ရာသီဥတုပြောင်းလဲမှုဒဏ်ကြောင့် ပန်းစိုက်တောင်သူများ အရှုံးပေါ်

ရာသီဥတုပြောင်းလဲမှုကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း၊ စိုက်ပျိုးထားသည့်ပန်းပင်များပျက်စီးခြင်းနှင့် ပွင့်လာသည့်ပန်းပွင့်များလည်း ဈေးကောင်းမရရှိခြင်းတို့ကြောင့် ရခိုင်က ရာသီအလိုက်ပန်းစိုက်ပျိုးသူများမှာ ယခုနှစ်တွင် အရှုံးပေါ်နေရကြောင်းပြောသည်။

By Admin 07 Dec 2022

ရာသီဥတုပြောင်းလဲမှုဒဏ်ကြောင့် ပန်းစိုက်တောင်သူများ အရှုံးပေါ်

စစ်တွေမြို့နယ်မှ ပန်းစိုက်ခင်းတစ်ခုကို တွေ့ရစဉ်။

DMG ၊ ဒီဇင်ဘာ ၇

ရာသီဥတုပြောင်းလဲမှုကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း၊ စိုက်ပျိုးထားသည့်ပန်းပင်များပျက်စီးခြင်းနှင့် ပွင့်လာသည့်ပန်းပွင့်များလည်း ဈေးကောင်းမရရှိခြင်းတို့ကြောင့် ရခိုင်က ရာသီအလိုက်ပန်းစိုက်ပျိုးသူများမှာ ယခုနှစ်တွင် အရှုံးပေါ်နေရကြောင်းပြောသည်။

ရခိုင်တွင် ဆောင်းရာသီ၌ စံပယ်ဖြူ၊ ရွှေဝါဝင်း၊ ကျောက်စိမ်း၊ မေမြို့ပန်း၊ ကြယ်ပန်း၊ ဂန္ဓာမာပန်း စသည့်ပန်းများကို အဓိကစိုက်ပျိုးနေကြခြင်းဖြစ်သည်။

ယခုနှစ်တွင် ရာသီဥတုဒဏ်ကြောင့် ပွင့်လာသည့်ပန်းများမှာ အားမကောင်းသည့်အတွက် ရောင်းချသည့်အခါ ဖောက်သည်များအယူနည်းလာခြင်း၊ လမ်းခရီးကန့်သတ်ချက်များကြောင့် တခြားမြို့နယ်များသို့ ဖြန့်ဖြူးရောင်းချမှု မလုပ်ဆောင်နိုင်ခဲ့ဟု ရာသီအလိုက် ပန်းစိုက်ပျိုးသူတစ်ဦးကပြောသည်။

“အရမ်းပူပြင်းတာကြောင့် အရွက်တွေ ကြွေသွားတယ်။ ပန်းပင်တွေ စိုက်ပျိုးတဲ့အခါ မြေနဲ့လည်းအရမ်းဆိုင်တယ်။ မြေကြီးတွေ ခြောက်နေတာကြောင့် အပင်တွေမလှဘူး။ အာနိသင်တွေလည်း နည်းသွားတယ်။ နေပူပြင်းတာကြောင့် ရွက်ခြောက်တွေ ဖြစ်သွားတယ်။ အဲဒီအထဲမှာ မိုးရွာချလိုက်တော့ ပိုပြီးတော့ အခက်အခဲဖြစ်သွားတယ်။ ကုန်ကျမှုတွေ ပိုများသွားတယ်။ ပန်းပွင့်တွေဆိုရင်လည်း မလှဘူး။ ဈေးကွက်မမီဘူးဖြစ်သွားပါတယ်။ နေပူပြင်းတဲ့အတွက် သေသွားတာတွေလည်း ရှိပါတယ်”ဟု စစ်တွေမြို့မှ ပန်းစိုက်ပျိုးသူ ဦးမောင်အေးသိန်းကပြောသည်။

