောင်လာနေပါတယ်။

စစ်ကောင်စီ ထိန်းချုပ်ထားဆဲမြို့နယ်တွေက မွတ်ဆလင်တွေကို AA အလိုမရှိကြောင်း ဆန္ဒပြခိုင်းတာ၊ ဘူးသီးတောင်မှာ ARSA, ARA အဖွဲ့တွေနဲ့ စစ်သင်တန်းပေးထားတဲ့ မွတ်ဆလင်တွေက ရခိုင်အိမ်တွေကိုရွေးပြီး မီးရှို့ဖျက်စီးခိုင်းတာတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာ တွေ့မြင်နိုင်ပါတယ်။

ပလက်ဝမြို့နယ်ကို လက်လွှတ်ဆုံးရှုံးပြီးနောက်မှာလည်း AA နဲ့ ချင်းလူမျိုးတွေကြားမှာ လူမျိုးရေးပဋိပက္ခကို ဦးတည်စေတဲ့ ဝါဒဖြန့်မှုတွေကို စစ်အုပ်စုက လုပ်ဆောင်ခဲ့ပါတယ်။ သူတို့မအုပ်ချုပ်ရင် ဖွံ့ဖြိုးတိုးတက်မှုတွေ နောက်ကျမယ်၊ ပဋိပက္ခတွေဖြစ်မယ်ဆိုတဲ့ အကွက်မျိုးကိုရောက်အောင် လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

စစ်အုပ်စုဟာ ပျူစောထီးတွေ၊ ပြည်သူ့စစ်တွေကို လက်နက်တပ်ဆင်ပေးပြီးတော့ တော်လှန်ရေးအင်အားစုတွေကို တန်ပြန်တိုက်ခိုက်စေပါတယ်။ ရခိုင်မှာလည်း အာရက္ခတပ်တော်ကို တိုက်ခိုက်ဖို့နဲ့ လူမျိုးရေးပဋိပက္ခတွေကို ဦးတည်သွားစေဖို့ မွတ်ဆလင်လက်နက်ကိုင်တွေနဲ့ သင်တန်းပေးထားတဲ့ မွတ်ဆလင်တွေကို စစ်ကောင်စီက အသုံးချပြီးတော့ ပျူစောထီးအဖွဲ့အဖြစ် မွေးမြူနေပါတယ်။

စစ်ကောင်စီဟာ စစ်ရေးဆိုင်ရာဥပဒေတွေကို ချိုးဖောက်ပြီးတော့ အရပ်သားနဲ့လက်နက်ကိုင် ခွဲခြားမှုမရှိဘဲ လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းပစ်ခတ်တာတွေကို မဆင်မခြင် လုပ်ဆောင်နေပါတယ်။ ကလေးငယ်တွေ၊ အမျိုးသမီးတွေအပါအဝင် ထိခိုက်သေဆုံးသူတွေအတွက် တာဝန်ယူမှုမရှိတဲ့အပြင် ဒေသခံအရပ်သားတွေ အားလုံးကို လက်နက်ကိုင်တွေနဲ့ နီးစပ်သူတွေအဖြစ် စစ်အုပ်စုက သတ်မှတ်ထားတာပါ။

အခြားတစ်ဖက်မှာလည်း အာရက္ခတပ်တော်(AA)ရဲ့ တော်လှန်ရေးကြောင့် ရခိုင်ပြည်အတွင်းက ရခိုင်မဟုတ်တဲ့ အခြားလူမျိုးတွေလည်း ဒုက္ခရောက်ရပါတယ်ဆိုတဲ့ အယူအဆကို စစ်အုပ်စုက ရိုက်သွင်းနေတာပါ။

“ယာလည်းညက်စေ ကြက်လည်းပန်းစေ” ဆိုတဲ့ စကားပုံအတိုင်း ရခိုင်မှာ လူမျိုးရေးပဋိပက္ခတွေ ဖြစ်လာခဲ့ရင် လူမျိုးနှစ်မျိုးအကြား စည်းလုံးမှုပျက်ပြားပြီးတော့ နှစ်ဖက်လုံးက အထိနာလာတဲ့အခါ စစ်ရေးအသာစီးရအောင် ပြန်လုပ်မယ်ဆိုတဲ့ စစ်ကောင်စီရဲ့အကြံကို တွေ့မြင်နိုင်ပါတယ်။ 

တကယ်လို့ ရခိုင်ပြည်ကနေ အပြီးတိုင်ထွက်ခွာရမယ်ဆိုရင်လည်း လူမျိုးရေးပြဿနာတွေကို ချန်ထားခဲ့မယ်ဆိုတဲ့ စစ်အုပ်စုရဲ့ရည်ရွယ်ချက်ကို တွေ့နေရပါတယ်။ ဒါကြောင့် စစ်ကောင်စီကို ရခိုင်မြေက အပြီးတိုင်တိုက်ထုတ်နေတဲ့ တော်လှန်ရေးကာလမှာ စစ်အုပ်စုရဲ့ဝါဒဖြန့်မှုတွေ၊ လှည့်ကွက်တွေကို အထူးသတိထားပြီး စောင့်ကြည့်ကြဖို့ လိုအပ်ပါတယ်။ 

ဗီဒီယိုများ