ရခိုင်ရှိ ပန်းစိုက်ပျိုးသူများမှာ စက်မှုနည်းပညာများမပါဘဲ မိမိလုပ်အားစိုက်ကာ စိုက်ပျိုးကြရခြင်းကြောင့် ပြည်မဘက်မှထွက်ရှိသည့် ပန်းများကဲ့သို့ အရည်အသွေးမကောင်းဖြစ်ရသည်ဟုလည်း ပန်းစိုက်ပျိုးသူများကဆိုသည်။

ယင်းကြောင့် ပြည်မဘက်မှတင်သွင်းသည့်ပန်းများမှာ ပန်းဈေးကွက်တွင် အဓိကရောင်းချနေရသည်ဟု စစ်တွေမြို့မဈေးကြီးတွင် ပန်းရောင်းချနေသည့် အမျိုးသမီးတစ်ဦးကပြောသည်။

“ဒီမှာက ပန်းစိုက်ပျိုးတဲ့သူတွေလည်း နည်းတယ်။ ထွက်လာတဲ့ ပန်းပွင့်တွေလည်း ပြည်မဘက်ကလာတဲ့ ပန်းတွေလောက် မလှဘူး။ ရခိုင်ပြည်က စိုက်ပျိုးတဲ့သူတွေက ပြည်မဘက်မှာလုပ်တဲ့သူတွေလောက် မကျွမ်းဘူးပေါ့နော်။ အဲဒါကြောင့် ပန်းပွင့်တွေလည်း မလှဘူး။ ပန်းပွင့်လှတာက ပြည်မဘက်ကလာတဲ့ ပန်းတွေကလှတယ်။ ဝယ်တဲ့သူတွေကလည်း ပန်းပွင့်လှမှ ဝယ်ကြတာလေ”ဟု ပန်းရောင်းချနေသည့် ဒေါ်မမြဝင်းကဆိုသည်။

သို့သော် ပြည်မဘက်မှ ပန်းများကိုဝယ်ယူရောင်းချရာတွင်လည်း လမ်းခရီးကြန့်ကြာမှုကြောင့် ပန်းပျက်စီးဆုံးရှုံးမှုများကို မကြာခဏကြုံတွေ့ရကြောင်း သိရသည်။ ထို့ပြင် သယ်ယူစရိတ်ကြီးမားခြင်းကြောင့် ပုံမှန်ရောင်းချနေသည့်ဈေးထက် ဈေးတင်ရောင်းချနေရကြောင်းလည်း ပန်းရောင်းချနေသူများကပြောသည်။

“အခုလက်ရှိမှာ ပန်းက ရောင်းလို့မကုန်တဲ့အနေထားကတော့ နည်းနည်းကြုံတွေ့နေရပြီ။ ကျနော်တို့ စိုက်ပျိုးထားတဲ့ ပန်းတွေကို ယူပြီးရောင်းချတဲ့ ဖောက်သည်တွေနည်းပါးလာတယ်။ နောက်တစ်ခုက ပန်းကလည်း ထင်သလောက်မထွက်ဘူး။ ကျန်ခဲ့တွေ ပန်းတွေကလည်း အလေအလွင့်ဖြစ်သွားတာပေါ့”ဟု စစ်တွေမြို့မှ ပန်းစိုက်ပျိုးသူ ဦးကိုနိုင်ဦးကပြောသည်။

ပန်းစိုက်ပျိုးသူများမှာ မြေဩဇာဈေးနှုန်းမြင့်တက်ခြင်း၊ ပိုးသတ်ဆေးဈေးနှုန်း မြင့်တက်ခြင်းတို့ကြောင့် ယခင်နှစ်များထက် အမြတ်ငွေရရှိမှုနည်းပါးကာ တွက်ခြေမကိုက်ဖြစ်နေရကြောင်း သိရသည်။ ယင်းသို့သော အခြေအနေများကြောင့် ယခုနှစ်တွင် ပန်းစိုက်ပျိုးသူမှာ ယခင်နှစ်ထက်နည်းပါးလာနေကြောင်း ပန်းစိုက်ပျိုးသူများထံမှ သိရသည်။

ဗီဒီယိုများ